ဥရောပအဖွဲ့ဝင်နိုင်ငံသားများ ဂါဇာ ကမ်းမြောင်သို့ လာရောက်မှု တားဆီး ပေးရန် အစ္စရေး တောင်းဆို

alt

အစ္စရေးက ဥရောပ ယူနီယံ အဖွဲ့ဝင် နိုင်ငံများအား ယင်းတို့၏ နိုင်ငံသားများကို ဂါဇာ ကမ်းမြှောင် ဒေသသို့ သင်္ဘော အုပ်စုများဖြင့် လာရောက်ခြင်းအား တားဆီးပေးရန် တောင်းဆို လိုက်သည်။

အစ္စရေးက ၎င်းတို့ ပိတ်ဆို့ထားသည့် ဂါဇာသို့ ဥရောပ ယူနီယံ အဖွဲ့ဝင် နိုင်ငံသားများ လာရောက်မှုကို သက်ဆိုင်ရာ ဆိပ်ကမ်းများတွင် ကြိုတင် တားဆီး ပေးထားရန် တောင်းဆို ခဲ့ခြင်းဖြစ်သည်။ လက်ဘနွန်မှ ထွက်ခွာလာသည့် Naji el Ali သင်္ဘောသည် ဂါဇာနှင့် နီးကပ် လာပြီဟု ယူဆရပြီး အီရန်ရှိ အဖွဲ့အစည်းအချို့မှ လာရောက်သော သင်္ဘော နှစ်စင်းသည်လည်း ဂါဇာသို့ ဦးတည် ခုတ်မောင်း လာနေပြီဟု ဆိုသည်။ မေလ(၃၁) ရက်နေ့က အစ္စရေး ရေတပ်၏ စီးနင်း တိုက်ခိုက်မှုကြောင့် တူရကီ နိုင်ငံသား (၉) ဦးသေဆုံးသည့် ထောက်ပံ့ရေး သင်္ဘော အရေးအခင်း ဖြစ်ပေါ်ပြီးနောက် အစ္စရေးက ဥရောပ ယူနီယံအား ယခုလို တောင်းဆို ခဲ့ခြင်း ဖြစ်သည်။ ဂါဇာရှိ ဟားမတ် ပြောက်ကျားများထံ ထောက်ပံ့ရေး ပစ္စည်းများ ရောက်ရှိ သွားနိုင်ကြောင်း အကြောင်းပြချက်ဖြင့် တားဆီးဟန့်တားမှုများ ပြုလုပ် နေသည့် အစ္စရေးမှာ လက်ဘနွန်၊ ဆူဒန်၊ အီရန်တို့အပြင် ဥရောပ ယူနီယံ အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဗြိတိန်၊ နော်ဝေး၊ တူရကီစသည့် နိုင်ငံများမှ လူသားချင်း စာနာမှု လှုပ်ရှားသူများ၏ သင်္ဘောများကိုလည်း ထပ်မံ တားဆီး နေဆဲဖြစ်သည်။

ဇွန်လ(၁၄)ရက်နေ့ကမူ အစ္စရေး အစိုးရသည် ဥရောပ ယူနီယံအား နောက်ထပ် အလားတူ အခြေအနေမျိုးကို ရှောင်လွှဲရန် အတွက် ထောက်ပံ့ရေး သင်္ဘောအုပ်များ လာရောက်မှုကို ကြိုတင် ဟန့်တား ပေးရန် တောင်းဆို လိုက်သည်။ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဥရောပ ယူနီယံသို့ တောင်းဆိုမှုကို အတည်ပြု ထားပြီး ယူနီယံဘက်မှမူ အဆိုပါ ကိစ္စ အပေါ် တစုံတရာ အဖြေ မပေးသေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here