ရက်ပေါင်း​ (၈၀)​ အတွင်း​ iPad​ အလုံးရေ (၃) သန်း​ ရောင်းခဲ့

alt

Apple​ ကုမ္ပဏီ၏ Tablet​ ကွန်ပျူတာ အသစ် iPadမှာ စတင် ရောင်းချသည့် အချိန်မှ ရက်ပေါင်း (၈၀) အတွင်း စုစုပေါင်း အလုံးရေ (၃) သန်း ပြည့်အောင် ရောင်းရသည့် စံချိန်သစ် တင်သွား​ ကြောင်း သိရသည်။

Touchscreen​ နည်းပညာသုံး iPad​ သည် Apple ၏ ထုတ်ကုန်သမိုင်းတွင် ကာလတို​ အတွင်း အောင်မြင်မှု အမြင့်မားဆုံး ပစ္စည်း​ တစ်ခုလည်း ဖြစ်လာခဲ့သည်။ ဇွန်လ​ (၂၁)​ ရက်နေ့က iPad​ အလုံးရေ (၃)​ သန်း​ ထိ ရောင်းချ​ နိုင်ခဲ့ပြီ​ ဖြစ်ကြောင်း Apple​ အမှုဆောင် အရာရှိချုပ် စတိဂျော့က ကြေညာ​ ခဲ့ပြီး နောက်ထပ်လည်း အမြောက်အမြား ရောင်းချ​ ရဦးမည်ဟု မျှော်လင့်ကြောင်း ပြောကြား​ သွားသည်။ Apple​ သည် iPad​ အား အမေရိကန်တွင် ဧပြီလ(၃)ရက်နေ့ကမှ စတင်​ ရောင်းချခဲ့ခြင်းဖြစ်သည်။ မေလ​ ကုန်ပိုင်းတွင်မူ ဗြိတိန်နှင့် ဖွံ့ဖြိုးပြီး​ နိုင်ငံ​ (၉)​ ခုတို့တွင် iPad​ အား ထပ်မံ​ တင်ပို့ ရောင်းချခဲ့ရာ ဝယ်လိုအားမှာ ကြီးကြီးမားမား မြင့်တက်​ နေဆဲဟု သိရသည်။ Apple​ သည် နောက်ထပ်နိုင်ငံအချို့တို့သို့ ဇူလိုင်လတွင် iPad​ အား တရားဝင် တင်ပို့​ ရောင်းချရန် စီစဥ်ထားပြီး​ ဖြစ်သောကြောင့် ရောင်းချမှု ပမာဏ ယခင်ကထက် တိုးတက်​ လာဦးမည်​ ဖြစ်သည်။

လူအများ၏ နေ့စဥ်ဘဝ ဆောင်ရွက်မှုတိုင်းနှင့် ကိုက်ညီအောင် iPad အား မိမိတို့ တီထွင်​ နိုင်ခဲ့သည်ဟု ဂျော့ကဆိုသည်။ Apple​ သည် ၎င်းတို့၏ နာမည်ကျော် မိုဘိုင်းဖုန်း Version​ အသစ်ဖြစ်သော iPhone​ ကိုလည်း ဇွန်လ​ (၂၄)​ ရက်နေ့တွင် အမေရိကန်​ နိုင်ငံ​ အတွင်း စတင်​ ရောင်းချ​ သွားမည်ဖြစ်ရာ Apple​ ပရိသတ် အများအပြား ဝယ်ယူ​ အားပေး​ မည်ဟု ခန့်မှန်း​ ထားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here