အွန်လိုင်းမှ ဈေးဝယ်သူများ

ဆောင်းပါး သရုပ်ဖေါ် © ကို​သိန်း​လှိုင်​ (လှိုင်း​ဘွဲ)

အမေရိကားမှာ အင်တာနက်နဲ့ ရှော(ခ်)ပင်း ထွက်ရတာ အရမ်း အဆင်ပြေတယ် ဆိုလို့ အတွေ့အကြံုလေး

တခုလောက် တင်ပြပါရစေ၊ တခါက အမေရိကန်ရဲ့ နာမည်မကြီး တကြီး တက္ကသိုလ် တခုမှာ စီးပွားရေး လုပ်ငန်း သင်ခန်းစာ သင်ကြားနေစဉ် ဆရာမက ကျောင်းသားတွေကို အွန်လိုင်း ရှော(ခ်)ပင်း လုပ်တဲ့သူ ဘယ်နှစ်ယောက် အတန်းထဲမှာ ရှိလဲလို့ မေးလိုက်ပါတယ်။

မေးသမျှ လက်ထောင်ပြီး သူများထက်ဦး အောင်ဖြေတတ်တဲ့ မောင်ဖြူက လွဲလို့ တတန်းလုံး တယောက်မှမလှုပ်၊ မောင်ဖြူ တစ်ယောက်ကလည်း အတန်းထဲမှာ in class participation point ၁၀ ပွိုင့် ရလည်း မနည်းဘူး ဆိုပြီး တက်ကြွနေပုံ ရပါတယ်၊ တရာသီ ကုန်ရင် စုစုပေါင်း ၂၂၀ လောက် အများဆုံး ရနိုင်တာကိုး..၊ အတန်းထဲက ကျောင်းသားတွေထဲမှာ ရေတပ်မှာ ၂၁ နှစ် စစ်မှုထမ်းခဲ့ပြီး ကိုယ်ပိုင် စီးပွားရေးလုပ်နေသူ၊ နာမည်ကြီး ဘဏ်တခုမှာ မန်နေဂျာ လုပ်နေသူ ကနေ ဆံပင်ညှပ် ဆရာကနေ လက်ရှိ အလုပ်လက်မဲ့ အထိ အမျိုးမျိုး ပါဝင်ပါတယ်၊ စုစုပေါင်း ၂၁ ယောက်၊ ဘာဖြစ်လို့လည်းလို့ တယောက်စီ မေးကြည့်တော့ လုံခြံု စိတ်ချရမှု၊ သယ်ယူ ပို့ဆောင်ချိန် ကြန့်ကြာမှု၊ ပစ္စည်းမှာ အပြစ်အနာ ပါလာရင် ပြန်ပို့ ပြန်လဲရမှာ စိတ်ပျက်လို့၊ မိမိကိုယ်ရေး အချက်အလက် တွေကို အွန်လိုင်းမှာ မဖော်ပြချင်လို့ စတဲ့ အချက်တွေကြောင့်ပါတဲ့။

ဒါဆို ဘယ်လိုပုံစံမျိုး ဈေးဝယ်တာ ကြိုက်သလဲ ဆိုတော့.. ဆိုင်မှာ ကိုယ်တိုင် မျက်မြင်ကြည့်ပြီး လူချင်းတွေ့ စကားပြောပြီး ဝယ်ရတာကို အများစုက ကြိုက်ပါတယ်တဲ့၊ ပိုက်ဆံပေးတဲ့ အခါမှာလည်း လူချင်းတွေ့ပြီး ခရက်ဒစ် ကဒ်( Credit Card )၊ ဒက်ဘစ်ကဒ် ( Debit Card )တွေကို ရှေ့မှာ ကိုယ်တိုင် ခြစ်သုံးရတာ စိတ်ရှင်းတယ်လို့ ဆိုပါတယ်၊ ပေးမန့်ဘေလ် ( Payment Bill )တွေ ပေးတဲ့အခါမှာ လည်း ချက်(Check)နဲ့ ပေးတာ များတယ်လို့ ဆိုကြပြန်ပါတယ်၊ ဒါမှမဟုတ် ဖုန်းဆက်ပြီး ပေးစရာ ရှိတာပေးတယ်လို့ ဆိုကြပါတယ်။ လူတိုင်းကတော့ အွန်လိုင်းမှာ ဝယ်ချင်တဲ့ ပစ္စည်းနဲ့ ရနိုင်မယ့်နေရာ ရှာကြပါတယ်တဲ့ ပြီးတော့ လူကိုယ်တိုင် သွားဝယ် လိုက်ကြပါတယ်တဲ့၊ အကယ်လို့ မရှိမဖြစ် အရေးကြီး အသုံးလိုပြီး အွန်လိုင်းမှာဘဲ ဝယ်လို့ရမယ် ဆိုရင်တော့ တခါတလေ ဝယ်ပါတယ်တဲ့။

ရော..ခက်ပြီ၊ ဒီလောက် တိုးတက်တဲ့ ခေတ်ကြီးမှာ တိုးတက်တဲ့ အမေရိကန် နိုင်ငံမှာ နေပြီး ဘာလို့ ဒီလိုလုပ်ရတာလည်း..၊ ဆရာမ ပုံကြည့်ရတာ အတော်စိတ်ပျက် သွားပုံရပါတယ်၊ ဘယ်လိုလူတွေ ပါလိမ့်..၊ လူပိန်းတွေ..၊ ဆရာမက သုတေသန လုပ်ထားတဲ့ စာစောင်တွေကို ကိုးကားပြီး ရှင်းပြပါတယ်၊ စာတိုက်ကနေ ချက်(Check)တစောင် ပို့လိုက်တာဟာ အွန်းလိုင်းမှာ ခရက်ဒစ်ကဒ် နဲ့ဈေးဝယ်တာထက ပိုပြီး အန္တရာယ် များပါတယ်တဲ့၊ အကြောင်း အမျိုးမျိုးကြောင့် ချက်(Check) ပျောက်သွား နိုင်တယ်.. သူများက ချက်နံပါတ်ကို ရယူ သွားနိုင်တယ်လို့ ဆိုပါတယ်၊ ဖုန်းနဲ့ ပိုက်ဆံ ပေးတော့လည်း ဘာထူးလည်း ကိုယ့်ရဲ့ အချက်အလက်တွေကို ပြောပြရတာဘဲ အဲ့ဒီအချိန်မှာ တဖက်က လူက ကွန်ပျူတာထဲကို အကုန်ရိုက်ထည့် ရတာဘဲကိုး။

နောက်ပြီး ဆရာမက မေးသေးတယ် အီးဘေး (E-Bay)မှာ ဝယ်ရောင်း လုပ်တဲ့သူ ဘယ် နှစ်ယောက်ရှိလည်း ဆိုတော့ နှစ်ယောက်ကဘဲ တခါတလေ လုပ်ပါတယ်တဲ့၊ ကျန်တဲ့ ၁၀ယောက် လောက်ကတော့ တခါနှစ်ခါလောက်ဘဲ လုပ်ဘူးပြီး၊ ကျန်တဲ့သူတွေ ကတော့ ဝင်ကြည့် ရုံလောက်ပါဘဲတဲ့၊ အမေရိကားမှာ လူ ခုနှစ်သိန်းခွဲ ကျော်ကျော်လောက် အီးဘေး (E-Bay)ကို အဓိက ဝင်ငွေ၊ ဒါမှမဟုတ် ဒုတိယ ဝင်ငွေ ရှာတဲ့နေရာ အဖြစ် သုံးနေကြတယ် ဆိုဘဲ၊ လူဦးရေ တသန်းခွဲ လောက်ကတော့ ပုံမှန် သုံးကြပါတယ်တဲ့၊ အဲ့ဒါ ဘယ်တုန်းက သုတေသန လုပ်ထားတာ လည်းတော့ မသိပါဘူး၊ အခု နောက်ပိုင်းမှာ ပိုသုံးကြမယ် ထင်ပါတယ် အလုပ်မရှိတိုင်း တွေ့ရာ ပစ္စည်းတွေ ရှောက်ကောက်ပြီး အီးဘေး(E-Bay)မှာ တင်ရောင်း နေကြမှာကိုး..၊ မနှစ်က UNC တက္ကသိုလ် ဘတ်စကတ်ဘော အသင်း နေရှင်နယ် ချန်ပီယံ ဖြစ်တော့ နောက်နေ့မနက် အစောကြီးထွက်တဲ့ အလကားဖြန့်တဲ့ တာဟီး သတင်းစာတွေ တစောင်မှ ရှာမရဘဲ ပျောက်ကုန်တယ်၊ အဲ့ဒီ သတင်းစာကို လူတိုင်းဖတ်ချင် သိမ်းထားချင်ကြတာကိုးဗျ..၊ ဆရာသမား စီးပွားရေး အကွက်မြင်တဲ့ ချာတိတ်တွေက အကုန်လိုက်သိမ်းပြီး အီးဘေး တို့ ခရက်လစ် (Craigslist)တို့မှာ ပြန်တင် ရောင်းနေကြတာ..လေ။

ဒီတော ့မောင်မဲက ထပြောတယ် ဒါဆိုဘာလို့ ကုမ္မဏီတွေ အစိုးရဌာနတွေက စာတိုက်ကနေ အရေးကြီး စာရွက်စာတန်းတွေ ပို့ရတာလည်းတဲ့..၊ ဥပမာ အိုင်ဒီကဒ် ( Identification Card )လို့ ဆိုတော့ ဆရာမက ဘာ အိုင်ဒီလည်းတဲ့၊ ဒရိုင်ဘာ လိုင်စင်လေဗျာ ဆိုတော့..ဟုတ်လား ဘာလားနဲ့ ဆရာမ ရှောချသွားတယ်၊ ငါလည်း ငါ့ပတ်စပို့တ် သက်တန်းတိုးတော့ စာတိုက်ကနေဘဲ လုပ်ရတာ သိပ်ကြာတယ် ဘာညာနဲ့ ရှောချသွားတယ်၊တိုတို ပြောရရင်တော့ သီအိုရီနဲ့ လက်တွေ့ တခါတလေ မကိုက်တာတွေက အများကြီး၊ စဉ်းစားစရာ တခြားအချက်တွေ ကိုးကားစရာ တခြား သီအိုရီတွေက တပုံကြီးကိုး..၊ အင်တာနက်မှာ လုံခြံုရေးကို ဘယ်လောက် တာဝန်ယူနိုင် မလည်း၊ သူများ ကိုယ်ရေး အချက်အလက်တွေကို ခိုးပြီး မသမာတာတွေ လုပ်နေကြတာ တပုံကြီး၊ တလောကဘဲ ဖလော်ရီဒါဖက်က လက်လီဆိုင်တွေရဲ့ ခရက်ဒစ်ကဒ် စံနစ်တွေကို ဝင်ပြီးခိုးတဲ့ ကွန်ပျူတာ ဆရာတောင် ထောင်ချလိုက်ပြီ ဆိုဘဲ၊ နောက်ပြီး အီးဘေး(E-Bay)ကနေ လက်ကိုင်ဖုန်း ဝယ်တော့ ဟိုတဖက်က ပိုက်ဆံယူလိုက်ပြီး ဖုန်းဓာတ်ပုံကော်ပီ ကူးထားတဲ့ စာရွက်နှစ်ရွက်ဘဲ ပို့လိုက်လို့ တရားရုံးမှာ ရှင်းရတာ တွေ့လိုက်ဖူးတယ် (အဲဒီလို တရားခွင်တွေ တီဗွီမှာ ကြည့်ဖူးကြမှာ ပေါ့)၊ ဇါတ်လမ်းတွေက လူတိုင်း သိပြီးသားမို့ ထားလိုက်ပါတော့..၊ တချို့ လေ့လာ တွေ့ရှိချက်ဆိုတာ တွေကလည်း သိပ်မှန်တာမဟုတ်..၊ မောင်ရိုး လို မပြောချင်လို့ ငြိမ်နေသူတွေ ဘယ်နှစ်ယောက်ရှိမလည်း မသိ၊ ငြိမ်နေတယ် ဆိုတာက အငြင်း မပွားချင်လို့ ဒါမှမဟုတ် ရှယ်ယာ မလုပ်ချင်လို့ ၊ ဒီကြားထဲ လူကြားကောင်းအောင် ရှောက်ပြောသူတွေလည်း ရှိမှာဘဲ..။

အတန်းရဲ့ အလည်တည့်တည့်မှာ ထိုင်နေတဲ့ မောင်ရိုး တယောက် ဘာမှဝင်မပြော..၊ တကယ်ဆို မောင်ရိုး မနက်ကဘဲ သူ့ ကွန်ပျူတာ အစုတ်လေးကို မန်မိုရီ(Memory)မြှင့်ဖို့ အွန်လိုင်းကနေ ဝယ်လိုက်သေးတယ်၊ နောက်ပြီး အွန်လိုင်းဘဏ်ကင်း လုပ်တယ် ပေးစရာ တော်တော်များများကို အွန်လိုင်းကနေဘဲ မောင်ရိုး ပေးထားတာ ရှိတယ်၊ ဒီလိုရှိပါတယ်.. မီးတို့ဖုန်းတို့ ကား အာမခံတို့ စသည်ဖြင့် အမြဲပေးနေရတဲ့ မပေးမဖြစ်တွေက ဘာမှ မဆန်းလို့ ဘယ်လို ပေးရပေးရ မဆန်းပါဘူး၊ စိတ်မချစရာလည်း မရှိပါဘူး၊ ပြီးတော့ လွယ်လည်း လွယ်တာကိုးဗျ..၊နောက်ပြီး စာတိုက် သွားစရာမလို၊ တံဆိပ်ခေါင်းဖိုး မကုန်တော့ဘူး၊ ဒါပေမဲ့ တခြားပစ္စည်းတွေတော သိပ်မဝယ်ဘူး၊ တခါတလေ မှားလို့ပြန်လဲ ရတာတို့ ဘာတို့က အလုပ်ရှုပ်တယ်၊ သုံးလေးခါလောက် ရှင်းလိုက်ရပြီး နောက်ပိုင်း သိပ်မဝယ်တော့ဘူး၊ ဝယ်မယ် ဆိုရင်လည်း စိတ်ချရအောင် ဝယ်မယ့် ဆိုဒ်ကို လေ့လာပြီးမှ ဝယ်တော့တယ် ဥပမာ ဘီ သုံးလုံးတို့၊ စားသုံးသူ အမှတ်တို့ ရီဗျူးတို့ကို ဖတ်ပြီးမှ ဝယ်တယ်၊ ဒါတောင် စိတ်ချရတာမဟုတ်.. ကိုယ်တွေ့ တရားဝင် လှည့်စားတတ်တဲ့ ဆိုဒ်တွေက ရှိသေးတယ်..။

အခုတော့ မောင်ရိုးလည်း တွေ့သမျှ အကုန်ကောက် ရေဆေး ပြန်သပြီး ရောင်းဖို့ အွန်လိုင်းစတိုးလေး လုပ်မလားလို့ ..၊ တကယ်လို့ မိတ်ဆွေတို့ အွန်လိုင်းမှာမှ လက်ယားလို့ ဈေးဝယ်ချင်ရင် မောင်ရိုးဆိုဒ်မှာ အားပေးကျဗျာ.. အနှစ်တသောင်းက ဘီလူး နဖာကလော် ကနေ အနာဂတ် လောင်စာဆီ ဖော်မြူလာအထိ ရောင်းမယ်..၊ မရှိတာမှ ဝယ်ချင်သူ တွေကိုလည်း ရောင်းမယ်လို့ မောင်ရိုး စဉ်းစားနေတာပဲဗျာ။

( ရန်မျိုး -ကယ်ရိုလိုင်းနား )

ရွှင်လန်းချမ်းမြေ့ ကြပါစေ ခင်ဗျား …

LEAVE A REPLY

Please enter your comment!
Please enter your name here