ဗြိတိန်ကို ခိုးဝင်နိုင်ရန်​ အတွက် မိုင်ပေါင်း ၈၀၀ ခရီးကို လေယာဉ်ဘီး ဖက်တွယ် လိုက်ပါခဲ့သူ

alt

ရိုမေးနီးယား နိုင်ငံသား တစ်ဦးသည် ဗြိတိန်နိုင်ငံသို့​ ခိုးဝင်ရန်​ အတွက် ပျံသန်းလာသည့် ခရီးသည်တင် လေယာဥ်ကြီး တစ်စင်း၏ ဘီးကို​ ဖက်ကာ စွန့်စွန့်စားစား လိုက်ပါ​ ခဲ့ကြောင်း သိရသည်။

အသက်​ (၂၀)​ အရွယ်ရှိ ယင်းအလုပ်လက်မဲ့ အမျိုးသားသည် ဇွန်လ​ (၆)​ ရက်နေ့က ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ လေဆိပ်မှ ဒူဘိုင်း​ တော်ဝင် မိသားစုပိုင် Boeing 747​ လေယာဥ်တစ်စင်း၏ ဘီးဝင်ရိုးကို​ ခိုကာ မိုင်ပေါင်း​ (၈၀၀)​ အကွာရှိ လန်ဒန်မြို့၊ ဟိသရိုး​ လေဆိပ်သို့ လိုက်ပါ​ လာခဲ့သည်။ လေယာဥ်သည် (-၄၁)​ ဒီဂရီ စင်တီဂရိတ်ထိ အေးခဲနေသော ကောင်းကင်ပြင်တွင် အမြင့်ပေ (၂၅၀၀၀)မှ ပျံသန်း​ လာခဲ့သော်လည်း ယင်းပုဂ္ဂိုလ်မှာ အထိခိုက် မရှိခဲ့ချေ။ ဟိသရိုး​ လေဆိပ် လုံခြံုရေး ဝန်ထမ်းများက အာဂသတ္တိခဲကို အရဖမ်းမိချိန်တွင် ၎င်းသည် အပေါ်ယံ​ ဒဏ်ရာ အနည်းငယ်သာရှိပြီး ကျန်းကျန်းမာမာပင် ဖြစ်ကြောင်း တွေ့ရှိရသည်။

ရဲများက နာမည်ထုတ်ဖော် ပြောဆိုခြင်း မရှိသော ထိုအမျိုးသားကို တစ်ရက်​ လုံးလုံး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ၎င်းသည် ရိုမေးနီးယားနိုင်ငံသား အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ လန်ဒန်တွင် အလုပ်အကိုင် ရရှိလိုသဖြင့် ယခုလို လေယာဥ်အောက်မှ ခိုးလိုက်လာခြင်းဟု လူစွန့်စား သတ္တိခဲကဆိုသည်။ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ အရာရှိက လေယာဥ်သည် လျှပ်စစ်မုန်တိုင်းများ တိုက်ခတ်နေသဖြင့် ပျံသန်းနေကျ အမြင့်ထက် နှိမ့်ချပျံသန်းခဲ့သဖြင့် ထိုသူ အောက်စီဂျင်ပြတ်ပြီး မသေဆုံးခဲ့ခြင်းဟု ပြောကြားခဲ့သည်။

လေယာဥ်ပေါ်တွင် ခိုးပြီးလိုက်လာပါက ပေါင်စတာလင် (၂၅၀၀)ထိ ဒဏ်ရိုက်နိုင်သော်လည်း လေဆိပ်တာဝန်ရှိသူများက ယင်းအား လွှတ်ပေးခဲ့သည်။ အဆိုပါ ပုဂ္ဂိုလ်သည် ဥရောပယူနီယံ အဖွဲ့ဝင် နိုင်ငံသားတစ်ဦး ဖြစ်နေခြင်းကြောင့် ဗြိတိန်တွင် နေထိုင်ခွင့်ကိုလည်း ဇွဲဆုအဖြစ် ရသွားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here