မက္ကစီကို အကျဉ်းထောင်တွင်း တိုက်ခိုက်မှုများကြောင့် အနည်းဆုံး၂၈​ ဦး​ သေဆုံး

alt

မက္ကစီကို နိုင်ငံ၊ အကျဥ်းထောင် တစ်ခု အတွင်း ဆန့်ကျင်ဖက် ဒုစရိုက်ဂိုဏ်းများ တိုက်ခိုက်မှုကြောင့် အနည်းဆုံး (၂၈) ဦး သေဆုံး သွားကြောင်း သိရသည်။

မက္ကစီကို အနောက် မြောက်ပိုင်း ဆင်နာလိုအာ ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမှာ မူးယစ်ဆေးဝါး မှောင်ခိုမှုနှင့် ဆက်နွယ်နေသည့် ဒုစရိုက် ဂိုဏ်းတစ်ဂိုဏ်းက ထောင်အတွင်းရှိ ပြိုင်ဖက် ဂိုဏ်းသားများကို ဝင်ရောက် ပစ်ခတ်ရာမှ ဖြစ်ပွားခဲ့ခြင်းဟု အာဏာကပိုင်များက ဆိုသည်။

ဇွန်လ(၁၄) ရက်နေ့ ထောင်တွင်း တိုက်ပွဲများ မတိုင်မီ တစ်ရက်ကလည်း နိုင်ငံ အနောက်ပိုင်း မစ်ချိုအာကန် ပြည်နယ်တွင် ဒုစရိုက် ဂိုဏ်းများက ချံုခို တိုက်ခိုက်မှုကြောင့် ရဲအရာရှိ (၁၀) ဦး သေဆုံး ခဲ့သေးသည်။ ဆင်နာလိုအာရော၊ မစ်ချိုအာကန်တို့ပါ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ပြိုင်ဖက်ဂိုဏ်းများ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားရာ ဒေသများ ဖြစ်သလို မက္ကစီကို လုံခြံုရေး တပ်ဖွဲ့များနှင့်လည်း မကြာခဏ ထိပ်တိုက် တွေ့ဆုံမှုများ ဖြစ်ပွား ခဲ့ဖူးသည်။ ယခုနောက်ဆုံး မန်ဇက်လန် ထောင်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် သေဆုံးသူများမှာ ထောင်သားများ ဖြစ်ကြကြောင်း သိရှိရသည်။

ချေမှုန်းရေး ရိုင်ဖယ်များနှင့် ပစ္စတို သေနတ်များ ကိုင်ဆောင်လာသည့် ဂိုဏ်းသားများသည် ထောင်သားများကို ဦးတည် တိုက်ခိုက်ခဲ့ပြီးနောက် ရဲအရာရှိ နှစ်ဦးနှင့် ထောင်ကြပ် တစ်ဦးလည်း ဒဏ်ရာများ ရရှိသွားကြောင်း သတင်းများကဆိုသည်။ ဒေသခံများက ထောင်အတွင်း သေဆုံးသွားသူ အချို့သည် နာမည်ကျော် Zetas ဂိုဏ်းသားများ ဖြစ်ကြကြောင်း ပြောကြားလျက်ရှိသည်။ ဆင်နာလိုအာ ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့က နောက်ထပ် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာ နိုင်ကြောင်း သတိပေး ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here