နွမ်းပါးမှု လောင်းရိပ်အောက်မှာ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် (လှိုင်းဘွဲ့ )

မီးဆိုတာက ကျနော်တို့ မြန်မာနိုင်ငံသားတွေ အငမ်းမရ တောင့်တနေပေမယ့် စိတ်ရှိမှလာ။ ပေါ်တခါ ပျောက် တာရှည် ကာလ ကြာလှတဲ့ မြန်မာ့ လျှပ်စစ်မီးကို မီးလို့ ပြောတာပါ။ အဲဒီ လျှပ်စစ်မီးဒုက္ခနဲ့ အတူ

ရာသီလိုက် ချိန်ခါကိုက် နွေကုန်မိုးဦးကျ မြန်မာပြည်မှာ မြွေကိုက်ခံရတဲ့ ဒုက္ခတွေ အကြောင်း ကိုယ်တွေ့တွေနဲ့ စာရေးသူတို့ နောက်လာမယ့် နောင်လာ နောက်သားတွေ အတွက် အမှတ်တရ ဖြစ်စရာ ၂၀၁၀ ခုနှစ် ရန်ကုန်က မြန်မာနိုင်ငံသား တချို့တော့ အဲသလို ဟောသလို မယုံနိုင်စရာ ဖြစ်ခဲ့တယ်လို့ မှတ်တမ်းကို ယူကျုံးမရ ကြေကွဲ နာကျည်းစွာဖြင့် ယခု စာကို စီရပါတယ်။

ကြေကွဲစရာ အကြောင်းလေးတွေ ဖြစ်ပုံက ရနှစ်ခွဲ ကျနော့်သား ဆီက စ တာပါ။ ဒါပေမယ့် ကြေကွဲစရာအကြောင်း လေးတွေက ပြီးခဲ့တဲ့ ရက်ပိုင်းလေးက အမျိုးမည်မသိ မြွေ တကောင်ရဲ့ ကိုက်ခြင်းကို ခံလိုက်ရတဲ့ ကျနော့်သားလေးနဲ့ တိုက်ရိုက် ပတ်သက်တာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တရက်ညနေ ၆ နာရီကျော် မှောင်စပြုချိန် လောက်မှာ ကျနော့် သားလေးရဲ့ ခြေသူကြွယ်လေးကို ဘယ်လို အဆိပ်ရှိမှန်း မသိတဲ့ မြွေတကောင်က ကိုက်လိုက် ပါတယ်။ လူကြီးတွေလည်း အနားမှာရှိတော့ ကိုက်တဲ့ အဲဒီမြွေ သေးသေးလေးကို လိုက်ဖမ်းဖို့ လုပ်ပါတယ်။ ဒါပေမယ့် ရုတ်ခြည်း ဖြစ်တဲ့ ဖြစ်စဉ်လေးမှာ မီးမလာ မှောင်မိုက်စပြုနေတဲ့ အိမ်ရှေ့ ကပြင်နားက ခြံုတွေ အုတ်ကျိုးတွေကြားကို မြွေလေး ဝင်ပြေးသွားပါတယ်။ အမျိုးမည် မပြောပြတတ်တဲ့ အဲဒီမြွေပေါက်စ လေး ကိုက်သွားတဲ့ ဒါဏ်ရာ၊ သွေးစ လေး နှစ်နေရာက ထွက်နေတဲ့ သားလေးကို ကြည့်ရင်း ကျနော့် စိတ်တွေ အပူကြီး ပူပါတယ်။ စိတ်ပူချက်များ မျက်စိထဲ မီးဝင်းဝင်း တောက်တယ်လို့ တချို့ တင်စား ပြောတတ်တာကို သတိရ လိုက်မိတယ်။ စိတ်တွေ ပူထူပြီး သားလေးကို ချက်ချင်းပွေ့ပိုက် ……… သူငယ်ချင်း တယောက် မောင်းလာတဲ့ ကားကလည်း အဲဒီအချိန် အနားမှာ ရောက်နေတာနဲ့ အကူအညီတောင်းပြီ ဒေသန္တရ ဆေးရုံရှိရာ အားချင်းပဲ ကျနော်သွားပါတယ်။

မှောင်မှောင်မဲမဲ မြို့သစ်လမ်းတွေကြား ကားမီးရောင်လေးနဲ့ ရှာပြီး တိုက်နယ် ဆေးရုံရှိရာဆီ ရောက်ပါတယ်။ ဆေးရုံကလည်း ညပိုင်းဖြစ်ပေမယ့် ဆရာဝန် သူနာပြု အဆင်သင့်် ရှိနေပါတယ်။ မီးမလာရှာတဲ့ အဲဒီ ဆေးရုံမှာလည်း အင်ဗာတာ မီးချောင်းလေးနဲ့ တီဗွီတောင် ဖွင့်ထားပါတယ်။ ချက်ချင်းပဲ လူနာကလေးကို သွေးဖေါက်ပြီး အဆိပ်ပြင်းမြွေ ဟုတ်မဟုတ် စစ်ပါတယ်။ ကျနော် ကျေနပ်ပါတယ်။ ဆေးရုံဆိုတာ တခါမှ မရောက်ဖူးတာမို့ သူတကာ ပြောသလို တချို့တွေ ပြောသလို ဆေးရုံဆိုတာ ဗလာဟင်းလင်း မဟုတ်ပါဘူး။ အဲဒီ ဆေးရုံလေးက သိပ်စိတ်မပူဖို့ ဒါပေမယ့်လည်း အမည်မသိ မြွေမို့ သိပ်ပြီး ပေါ့ဆဖို့လည်း မဖြစ်ဘူးလို့ မှာပြီး ဆေးရုံကြီးတခုဆီကို အခုချက်ချင်း သွားဖို့ ညွှန်ကြားပါတယ်။

ဆင်းရဲရှာသော လူတကာတို့ အားကိုးအားထားပြုရာ စံပြဆေးရုံကြီးကိုလည်း ရောက်ရော ဆရာဝန် ဆရာမ တွေက ကလေးကို တချက် ကြည့်ပြီး ဝယ်ပေးရမယ့် ဆေးစာရင်းကို ရေးပေးပါတယ်။ အောက်ထပ်က ဆေးဆိုင်မှာ သွားဝယ်ပေးပါတဲ့။

အဲဒါနဲ့ ငိုယိုနေတဲ့ သားလေးကို ထားခဲ့ရပြီး၊ အပေါ်ဆုံးထပ်ကနေ အောက်ဆုံးထပ်ဆီ လှေခါးကနေ ကသောကမျော ပြေးဆင်းရပါတယ်။ ဓါတ်လှေခါး ရှိပေမယ့် လူနာနဲ့ ဆရာဝန်များ အတွက်သာလို့ ဆိုင်းဘုတ် ချိတ်ထားတာမို့ အပြေးပဲ လှေခါးက ဆင်းခဲ့ပါတယ်။ ဆေးရုံကို ရောက်လာတုန်းက ခြေထောက်မှာ ကြိုးစည်းထားတဲ့ သားလေးကို လက်တွန်းလှည်းနဲ့ အပေါ်ဆုံးထပ်ကို လိုက်ပို့ခဲ့စဉ်တုန်းက ဓါတ်လှေခါး စီးပြီး တက်ခဲ့တာပါ။ ဒါပေမယ့် လိုက်ပို့ပြီး အပေါ်ထပ်လည်း ရောက်ရော ဓါတ်လှေခါး မောင်းသမားက ဓါတ်လှေခါး မောင်းခ ဆိုပြီး သုံးရာ တောင်းပါတယ်။ ကျနော်လည်း ပိုက်ဆံ ငါးရာကို ဓါတ်လှေခါး သမားနဲ့ လက်တွန်းလှည်း လိုက်ပို့သူ နှစ်ဦးအတွက် ပေးခဲ့ပါတယ်။ သူတို့ ဝန်ထမ်းတွေ ခမျာ ဒါမျိုးမှ မရရင် ဘာနဲ့ သွားစားမလဲပေါ့။ ဆေးဝါး ဆိုတာတောင် မရှိတဲ့ ဆေးရုံမှာ ဆေးရုံ ဝန်ထမ်းတွေ ဒီလိုမှ မလုပ်စားရင် ဘာနဲ့ ထမင်းသွားစားပါမလဲ။ နားလည် ပေးလိုက်ရပါတယ်။

ဆေးရုံအောက်ထပ်မှာ ရောင်းနေတဲ့ အပြင်ဆေးဆိုင်ကိုလည်း ရောက်ရော မှာလိုက်တဲ့ ဆေးတွေအထဲက တမျိုးက မရှိဘူးတဲ့။ ဆေးရုံဝင်း အပြင်ဘက်တန်းမှာ ဆေးဆိုင်တန်းကြီး ရှိတယ်တဲ့။ အဲဒီမှာ သွားဝယ်ပါ ဆိုပြီး ဆေးစာမှာ လိုတဲ့ ဆေးအမျိုး အမည်ကို ခြစ်ပေးပြီး ထပ်ဝယ်ခိုင်းပြန်ပါရော။ အပြင်ဆေးဆိုင် တွေကို အဲဒီစာပြပြီး ဒီဆေး ရှိလားလို့ ကျနော် လိုက်မေးတာ ဆိုင်တိုင်းနီးပါးက ခေါင်းခါပါတယ်။ တချို့က အဲဒီပစ္စည်းက ပြတ်နေတယ်ဗျ။ ရှာဖို့ မလွယ်ဘူးလို့ ဖြေပါတယ်။ ကျနော် စိတ်တွေ ယောက်ယက်ခတ်နေပါတယ်။ သားလေးကို မြွေဆိပ်ရှိမရှိ ဘာမှ မစစ်ရသေးဘူး ။ အဲဒီဆေးကို ရမှ စစ်ပေးမှာဆိုတော့ ခေါင်းမီးတောက်ပြီး အရူးမီးဝိုင်းသလို တဆိုင်ပြီး တဆိုင် အပြေး ဝင်မေးပါတယ်။ နောက်ဆုံး တဆိုင် ရောက်တော့မှ သူက အဲဒီဟာ ရှားရှားပါးပါး တခုပဲ ကျန်ပါတော့တယ်တဲ့ ဒါတောင် မှာလိုက်တဲ့ ဖိုက်စီစီ မရှိဘဲ တဆယ်စီစီပဲ ရှိပါတယ်တဲ့။ ကျနော်က ဆေးဝါးဆိုလို့ ပါရာစီတမောလ် တောင် မပေါင်းတတ်သူမို့ ဆရာဝန် လက်ရေးနဲ့ ရေးပေးလိုက်တဲ့ ဆေးစာက ဘာကို ရေးထားမှန်း တကယ်ကို မဖတ်တတ်တာပါ။

နောက်ဆုံး ဆေးဆိုင်က ထုတ်ပေးတဲ့ တခုထဲသော လက်ကျန် အရေးကြီးပစ္စည်း အသက်ကယ်မယ့် ဆေးပစ္စည်းက ဘာမှတ်တယ် ထင်လဲဗျာ……..ဖန် ဆေးထိုးပြွန်ပါ ခင်ဗျာ။ ကျပ် သုံးရာသာ ပေးရတဲ့ ဆေးထိုးပြွန်ပါ ခင်ဗျား။ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ဆေးထိုးအပ်တွေ တခါသုံး ဆေးထိုးပြွန်တွေချည်း သုံးနေတော့တာမို့ အဲဒီ ဖန် ဆေးထိုးပြွှန်တွေ မလာတော့ဘူးလို့ ဆိုပါတယ်။ ရှားပါး ကုန်ပြီလို့လည်း ပြောပါတယ်။ ဒါပေမယ့်လည်းဗျာ အခုလို မြွေကိုက်ခံရတဲ့ လူနာကို ဆေးစစ်ဖို့ရာ အဲဒီ ဖန်နဲ့ လုပ်ထားတဲ့ ဆေးထိုးပြွန်နဲ့ သွေးဖေါက်ပြီးမှ ဘယ် နှစ်မိနစ်အတွင်း သွေးခဲ မခဲ ကြည့်ပြီး အဆိပ်ပြင်း မြွေ ဟုတ်မဟုတ် စစ်ဆေးရတယ် ဆိုတာကို သိလိုက်ရတဲ့ အခါကျ ကျနော် နိုင်ငံနဲ့ချီ တွေးမိပြီး အတော်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ ဘယ့်နှယ်ဗျာ။ တကယ် ပြည်သူလူထု လူရာထောင်ချီအတွက် ဖွင့်လှစ်ထားတဲ့ ဆေးရုံကြီး ဖြစ်ပြီး ဆေးထိုးအပ် တချောင်းတောင် မရှိအောင် ဆင်းရဲရှာပါလား ……..လို့ …။ ဒီလောက် သယံဇာတတွေ ပေါတဲ့ပြည်၊ သဘာဝ ဓါတ်ငွေ့တွေ အလျံအပယ် ထွက်တဲ့နိုင်ငံ၊ တနှစ်တနှစ် နိုင်ငံခြားငွေ သန်းပေါင်း ရာ၊ ထောင်ချီပြီး ရနေတဲ့ နိုင်ငံမှာ ငွေ ကျပ်ကလေး သုံးရာသာ တန်တဲ့ ဖန်ဆေးထိုးပြွန်လေး တခုတောင် မရှိတဲ့ ဆေးရုံကြီးတွေ ရှိနေပါလားလို့ ယူကျုံးမရ ဖြစ်မိတယ်။

အရေးပေါ် ရောက်လာတဲ့ မြွေဆိုးကိုက် လူနာရောက်လာရင် သူတို့ ဘယ်လို ဖြေရှင်းပါလိမ့်မလဲလို့ စိတ်တွေပူပြီး ဆေးရုံပေါ် ကသော ကမျောနဲ့ ပြန် အပြေးတက်လာခဲ့ပါတယ်။ ဆရာဝန်မလေးတွေကို တွေ့တော့ ဆေးထိုးအပ် တချောင်းသာ ရခဲ့တဲ့ အကြောင်း ပြောပြပြီး ဖြစ်သလို လုပ်ပေး ဆေးစစ်ပေးဖို့ တောင်းပန် ရပါတော့တယ်။

အဲဒါနဲ့ သားငယ်လေးကို သွေးဖေါက်ပြီး စစ်ဆေးရာမှာ သွေးက ချက်ချင်းခဲ သွားတဲ့အတွက် သားငယ်လေးမှာ အဆိပ်ပြင်းတဲ့ မြွေကိုက်ခံရတာ မဖြစ်နိုင်ဘူးလို့ နည်းနည်းစိတ်ပူ သက်သာရပါတယ်။ သူတို့ နေရာချပေးတဲ့ သံခုတင် သေးသေး သံချေး အထပ်ထပ်လေး ပေါ်မှာ သားလေးကို ထိုင်ခိုင်းပြီး အိပ်ရာခင်း မပါ။ ခေါင်းအုံးမပါ အကီင်္ျ ကိုယ်ပါနဲ့ ကမန်းကတန်း ဆေးရုံ ရောက်လာတဲ့ ကျနော်တို့ သားအဖ ခြင်တောထဲမှာ တညတော့ ဒုက္ခခံပေဦးတော့ ဆိုပြီး စိတ်မသက်မသာနဲ့ ဘေးဘီ ပတ်ဝန်းကျင်ကို လိုက်ကြည့်မိပါတယ်။ ဆေးရုံ ရောက်နှင့်ပြီးဖြစ်တဲ့ ကလေး မိဘတွေ များစွာကို တွေ့ရပါတယ်။ ရောဂါ အမျိုးမျိုးနဲ့ ညိုးငယ်နေကြတဲ့ ကလေး လေးတွေ နံဘေးက မိဘတွေကို အကဲခတ် လေ့လာကြည့်မိပါတယ်၊ သူတို့ မျက်နှာလေးတွေ အားလုံးက ညိုးရော် အားငယ်နေကြတာ ချည်းပါပဲ။ ဆင်းရဲလို့ ငွေကြေး မတတ်နိုင်လို့သာ ဒီလို ပြည်သူ့ ဆေးရုံဆိုတဲ့ ကိုယ့်ဆေး ကိုယ်ဝယ် ကုရတဲ့ ဆေးရုံကို လာကုကြတာပါ။ အများစုက ဆင်းရဲကြရှာ သူတွေမှန်း သူတို့ အသုံးအဆောင် အဝတ်အစားတွေကို ကြည့်ယုံနဲ့ သိနိုင်ပါတယ်။ သူတို့တွေကို တဦးစီ လိုက်ကြည့်ပြီး သူတို့ ဘဝတွေကို ကိုယ်ချင်းစာ တွေးနေမိပါတယ်။ ဦးဆုံး ကျနော်တို့ ကုတင်လေး ခြေရင်းမှာ ရှိတဲ့ မိသားစုလေးကို ကြည့်မိပါတယ်။ ကလေးလေးက သုံးနှစ်လောက်ရှိတဲ့ မိန်းကလေး လူနာပါ။ သူ့ဝေဒနာက ရုတ်ခြည်ထထပြီး တက် တတ်တဲ့ ရောဂါပါ။ အခုလေးတင် ကလေးမလေးက ပြံုးပြံုးရယ်ရယ်နဲ့ ဆော့နေပါတယ်။ သူ့အဖေနဲ့ သူ့အမေကလည်း ကလေးလေးကို တချိန်လုံး မျက်တောင် မခတ် စောင့်ကြည့်နေပါတယ်။ ကြည့်ရင်း ကြည့်ရင်း ကလေး လေးက မျက်ဖြူလန်တက် ခြေလက်တွေ ကောက်ကွေးပြီး တက် တော့တာပါပဲ။ ဟဲ့ ဟဲ့ ခြေချိုး လက်ကိုချိုး လျှာ မကိုက်မိစေနဲ့ ပါးစပ်ဖြဲထားလို့ သူတို့ လင်မယား အတိုင်ဖေါက်ညီညီ ဖအေက သမီးလေးကို ချီ အမေလုပ်သူက ခြေလက်တွေကို ဆွဲဆန့်ပြီး အရေးပေါ် ကုတင် ဆရာဝန်တွေ ရှိတဲ့ အခန်းရှေ့ကို အော်ပြီး ပြေးတော့တာပါပဲ။ ဆရာမတို့ရေ သမီးလေး တက်ပြန်ပြီဗျာ လုပ်ကြပါအုံး “ကျနော်လည်း သားလေး ကုတင်မှာ ထိုင်နေရင်း အဲဒီ မိသားစု ဘဝကို ဂရုဏာသက်စွာနဲ့ စောင့်ကြည့်မိပြန်ပါတယ်။ ကလေးမလေးဟာ ဆယ်မိနစ် နီးပါး တခါလောက် တခွီးခွီးနဲ့ တက် တက်နေတာကို အင်မတန် သနားစရာ တွေ့ရပါတယ်။ မီးသတ်သမား တဦးဖြစ်တဲ့ ကလေး အဖေဟာ အဲဒီည တညလုံး တမှေးမှ မမှေးပဲ သူ့သမီးလေးကို စိုးရိမ်စွာ စောင့်ကြည့်နေတာကို တွေ့ရတော့ သူ့ရဲ့ ဖခင်စိတ်ကို အထူးချီးကျူးမိသလို ဆင်းရဲလှတဲ့ သူတို့ ဘဝလေးကို ကြည့်ပြီးတော့လည်း သနားမိပါတယ်။

နောက် မိသားစု တစုကတော့ လသား အရွယ် ကလေးငယ်လေးပါ ။ ဘာရောဂါနဲ့ လာတက်တယ် ဆိုတာတော့ မသိရပါဘူး။ အမြဲလိုလို မှိန်းပြီး အိပ်နေတဲ့ ကလေးငယ်လေး ပုံစံကတော့ အားအင် ချိနဲ့ နေပုံရပါတယ်။ ဘာရောဂါလဲ ဆိုတာ မမေးဖြစ်ခဲ့ပါ။ သူတို့ ကျတော့ မိသားစု အင်အားတောင့်တယ် ထင်ပါရဲ့၊ လူနာစောင့် မိခင် ဖခင်အပြင် အဒေါ်ရယ် တူလေးတွေရယ်ပါ လာအိပ် စောင့်ကြပါတယ်။ ကြမ်းပြင် ကွန်ကရစ် သံမံသလင်းပေါ်မှာ သင်ဖြူးယက်ဖျာ အစုတ်အပြဲလေး ခင်းပြီး အေးစက်စက် ကြမ်းပြင်ကို မမှုပဲ စန့်စန့်ကြီးတွေအိပ်နေရှာတာ သနားစရာပါပဲ။ သူတို့ ခြံုထားတဲ့ ခြံုစောင် ညစ်ပေပေ နွမ်းဖတ်ဖတ် အစုတ်အပြဲလေးတွေ ကြားက ပြူထွက်နေတဲ့ သူတို့ ခြေဖဝါး ကြမ်းကြမ်းကြီးတွေ အသားမာ မဲမဲကြီးတွေ အမာရွတ် အထပ်ထပ် တွေကို ကြည့်ခြင်းအားဖြင့် သူတို့ မိသားစု ဟာလည်းပဲ ပင်ပန်းခြင်း ကြီးစွာနဲ့ အသက်မွေး နေရသူတွေမှန်း သိသာ နေစေပါတယ်။ နေရာ မလပ် လိုက်ကိုက်နေတဲ့ ခြင်တွေကလည်း ဆေးရုံလို့တောင် မထင်ရအောင် တဝီဝီ အုံခဲနေပါတယ်။ ကျနော်လည်း သားငယ်ကို ခြင်မကိုက်ရအောင် ခြင်ယပ်ပေးနေရင်း ညဉ့်အချိန် ဆေးရုံဝင်း မြင်မြင်သမျှဆီ မျက်လုံးကစား လေ့လာမိပါတယ်။ အတော် များများသော မိဘတွေ မအိပ်ကြပါဘူး။ ကလေးတွေ မျက်နှာကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြတာ များပါတယ်။ ပြူးကြောင်နေသော မျက်ဝန်း မှုံမှုံကြီးတွေနဲ့ အိပ်ချင်စိတ်ကို ဖျောက်ရင်း ခြင်ယပ် ပေးနေသူ များပါတယ်။

နောက်ထပ် ကျနော့် ကုတင် တခုတင်ကျော်က ကလေးလူနာလေး ကျတော့ ၆ လသား အရွယ် ကလေးငယ်လေးပါ။ သူ့ခမျာလေး ကတော့ အတော့်ကို သနား ဂရုဏာသက်စရာပါ။ သူလေးဟာ မွေးလာကတည်းက ခြေတဖက် နဲ့ လက်နှစ်ဖက် စလုံး ငုံးတိုလေးသာ ပါလာပြီး ခြေတဖက်သာ အကောင်း ပကတိပါလာတဲ့ သနားစဖွယ် မျက်နှာလေးနဲ့ ကလေးငယ်လေးပါ။ လသား ကလေးလေးလို့ မထင်ရအောင် မျက်နှာချိုလှပေမယ့် သူ့ကို မြင်သူတိုင်းက သနား ဂရုဏာ သက်ရစေပါတယ်။ သူ့ခမျာ တဖက်လည်း မလှည့်နိုင်ရှာ ဘာမှ ကို မလုပ်နိုင်ရှာ ချထားသလိုနေ သူ့အမေ ကျွေးသမျှကိုစားပြီး မျက်လုံးလေး ပြူးကျယ်ကျယ်နဲ့ မြင်သမျှ လိုက်ကြည့် နေရှာပါတယ်။ သူ့အမေက သူ့နံဘေးက ခုံတန်း တိုတိုလေးပေါ် ခါးတဇောင်းတင်ပြီး ဖြစ်သလို ငိုက်နေရှာပါတယ်။ အပူသည် တဦးလို့ လူ မပြောလည်း သိနိုင်မယ့် ကလေးအမေ ဟာ ပိန်လှီပြီး အရိုးပေါ် အရေတင် မျက်တွင်း ဟောက်ပက်နဲ့ ဆံပင်နီကြောင်ကြောင် သနားစဖွယ်ပါ။ ညဉ့်နက်ပိုင်း ရောက်သည့်တိုင် ငိုက်လိုက် နိုးလိုက် ခြေတဖက်သာ ရှိတဲ့ သူ့သားလေးကို ခြင်မကိုက်အောင် ပူအိုက်တာလေး သက်သာအောင် ယပ်ဟပ်ပေးလိုက် အနှီးပါးအစုတ်လေး ခြံုပေးလိုက် လုပ်နေတဲ့ သူမကို တညနေလုံး ကျနော် အကဲခတ် နေခဲ့ပါတယ်။ သတိပြုမိတာ တခုက ကလေး အမေဟာ အပြင်လည်း မသွား ဘာမှလည်း ထုတ် စားတာ မတွေ့ရတာပါပဲ။ ဆရာမတွေ round လှည့်တဲ့ ညတချိန် အပြီး နာ့စ်မ တယောက်က ချာ့ဒ် မှတ်တမ်းကို လှန်လှောရင်း အဲဒီကလေး အမေကို ပြောပါတယ်။ ကလေးလေးဟာ ဒီလောက် တပတ်ကျော် လာတာတောင် ပေါင်ချိန် မတိုးဘူး ဘာမှ မကျွေးဘူးလားလို့ မေးပါတယ်။ ကလေး အမေပြန်ဖြေတဲ့ စကားလုံးက ကျနော့်ရင်ကို နင့်သွားစေပါတယ်။ ကလေး လေးကို နို့ကလွဲလို့ ကျမ ဘာမှ မတိုက်နိုင်ဘူး ဆရာမ။ ဘာမှလည်း မကျွေးနိုင်ဘူး။ သူမ ဆက်မပြောရက်တဲ့ နောက်ဆက်တွဲ တခုကို ကျနော် အလိုလို နားလည်လိုက်ပါတယ်။ သူမ ကလေး အမေကိုယ်တိုင်လည်း ထမင်းကို နပ်မှန်အောင် မစားနိုင်ဘူး ဆိုတာ ထင်ဟပ်တဲ့ သူ့အဖြေ အပြင် ဘာရှိဦးမှာလည်း။

ဒါနဲ့ပဲ အဲဒီ တကုတင်ကျော်က ကလေး အမေ ရှိရာဆီ ကျနော်သွားပြီး သတင်းမေးကြည့်ပါတယ်။ ကျနော့်မှာ ပါလာတဲ့ ဘီစကစ်ထုပ်လေး ပေးပြီး ကလေးလေးကို ခွံ့စေပါတယ်။ သူတို့ သားအမိဟာ မကွေးတိုင်း မင်းလှမြို့နယ်ထဲက ရွာတရွာမှာ နေပါတယ်တဲ့။ ကိုယ်အင်္ဂါ မစုံတဲ့ ကလေးလေးကို မွေးပြီး အခုလို ငါးလ သား အရွယ်ရောက်မှ ကိုယ်ပူဖျားနာ ဖြစ်လာပါတယ်တဲ့ ။ တိုက်နယ် ဆေးရုံမှာ မကုနိုင် ဆေးဖိုး မတတ်နိုင်တဲ့ အတွက် အခု ဆေးရုံကို ရောက်လာတာပါ။ လာတုန်းကတော့ လင်မယား နှစ်ယောက်ပါ။ ဆေးရုံရောက်ပြီး ငါးရက်လောက်ကြာတဲ့ အထိ ကလေး က မသက်သာလို့ သူတို့ ပါလာတဲ့ ငွေလေးလည်း ကုန်။ ဆေးဖိုးလည်း မတတ်နိုင် စားစရိတ်လည်း မရှိတော့ပါဘူးတဲ့။ သူ့ ယောင်္ကျားက မင်းလှ ရွာကိုပြန်ပြီး ငွေရှာမယ်လို့ ပြန်သွားပါတယ်တဲ့။ အခုဆို ပြန်မလာတာ ရက်သတ္တပတ် များစွာရှိနေပြီလို့ ဆိုပါတယ်။ ဘာမှသတင်း မကြား အဆက်သွယ်လည်း မရ။ ဆေးရုံက ကျွေးသမျှလေး အနီးအနား ရှိတဲ့ လူကျွေးမွေးသမျှလေးနဲ့ အသက်ဆက် နေရရှာပြီး ဆေးရုံက ပေးဆင်းရင်တောင် ပြန်စရာ လမ်းစရိတ် မရှိရှာသူ မိသားစုပါ။ ကျနော်ပေးတဲ့ ဘီစကွတ်မုန့်လေး စားပြီး သူ့အဖြစ်ကို ရင်နင့်စွာနဲ့ နားထောင်နေတုန်း ကလေး လူနာဆောင်ထဲကို အူယား ဖားယားလူတစု ပြေးဝင်လာပါတယ်။

ရှေ့ဆုံးက လူက ဆရာမ ဆရာမ မပွေးကိုက်တယ် ထင်တယ် လုပ်ပါအုံး လုပ်ပါအုံးလို့ အော်လာပါတယ်။ ပွေ့ချီ မတင်လာတဲ့ လှည်း အစုတ်လေးပေါ်ကနေ သံကုတင်ပေါ် မ တင် အပြီး ကျနော်လည်း အပြေးအလွှား သွားကြည့်မိလိုက်ပါတယ်။ အသက် ၁၁ နှစ်လောက် ကလေးမလေး တဦးပါ။ ညစ်ပေ စုတ်ပြတ်နေတဲ့ ရှင်မီးအကျီ အပြဲလေးကို ဝတ်ထားပါတယ်။ အဲဒီ အင်္ကျီလေးမှာလည်း သွေးကွက်တွေနဲ့ အပြည့်ပါ။ သူ့အမေ ဖြစ်ဟန်တူသူ မိန်းမကြီးမှာလည် း သမီးနဲ့အပြိုင် ညစ်ပေ စုတ်ပြတ်နေပါတယ်။ သူတို့ သားအမိ တတွေခမျာ ခေါင်းလိမ်းဆီ တို့ အုန်းဆီတို့ကို မွေးကတည်းက မလူးလိမ်းဖူးတဲ့ဟန် ဆံနွယ် သွေ့ခြောက် နီကျင်ကျင်တွေက သရုပ်ပြ နေပါတယ်။ ခြေဗလာ ဖိနပ်မပါနဲ့ အထွတ် အထွတ် ထအောင် အသားမာတွေ တက်နေရှာတဲ့ အဲဒီ ကလေးမလေးရဲ့ ခြေသူကြွယ်ကို မြွေပွေး အကောင်ကြီးကြီး တကောင်က ကိုက်လိုက်လို့ သွေး ပွက်ပွက် အန်ပြီး အခု ဆေးရုံကို ရောက်လာပါတယ်။ သူတို့ နေထိုင်ရာ လေးထောင့်ကန် စိုက်မွေးကျေးရွာ တိုက်နယ် ဆေးခန်းက မြွှေဆိပ်ဖြေဆေး ထိုးပေးလိုက်တယ် ဆိုပေမယ့် မကျွမ်းကျင်တဲ့ သူနာပြုလက်ရာ ဖြစ်မှန် လက်မောင်းက အကျိတ်လုံး ဆေးထိုးရာကြီးတွေက သက်သေပါ။ သွေးကြောထဲကို ဆေးမရောက်ပဲ မှောင်မှောင်မဲမဲနဲ့ မြင်ရာ ထိုးလွှတ်လိုက်ရတဲ့ ပုံပါ။

သူတို့သား အမိမှာလည်း ပိုက်ဆံ လုံလုံလောက်လောက် ပါလာဟန် မတူ။ ကျနော် စိတ်ပူပါတယ်။ ကလေး မလေးအတွက် သွေးဖေါက်စစ်ဖို့ ဆရာဝန်တွေ ပြင်ကြပါပြီ၊ အဲဒီမှာတင် ပြသနာက စ။ ဖန်ဆေးထိုးပြွန် လိုတယ် သူတို့ကတော့ အင်္ဂလိပ်လို ပြောတာပေါ့။ သူနာပြုတွေက ပြန်ပြောတယ် စောစောက မြွေကိုက်လူနာ ကလေး အဖေတော့ လိုက်ဝယ်တာ ဘယ်မှာမှ မရခဲ့ဘူး ။ အခု သူတို့ဟာ တချောင်းပဲ ရှိတယ်။ အဲဒါနဲ့ပဲ စစ်မှ ရမယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာ လူတဦးရဲ့ အသက်ဟာ အရေးကြီး အချိန်ပါ။ သွေးဖေါက်စစ်ပြီး လိုအပ်မယ့် အဆိပ်ဖြေဆေးကို အချိန်မှီ မထိုးပေးနိုင်ရင် အဲဒီကလေးမလေး အန္တရာယ် ရှိပါတယ်။ ဒါနဲ့ပဲ ကျနော် ရှားရှားပါးပါး ဝယ်လာခဲ့ရတဲ့ တချောင်းထဲသော ဖန်ပြွန်လေးနဲ့ သွေးဖေါက်စစ်ဆေး လိုက်ရာမှာ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဆိုး တကောင် ကိုက်တာခံရမှန်း ဖေါ်ထုတ်သိရှိပြီး ချက်ချင်းပဲ အဆိပ်ဖြေဆေး ထိုးဖို့ ပြင်ကြပါတယ်။ ကလေး မလေးကတော့ သွေးတွေ တပွက်ပွက် အန်နေဆဲပါ။ ပါးစပ်ကလည်း အမေ အမေနဲ့ တ နေပြီး အိပ်ချင်နေပြီ။ အမေ ။ အိပ်ချင်တယ် နာတယ် စသဖြင့် ထင်ရာတွေ အော်နေပါပြီ။ ဆရာဝန်တွေက အရေးပေါ် အခန်းကို ပို့ဖို့ ဆေးစာရေးပြီး ချက်ချင်းပဲ အရေးပေါ် အခန်းကို သွားစေပါတယ်။ ကျနော်တို့ နေတဲ့ ကလေး အဆောင်မှာ အရေးပေါ် စောင့်ကြည့်ရလောက်အောင် ဝေဒနာ ပြင်းထန်တဲ့ ကလေးတွေ မရှိဘူး ထင်ပါတယ်။ ဒါနဲ့ ကျနော်လည်း မြွေကိုက်ခံရတဲ့ လူနာ ကလေးရဲ့ အမေဆီ အသာသွားပြီး ကျနော့်သားလေး ဆေးကုဖို့ ညီတယောက်ဆီက ဆွဲလာတဲ့ ပိုက်ဆံ တသောင်း လောက်ပါမယ့် တထပ်ကို ဘုရင့်နောင် ဖေါင်ဖျက်ကိန်း သဘောပိုက်ပြီး နောက်မှ အကြွေးတင် တင်ပေ့စေလေလို့ ဆုံးဖြတ်ကာ အသာ ထိုးပေးလိုက်ပါတယ်။ ဆေးကုနိုင်ပါစေလို့ ရည်စူးပြီးတော့ပေါ့ သူမမှာ ပိုက်ဆံ မပါလာ ရှာဘူးလေ။

ဖြစ်စဉ်လေးက သူမတို့ နေတဲ့ ရပ်ကွက်ဟာ မီး အမြဲလိုလို ပျက်နေတတ်ပါတယ်တဲ့။ ဒီကနေ့ ညနေပိုင်းမှာ အိမ်အတွက် ဟင်းချက်ဖို့ဆီ မရှိတော့လို့ တနေ့လုပ်မှ တနေ့စား ရတဲ့ လခလေးနဲ့ မှောင်ရီတယော လေးမှာ သမီးငယ်လေးကို တုတ်တချောင်းပေးပြီး ဆီသွားဝယ်ခိုင်းပါတယ်တဲ့။ ဈေးဆိုင်အသွား လမ်းပေါ်မှာ မြွေအကောင် ကြီးကြီးတကောင်က စူးကနဲ ဝင်ကိုက်သွားပြီး ခွေလဲသွားတာကို အတူပါတဲ့ အမငယ် တယောက်က မြင်ပြီး နီးစပ်ရာဆီ အော်ဟစ် အကူညီတောင်းပြီး အခုလို ဆေးရုံကို ရောက်လာတာပါတဲ့။ သူ့ အသက်ရှင်မယ် မရှင်ဘူး မသေချာပါ။ ကျနော့် သားလေးတော့ အသက်ရှင်ပါတယ်။ အဲဒီကလေး လေးတော့ ဘယ်လို ဆက်ဖြစ်ခဲ့တယ် မသိ။ နောက်နေ့ ညနေမှာ ကျနော်တို့ သားအဖ ဆေးရုံကနေ ဆင်းခဲ့ပါတယ်။ ပြောချင် နေသေးတာတွေတော့ အများကြီးပဲ လက်ရှိနဲ့ လက်တွေ့ဘဝက အတွေ့ကြံုတွေ နောင် …. ရေးပါဦးမယ်။

အောင်ဘန်း ( ရန်ကုန်သစ် )

ရိုးဖြောင့်စွာဖြင့်

LEAVE A REPLY

Please enter your comment!
Please enter your name here