ကျား​သစ်​များ​ကို​​ လေ့​လာ​ရန်​အ​တွက်​ CK​ ​ရေ​မွှေး​အ​သုံး​ပြု

alt

ဇီဝဗေဒ ပညာရှင်များသည် တောရိုင်း တိရစ္ဆာန် ဖြစ်သည့် ကျားသစ်များကို လေ့လာရာတွင် Calvin Klein (CK)​ ရေမွှေးအား အသုံးပြု နေကြောင်း သိရသည်။

ကျားသစ်များ၏ သဘာဝကို ကင်မရာများဖြင့် မှတ်တမ်းတင် လေ့လာ စောင့်ကြည့် နေသည့် တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့ကြီး (WCS) မှ ဇီဝဗေဒ ပညာရှင် ရိုမီဂါစီယာနှင့် ဂျိုဆေး မိုရီယာတို့သည် ကင်မရာများ အနီးသို့ ကျားသစ်များ ရောက်ရှိ လာစေရန် CK ရေမွှေး အနံ့က ဆွဲဆောင်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ ယင်းတို့သည် ဂွာတီမာလာရှိ တောနက်ကြီးများမှ ဂျာဂွာ ကျားသစ်များကို တစိုက်မတ်မတ် လေ့လာမှု ပြုလုပ် နေခြင်း ဖြစ်သည်။

၎င်းတို့သည် ဂျာဂွာ ကျားသစ်တို့၏ လှုပ်ရှားမှုများကို ထောင်ချောက် ကင်မရာများဖြင့် ရိုက်ယူကြသည်။ CK ရေမွှေးသည် အဆိုပါ သတ္တဝါကြီးများအား အနံ့ဖြင့် ဆွဲဆောင် နိုင်ကြောင်းကို နယူးယောက်မြို့ရှိ Bronx ဥယျာဥ်တွင် လက်တွေ့ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် လူ့ ပတ်ဝန်းကျင်မှ ရနံ့ (၂၃) မျိုးသည် တောရိုင်း တိရစ္ဆာန်များအား ဆွဲဆောင် နိုင်စွမ်း ရှိကြောင်း ပညာရှင်များက ဖော်ထုတ် တွေ့ရှိထားသည်။

ဂါစီယာနှင့် မိုရီယာတို့သည် (၂၀၀၇) ခုနှစ်ကတည်းက ဂွာတီမာလာတွင် ကျားသစ် တို့၏ ဓလေ့ သဘာဝကို လေ့လာမှုများ ပြုလုပ် နေခြင်း ဖြစ်သည်။ WCS​ သည် တောရိုင်း တိရစ္ဆာန်များ မျိုးသုဥ်း ပျောက်ကွယ်မည့် အခြေအနေကို ကာကွယ် နိုင်ရန် အတွက် ဂွာတီမာလာအပြင် ဗင်နီဇွဲလား၊ နီကွာရာဂွာ၊ ဘိုလီးဗီးယား၊ ပီရူးနှင့် အီကွေဒေါတို့တွင်ပါ ကင်မရာထောင်ချောက်များဖြင့် သားရိုင်း သတ္တဝါများ သွားလာ လှုပ်ရှားမှုကို မှတ်တမ်း ရယူနေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here