ဘယ်သူသေသေ …

ဆောင်းပါး သရုပ်ဖေါ် © သိန်း​လှိုင်​ (​လှိုင်း​ဘွဲ့)

ဟဲ့ အေးသန်း…နံပါတ် ခိုင်ပြီလား…ဘယ်လောက်တဲ့တုန်း

မသေချာသေးဘူး အမေရေ ထိပ်စည်းကတော့ခိုင်နေပြီတော့၇ တဲ့့

ဟေ…ဟုတ်လား အေး အေး သွားစမ်း လမ်းထိပ်မှာ သွားနားထောင်ချည်…ငါတို့ နံပါတ် ထွက်ရင် တခါတည်း နင့်အဖေကို ဂိတ်မှာ ဝင်ပြောခဲ့၊ ဆန်၄ဗူးလည်း တခါတည်း ဝယ်လာခဲ့ ကြားလား…ဟဲ့ ဟဲ့ နေအုံး ဟိုဟာ မီးမွှေး ဖို့ ထင်းရူးဆီကလေး တစည်းလောက်ပါ ဝယ်ခဲ့စမ်း အိုကေ…

ဟီးဟီးဟုတ်…

အေးသန်းဖြင့် အိမ်အပြင် ပြေးထွက်တော့မဲ့ ခြေလှမ်းတွေ တုန့်ကနဲ ဖြစ်သွားပြီး ဟီးကနဲ တချက်ရယ်မိရသည်။ သူ့အမေ မခင်စိန်ရယ်လေ ဘုန်းကြီးကျောင်း သွား နံပါတ်လိုက်ရင်း သင်္ဘောသားကတော် ဆိုလား အဲဒီအုပ်စုနဲ့ တွေ့ပြီးကာမှ စကားတခွန်း ပြောပြီးတိုင်း နောက်က တအိုကေ ထဲ အိုကေ နေတတ်သည်မှာ အဖေလို လူအေးကတောင် မျက်စောင်း ထိုးယူရသည့် အထိ။

အေးသန်း ခြေတွေကလည်း လမ်းထိပ်များ သွားရမယ်ဆို ဘီးတပ်ထားသလို ပြေးလွန်းလှ သည်။ ဂိတ်မှာ ကိုစိုး ရှိနေနိူင်သည် မဟုတ် လား။ ဘုရား သိကြားမလို့ ဂိတ်မှာ အဖေ ရှိမနေပါစေနဲ့ အဖေ လူရပြီး ဆိုက်ကား အငှား လိုက်သွားပါစေတော်…အေးသန်း ကြိတ်ဆု တောင်းရင်း ဂိတ်ဘက် မျက်လုံး တချက်ဝေ့ကြည့်လိုက်သည်။ ဆုတောင်းက ပြောင်းပြန် ပြည့်သွားသည်။ ဂိတ်မှာ ကိုစိုးမရှိပဲ အဖေက ဆိုက်ကားပေါ် ခပ်လှဲလှဲ ထိုင်၊ ကွမ်းဝါးရင်း သူ့အလှည့် စောင့်နေလေသည်။

အေးသန်း လှစ်ကနဲ ကွမ်းယာဆိုင် အဖီလေးရှေ့ ပြေးဝင်ကာ အမလှငွေအား မေးလိုက်လေ သည်။

အမလှငွေ ဘာနံပါတ် ထွက်သွားတုန်းဟင်

ဟဲ့ ငါကြားတာတော့ ရ၂ ဆိုလားပဲ ဟဲ့ အောင်မြိုင် ဟဲ့ကောင် ထမင်းစား ဂဏန်းက ရ၂ မဟုတ်လား

အမလှငွေ က ဂိတ်မှာ ပါစင်ဂျာ စောင့်နေသော သူ့မောင် ကိုအောင်မြိုင်ကို လှမ်း၍ အတည်ပြု လေသည်။

ဟုတ်တယ် အမ ကျုပ်ကြားတာတော့ ရ၂ ပဲ

အဖေကတော့ အေးသန်းတို့ကို တချက် ငဲ့ကြည့်ကာ ဘာမှ ဝင်မပြော။ အဖေက ဒီလိုပါပဲ၊ ဆိုက်ကားနင်းလို့ ရသမျှ အမေ့ အကုန်အပ်မည်၊ အမေ ဆင်သမျှ ဝတ်မည်။ အမေ ချက်သမျှ ဘာဟင်းပဲ စားရ စားရ တချက် မငြီးရှာသူ၊ နှစ်လုံးတွေ ဘာတွေလည်း ဝါသနာလည်းမပါ၊ ကန့်လည်း မကန့်ကွက်သူ ဖြစ်လေသည်။

ဟယ် ဒါဆို အမေ ပေါက်တယ်တော့

အေးသန်း ပျော်လွန်း၍ ခုန်ပေါက်ကာ အမေမှာလိုက်သည်များကို အဖေ့အား အမြန်ပြောကာ ဈေးကို ဒုန်းစိုင်းပြေးတော့သည်။ ဈေးမှ ပြန်လာသော် အိမ်မရောက်ခင် တအိမ်ကျော် အလို ကပင် အမေကြားအောင် အော်ဟစ် ဝင်လာလေသည်။

အမေရေ အေးသန်းတို့ နံပါတ်တော့၊ အေးသန်းတို့ ပေါက်ပြီ…ဟီးဟီး ပျော်လိုက်တာ အမေနော် အမေ့ကတိအတိုင်း ကျုပ်ကို ဝယ်ပေးရမှာပဲတော့ ဒီနှစ် ရပ်ကွက်ဘုရားပွဲမှာ အသစ်ဝတ်ချင်တာ နော် လို့

အေးပါအေ အေးပါ ပေးစရာရှိတာတွေ ပေးပြီး ညည်းလိုချင်တာ ဝယ်ပေးမယ် အိုကေ

အိုကေ အိုကေ ဟီးဟီး

ဒီတခါတော့ အေးသန်းကိုယ်တိုင်ပင် စိတ်ပါလက်ပါ ပြန်အိုကေရင်း သူဝတ်ချင်သော အင်္ကျီအသစ်လေးအား မျက်စိထဲ ကွင်းကနဲ ကွက်ကနဲ မြင်ယောင်နေရှာလေသည်။

**********************************

ဟယ် ဒေစီရယ် ရ၂ တဲ့ဟယ် နင်တို့ကလေ ငါမို့ ပြောရင် အလေးအနက် မရှိကြဘူး တကယ်ပဲ

မမဒေဝီကလည်း မမကဖြင့် အပိုင်ပြောတာလည်း ဟုတ်ပဲနဲ့ ဟုတ်နိူးနိူးနဲ့ မသေချာတဲ့ဟာကို

အမယ် ငါပြောပါတယ် ဘုန်းကြီးက ပုဝါကြီး ခေါင်းခြုံပြနေတာ ပါဝါချိန်းမှာလို့ ပြောနေသားပဲ

မမကလည်း ဘုန်းဘုန်းက တောတောင်ထူထပ်မယ် ချည်းပြောနေတာ မမပဲ ရ ပူးထွက်မှာ ဆို

အေးလေ ခုလည်း ပါဝါ တလုံးချိန်းပြီး ရ၂ ထွက်သွားတာပဲဟာ

ဟမ် မမကလည်း ပေါက်ဖော်မကြီး လုပ်နေပြန်ပြီ ဟားဟား ကဲပါ မမရယ် ၁၀ သိန်းဖိုး လောက်ကလေးများ တွေးမနေပါနဲ့ မမသက်တို့နဲ့ ချိန်းအုံး မနက်ဖြန် မနက် အိမ်ကကားနဲ့ပဲ သွားမှာလား သူတို့လာခေါ်မှာလားလို့

အေးပါ အေးပါ တော်သေးရဲ့ ၄ ယောက် စပ်ထိုးလို့ တယောက် ၂သိန်းခွဲလောက်ပဲ ကုန်တာ

ဘာပဲ ဖြစ်ဖြစ် ဒေဝီတို့ ညီအမက ဒါကိုပဲ ပျော်နေရလေသည်။ သူတို့မှာ ဒီလိုမျိုး နံပါတ်အတွက် ဘုန်းကြီးနောက်လိုက်ရင်းနဲ့မှ အပေါင်းအသင်းတွေနဲ့ တွေ့ရသည် မဟုတ်လား။ အပျိုကြီး မမမြ ဆိုလည်း ခင်စရာ အလွန်ကောင်း သည်။ ဆရာဝန်ကတော် ချိုသဲဆိုလည်း သူတို့ထဲမှာ အငယ်ဆုံးပေမဲ့ လူကြီး အဆန်ဆုံး၊ ကလေးမရှိတော့လည်း လွတ်လပ်စွာပင် သူတို့နှင့် အဖွဲ့ ကျကာ ညီအမရင်းများသဖွယ် ဖြစ်နေရသည်။ သူတို့ ၄ယောက် အဖွဲ့ အတွက် နံပါတ်ထိုးခြင်း သည် အပျော်မျှသာ။ မိဘများ ထားခဲ့သော အမွေကပဲ မနဲမနော၊ တလ တလ အစုစပ်ဝင် ထားသည့် လုပ်ငန်းများက ရသည်ပင် သုံးမကုန်။

ချိုသဲရေ မနက်ဖြန် မမဒေဝီတို့ လာဝင်ခေါ်မယ်လေ နော် ချိုသဲကားကြီး ထားခဲ့လိုက် ဟုတ်ပြီလား အေး အေး ဪ ဟို ချိုင်းစာရွက်တွေ မမေ့နဲ့အုံး ကွမ်ရင်ချိုင်းရော၊ ဝါစိန္တချိုင်းရော အေးအေး ဒါပဲနော်

ဟယ်လို မမမြလား ဒေဝီပါ မမရဲ့ အင်းလေ ပလုံတာပဲ မမရေ ဟင်းဟင်း ဒါပေမဲ့ စိတ်မပူပါနဲ့ နောက်တခေါက်ပေါ့ မမရယ် မနက်ဖြန် ခေါင်းချင်းဆိုင် ကြတာပေါ့နော်…အင်းအင်း ဝင်ခေါ်မယ်နော်မမ ဟုတ်ကဲ့ မမမြ

ဒေစီရေ မယုကြီးရော ဘယ်လိုလဲ ဖုန်းဆက်ကြည့်စမ်းပါအုံး

မဆက်တော့ဘူးလေ မမဒေဝီ ၊ သူ့ဘာသာ လာခဲ့မယ်လို့ ပြောလိုက်သားပဲဟာ ဟိုကျမှ တွေ့ကြတာပေါ့

မယုက သင်္ဘောသားကတော်၊ ငါးကြင်းဆီနှင့် ငါးကြင်းကြော်သူ၊ ဘယ်တော့မှ ကိုယ်ပိုင် ပိုက်ဆံနဲ့ မထိုးသူ ကော်မရှင်စား ဖြစ်လေသည်။

ဒေဝီတို့ အုပ်စုက မယုဆီကပဲ ထိုးနေကျ၊ ထိုးသားများလေ မယုအတွက် ကိုက်လေ…၊ ၅% ကော်မရှင် ရတာကို ပြန်ထိုးတာနဲ့တင် တွက်ခြေကိုက် သည်။ မပေါက်ရင် အရင်း၊ ပေါက်ရင် အမြတ် အလုံးအရပ် လျော့စရာ မရှိသူ ဖြစ်လေသည်။

*********************************

ဟင် အဘ မရှိဘူးလား

ဟယ် ဟုတ်ပါရဲ့ ဒီ ဘလက်ဘုတ်မှာ စာရေးသွားတယ်တော့

အပြင်သွားသည် နေ့လည် ၁း၅၇ တွင် တရားဟောပါမည်

တဲ့

မောင်ရွှေ ဒါဆို ခုမနက် အဘ တရားမဟောဘူးပေါ့

မဒေဝီက အဘရဲ့ ကပ္ပိယ အမျိုးသားကို အတည်ပြုသလို လှမ်းမေးရင်း ကျန်တဲ့သူတွေ အားလုံးကို ကဲ ဘာလုပ်ကြမလဲ ဆိုသည့် သဘောမျိုး မျက်ခုံးကလေး လှမ်းပင့်ပြလေသည်။

ကဲပါလေ အိမ်ပြန်မနေကြပါနဲ့တော့ ဆလွန်းသွား၊ မျက်နှာဆေး၊ ခေါင်းလျှော်ကြရအောင်ပါ

သူ့ဘာသာပဲ ပြောလည်းပြော၊ ဆုံးလည်း ဆုံးဖြတ်ကာ ကားပေါ်တက်ရင်း နောက်ပြန်ဆုတ် ကာ ချိုးကွေ့လိုက်လေသည်။

ခြံဝင်းထဲက ထွက်လာသော သင်္ဘောသားကတော် အုပ်စု၏ ကားလေးကို မြင်တော့ မခင်စိန် ခေါင်းလေး ငဲ့ကြည့်ကာ ပြံုးပြမိသည်။ ကားလေးကလည်း အကွေ့မို့ အရှိန် လျှော့ချမောင်းရင်း ကားမှန်တချပ် ပွင့်လာကာ ခေါင်းအပြင် ထွက်ရင်း လှမ်းပြောလေသည်။

အမ စိန်စိန်ရေ အဘ မရှိဘူး သိလား နေ့လည်မှ ဟောမယ်တဲ့ ဒေစီတို့ သွားပြီနော် နေ့လည်မှ တွေ့မယ် အိုကေ

ဟင် ဟုတ်လား အိုကေ အင်းအင်း

မခင်စိန် သက်ပြင်းချမိသည်။

တတ်နိုင်ပါဘူးလေ…အိမ်ပြန်လို့ လမ်းစရိတ် ကုန်မှာထက်စာရင် ဒီလမ်းထိပ် လက်ဖက်ရည် ဆိုင်ကပဲ စောင့်ရတာပေါ့။ မနေ့က ပေါက်ထားပေမဲ့ ဝယ်စရာ ခြမ်းစရာ၊ ပေးစရာ ဆပ်စရာတွေ ဝယ်ပြီး၊ ပေးပြီးတော့ လက်ထဲ ဘာကျန် တော့လို့လဲ။ အေးသန်းအတွက် အင်္ကျီ အပြင် ယောင်္ကျားအတွက် ပုဆိုးလေး တကွင်းလောက်လည်း ဝယ်ပေးအုံးမှပါ။ ကိုယ်တွေ ဘဝက သေဌေးဖြစ် ထိုးနိူင်တာမှ မဟုတ်တာပဲလေ… တွေးရင်းက လက်ဖက်ရည်ကို စိန်ပြေနပြေ သောက်ရင်း အချိန်ကို စောင့်လေသည်။

*********************************

ဟဲ့ ညည်းက နာမည် ဘယ်သူ

မညွန့် ပါ အဘ

အေး လာခဲ့ ဒီရှေ့နား

ဒီ အမျိုးသမီးက မျက်နှာသစ်၊ အဘဆီ လာတာ ဒါနဲ့မှ နှစ်ခေါက်မြောက်၊ ပြီးခဲ့တဲ့ အခေါက်က အချီကြီး မိသွားတယ် ဆိုလားပဲ။ အဘက မညွန့်ရဲ့ နားရွက်နောက် ထဲ အမွှေးတိုင် တတိုင် ထိုးညှပ်ပေးလိုက်ရင်း လက်ထဲကိုလည်း သီးမွှေးတလုံး ထည့်ပေးလိုက်လေသည်။ မခင်စိန်တို့လည်း အဘ လုပ်သမျှ၊ ပြောသမျှ မျက်တောင်မခတ်၊ အသက်ပင် မရှူနိူင်ပဲ လိုက်ကြည့်မှတ်နေကြ ရလေသည်။

မဂ္ဂင် ဘယ်နှစ်ပါးတုန်းဟဲ့

၈ပါး ပါ အဘ

အေးအေး ဟုတ်ပြီ ပြန်ကြ ပြန်ကြ ဒီနေ့ ဒါပဲ

အဘက ပြန်ကြဆိုသော်လည်း သူတို့ မပြန်နိူင်ကြသေး။ အောက်ထပ် ခြံဝန်းထဲ ရုံးစု ရုံးစုနှင့် ခေါင်းချင်းဆိုင်ကာ ယူလာခဲ့သမျှ ချိုင်းပေါင်းစုံ၊ တွက်နည်းပေါင်းစုံ နှင့် အဘပြောသွားခဲ့ တာတွေ တိုက်ကြည့်ရင်း နံပါတ် တွက်ကြလေသည်။

ဘာဂဏန်းကောင်းလဲ မယု

မဂ္ဂင် ဆိုတော့ မက ၅၊ ဂငယ်က ၂ ဆိုတော့ ပေါင်းရင် ရ ထွက်တယ် ၈ပါးကတော့ ၈က ၈၊ ပါးက ၅ ဆိုတော့ ၁၃၊ ကျမ အထင် နှစ်လုံးပေါင်း ၁၃ ထွက်မယ် ထင်တာပဲ

ဟဲ့ အမွှေးတိုင်နော် အမွှေးတိုင်…အဘ အမွှေးတိုင်သုံးရင် ရ အမြဲထွက်တယ်

ဒါဆို သီးမွှေးကရော ၆၊ ၅ နော် ပေါင်း ၁၁ ဆိုတော့ ၂ ၊ ပါဝါချိန်းရင် ရ ပဲလေ

တောင်ပေါ်ချိုင်းအရ ၅ ကောင်းနေတယ်နော် တွေ့လား မြောင်းမြမြို့ တွင် မိုးများမည် တဲ့

ဟုတ်ပြီ ရော့ မယု တို့အုပ်စုက တယောက် ၂သိန်းခွဲဖိုးစီပဲ ၄ဦးစပ် ဆယ်သိန်းဖိုး

မခင်စိန်ဖြင့် ၁၀သိန်းရှိရင် မထိုးတော့ပေါင်၊ အိမ်ရှေ့ အခြောက်အခြမ်းဆိုင် လေးပဲ တဲထိုးရောင်းတော့မယ်…အတွေးနဲ့ မချိပြံုးလေး ပြံုးရင်း အားလုံးကို နှုတ်ဆက်ကာ ကားကြီးဂိတ်ဘက် လမ်းလျောက်ရင်း ထွက်လာမိတော့သည်။

*********************************

အဘ ကျနော်က ဘယ်ဂဏန်းကို ပိတ်ရမလဲ ခင်ဗျာ

ဦးတင့်ဇော် ခင်ဗျား ငါးဟင်းကြိုက်သလားဗျ

မကြိုက်ပါဘူး အဘ

အေး မကြိုက်ရင် မဝယ်နဲ့ပေါ့ကွ

ဟုတ်ကဲ့ပါ အဘ ဒါ အဘအတွက် ကန်တော့တာပါ

အားလုံးပြန်ကြမှ ဦးတင့်ဇော်က အဘနားကပ်ကာ စာအိတ်ထူထူ တလုံးကို ကန်တော့ရင်း ပိတ်ဂဏန်းကို မေးရသည်။ ဒီလိုပါပဲလေ အဘလို ပုဂ္ဂိုလ်မျိုး တွေကတော့ ထိုးသားနဲ့ ဒိုင်အကြား တလှည့်စီ ပေးစားရင်း နှစ်ဘက်လုံး မနာစေရအောင် သတိနှင့် ဟောပြောကြ ရသည်သာ။ ငါးဆိုတာက ၅ပဲ ဖြစ်နိူင် သလို၊ ငါးက တင်္နလာနံမို့ ၂ လည်း ဖြစ်နိူင်သည်လေ။

ဒီလောက်ဆို ဦးတင့်ဇော်တို့က သိပြီ၊ ၂ နဲ့ ၅ အထိုင်ကွက်တွေ ဆွဲ ပိတ်ချရုံပင်။ သောင်းကွက်၊ သိန်းကွက်တွေကို အကုန် ပိတ်ပြီး ဆယ်ကွက်၊ ရာကွက် လောက်ပဲ ဖွင့်ပေးမည်။ ဒီလိုပဲ ဦးတင့်ဇော်တို့လို ဒိုင်ကြီးတွေက ဖောက်သည်လည်း မပျက်၊ ပေါက်တယ် ဆိုတဲ့ နာမည်လည်း ရအောင် လျော်နိူင်သမျှ ငွေကြေးပမာဏ နှင့် တွက်ချက် ကစားရလေသည်။

*****************************

ကျောင်း တကျောင်းလုံးမှာ သူနှင့် အဘ နှစ်ယောက်ထဲကျန်မှ မောင်ရွှေ ခြံတံခါး ပိတ်ပြီး အပေါ်ထပ် တက်ခဲ့သည်။ ဂဏန်း အထွက်မှာ ဘယ်သူတွေ သေဌေး ဖြစ်လို့၊ ဘယ်သူတွေဖြင့် အိမ်ပေါ်က ဆင်းပေးရတယ် ဆိုတဲ့ သတင်းမျိုးများ မောင်ရွှေတို့ အတွက် ရိုးလွန်းလှပြီ။

ဂဏန်းထိုးကြသူများတွင် ချမ်းသာလွန်း၍ အပျင်းပြေ ဝါသနာအရ ထိုးသူတွေ ရှိသလို၊ လောဘမကြီးပဲ မှန်မှန်လေး စားလောက်ရုံ ထိုးနေသူတွေလည်း ရှိကြသည်။ ဘဝတခုလုံးပြောင်းလဲဖို့ ရည်ရွယ်၍ မျှော်လင့်ချက်ကြီးကြီးထားကာ အပိုင်ကွက်ဟု တွက်ပြီး ပုံအော ထိုးနေသူများလည်း ရှိလေသည်။ ဒီကြားထဲမှာမှ မယုတို့လို ပါးနပ်သော ကော်မရှင်စား များလည်း ရှိသေးသည်။ မည်သို့ပင် ဆိုစေ မသေချာလှသော ဂဏန်းကလေး နှစ်လုံး အပေါ် မိမိ ဘဝ တခုလုံး ပုံလောင်းဖို့ ဆိုတာကတော့ အင်မတန်မှ မိုက်မဲလွန်းလှသည်။

မောင်ရွှေ ကိုယ်တိုင်ကရော….

ထိုးသားပဲပေါက်ပေါက်၊ ဒိုင်ပဲစားစား ဂဏန်းထွက်ပြီးလို့ စို့စို့ပို့ပို့လေး စားရသူ တိုင်းဆီက မုန့်ဖိုး ပဲဖိုးလေး လက်ဖြန့်စရာမလိုပဲ သူ ရနေကျ။ မယုတို့လို ငါးကြင်းကြော်နေဖို့တောင် မလို၊ သူများကြော်ပြီးသား မျှစားရုံ…။ မောင်ရွှေက ပါးနပ်သည်။ လည်ပတ်သည်။ အားလုံးနှင့် တည့်အောင် ပေါင်းသည်။ ဘယ်သူတွေ ခေါင်းမသုံးလို့ ဘယ်လိုပဲ မွဲဆေးဖော်ဖော် သူကတော့ အချိန်တန် လက်ထဲ ငွေစီ နေသည်သာ။

သူတို့ အားလုံးကို ကြည့်ရင်း မောင်ရွှေ သနားလှသည်။ မောင်ရွှေ့ ဒဿနက လောကကြီးမှာ အသက်ရှင်နေစဉ် နေတတ် စားတတ်ဖို့ သာ လိုသည် ဟူ၏။

ချစ်ကြည်အေး

LEAVE A REPLY

Please enter your comment!
Please enter your name here