တိုက်​စစ်​မှူး​ ​အီ​ဗ​ရာ​မို​ဗစ်​နေ​ရာ​တွင်​ ​လီ​ဗာ​ပူး​မှ​ ​တော​ရက်စ်​နှင့်​အ​စား​ထိုး​ရန်​ ​ဘာ​စီ​လို​နာ​စီ​စဥ်

alt

ဘာစီလိုနာ အသင်းသည် အသင်းမှ ဆွီဒင် တိုက်စစ်မှူး ဇလာတန် အီဗရာမိုဗစ် နေရာတွင် လီဗာပူးမှ ရှေ့တန်းလူ ဖာနန်ဒို တောရက်စ်နှင့် အစားထိုး​ သွားရန် စီစဥ်​ နေကြောင်း သိရသည်။

ဘာစီလိုနာ ဥက္ကဌသည် ဆန်ဒရိုရိုဆဲသည် မကြာသေးမီကမှ အသစ်​ ဝယ်ယူထားသည့် စပိန်​ လက်ရွေးစင် တိုက်စစ်မှူး ဒေးဗစ်ဗီလာ၊ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆုရှင် လီယွန်နယ်​ မက်ဆီတို့နှင့် တောရက်စ်အား တွဲဖက် ပေးရန် လိုလားနေသည်။ တောရက်စ်နှင့် ဗီလာတို့သည် စပိန် လက်ရွေးစင် အသင်းတွင် တွဲဖက် တိုက်စစ်မှူးများ ဖြစ်ကြသောကြောင့် ဘာစီလိုနာအား စပိန် ကစားသမားများနှင့် အခြေပြု တည်ဆောက်ရန် ရည်ရွယ်ထားသည့် နည်းပြ ပက်ဂွာဒီယိုလာ၏ ဆန္ဒနှင့်လည်း ကိုက်ညီမည်ဟု ရိုဆဲက ယူဆ ထားသည်။

အသက် (၂၆) နှစ်အရွယ် တောရက်စ်သည် ယမန် နှစ်က လီဗာပူး အသင်း၏ ကျရှုံးမှုများကြောင့် အသင်းမှ ထွက်ခွာရန် ဆန္ဒ ရှိနေပြီး ၎င်းအား ပေါင်စတာလင် သန်း (၇၀) ပေးကာ ခေါ်ယူမည်ဟု ချဲလ်ဆီးကလည်း လေသံ ပစ်နေသည်။ နည်းပြ ဂွာဒီယိုလာသည် အင်တာမီလန်မှ ပြောင်းရွှေ့လာပြီးနောက် ဘာစီလိုနာတွင် ပုံမှန် ခြေစွမ်း ပျောက်ဆုံး နေသည့် အီဗရာမိုဗစ်အား အလိုက် ပေးပြီး တောရက်စ်ကို ကမ်းလှမ်းရန် စီစဥ် လျက်ရှိပြီး လိုအပ်ပါက နောက်ခံ လူများဖြစ်သည့် ဒီမီထရို ချိုင်ဂရင်စကီ၊ မာတင်ကာဆာရက်၊ ကွင်းလယ်လူ အလက်ဇန်းဒါးလှက်တို့ကိုပါ အလိုက်​ ပေးသွားရန် စိတ်ကူး​ ထားကြောင်း သိရသည်။ စပိန်​ လက်ရွေးစင်​ အဖြစ် (၄၁)​ ပွဲကစားပြီး ဂိုးပေါင်း(၂၀) သွင်းပေးထားသည့် တောရက်စ်ကို စပိန်​ ထိပ်သီး အင်အားကြီး ရီးရဲလ် မက်ဒရစ်နှင့် အင်္ဂလန် ပရီးမီးယားလိဂ် သူကြွယ် အသင်း မန်ချက်စတာ စီးတီးတို့ကလည်း စိတ်ဝင်စားနေသည်။ ဘာစီလိုနာသည် အသင်းအား ကြီးမားသော အင်အား​ ဖြည့်တင်းမှုများ ပြုလုပ်ရန် ရည်ရွယ်ထားကာ ကွင်းလယ်လူ ယာယာတိုရေးကို ရောင်းချပြီး အာစင်နယ်မှ စပိန်​ လက်ရွေးစင် အလယ်တန်းသမား ဆက်ဖာဘရီဂက်နှင့် စီးတီးမှ ဘရာဇီးတောင်ပံ တိုက်စစ်မှူး ရော်ဘင်ညိုတို့အား ခေါ်ယူ​ နိုင်ရန် ပြင်ဆင်​ နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here