အားမာန်ပေးတဲ့ ဟင်းတစ်ခွက်

ဆောင်းပါး သရုပ်ဖေါ် © မင်း​ကျော်

မေမေ… ဒီနေ့ ဘာဟင်းချက်ရမလဲဟင်

မီးဖိုလေးထဲမှာ ထမင်းအိုးတည်နေသော အသက် ၁၂နှစ်အရွယ် ရ တန်း ကျောင်းသူ သမီး အကြီး ငွေနှင်း ကလှမ်းမေးသည်။ စနေနေ့ ရုံးပိတ်ရက်မို့ ရုံးသွားစရာ မလိုသဖြင့် အိမ်က ရေတွင်းမှာ အဝတ်လျှော်နေသော ဒေါ်ရွှေကြည် သမီးဖြစ်သူအမေးကို ပြန်ဖြေရန် အဖြေမဲ့သွားသည်… လကုန်ရက်ရောက်ဖို့ကလဲ အဝေးကြီး လိုသေးသည်.. ပြီးတော့ သူမယောကျ်ား ကိုထွန်းအေး ကလဲ အရင်ကတော့ ရုံးတစ်ခုမှာ ၀န်ထမ်း၊ ညပိုင်းတွင် ဆိုက်ကား နင်းရင်း အပိုဝင်ငွေ ရှာတတ်သည်.. လွန်ခဲ့သော ၅လခန့်က ကိုထွန်းအေး နင်းသော ဆိုက်ကားကို ကားတစ်စီးက ဝင်တိုက်ပြီး ကိုထွန်းအေး ခြေထောက် သွင်သွင် ကျိုးလေသည်… ရုံးအလုပ်မှ နားလိုက်ရပြီး အိမ်မှာ အငြိမ်းစားဘဝ ရောက်သွားတော့သည်. ဒေါ်ရွှေကြည်တို့မှာ သားသမီးလေးယောက် ရှိပြီး အကြီးဆုံးက ငွေနှင်း၊ အလတ်မ ငွေမှုန်၊ သားငယ်် အောင်ထွန်း… အငယ်ဆုံးလေး ငွေရည် အားလုံးက ကျောင်းသားတွေချည်း..

လောလောဆည် မိသားစု ၆ယောက်မှာ ဝင်ငွေရှိသူက ဒေါ်ရွှေကြည် တစ်ယောက်တည်းသာ.. သူမလစာနဲ့ မိသားစု ၆ယောက်ရဲ့ စားဝတ်နေရေးက ဘယ်လိုမှ လောက်ငှသည်မရှိ.. ဒေါ်ရွှေကြည်မှာလည်း ရုံးဝန်ထမ်းမို့ တစ်ခြား အပိုဝင်ငွေလဲ ရစရာမရှိ.. ရှာလဲ မရှာဖွေတတ်ပါ.. ဒီတော့ တစ်လလုံး သူမဝင်ငွေလစာနဲ့ ဒီမိသားစု စားစရိတ် ကျောင်းစရိတ်က ခေါင်းခြောက်စရာ.. စဉ်းစားတိုင်း အိပ်မရတဲ့ညပေါင်းလဲ မနည်းတော့.. ယခင်က စုဆောင်းထားသမျှလည်း ကိုထွန်းအေး ဆေးကုစဉ်က ကုန်ခဲ့ပြီ…

မေမေ .. သမီးမေးတာလဲ မဖြေဘူး.. ဘာဟင်းချက်ရမလဲလို့

သမီးကြီး ငွေနှင်းထံမှ အသံထပ်ပေါ်လာပြန်သဖြင့် ဒေါ်ရွှေကြည် အဝတ်လျှော်နေရာမှ မီးဖိုဘက်ကို ရောက်သွားရသည်… ဆန်အိုး ထဲတွင် ဆန်လဲအတော် နည်းနေပြီ.. ကြက်သွန်ဖြူနီ၊ ဆီ ဘာမှ မကျန်တော့… ချက်စရာ ဟင်းဖြစ်မဲ့ အရာတစ်ခုမှ မီးဖိုထဲတွင် ဒေါ်ရွှေကြည် မတွေ့မိပါ.. ဒီလ လကုန်ထိအောင် ဘယ်လိုများ စခန်းသွားရပါ့.. တွေးပြီး တော်တော်ကို စိတ်ဆင်းရဲမိတော့သည်.. ငွေနှင်းက ငပိရည်ကျိုတစ်ခွက်တော့ ကျိုထားပုံရသည်.. ထမင်းစားစားပွဲပေါ်တွင် ငပိရည်ကျိုတစ်ခွက်တော့ တွေ့မိသည်.. နောက်ထပ် ဘာအရွက်လေး ချက်ရင်ကောင်းမလဲ… မီးဖို ပြူတင်းပေါက်နားမှာ ရပ်ရင်း ဒေါ်ရွှေကြည် စဉ်းစားခန်း ဝင်နေမိပြန်သည်.. စဉ်းစားရင်း ခြံဝင်းထဲမှာ ချက်စရာ တစ်ခုခုတွေ့လို တွေ့ငြား လိုက်ကြည့်နေမိသည်.. ခြံထဲတွင် စိုက်ထားသော အသီးအရွက်မှာလည်း နေ့စဉ်နေ့တိုင်း ခူးစား၍ ကုန်သလောက်ဖြစ်နေပြီ.. ချဉ်ပေါင်ပင်လေးများဆို ငုတ်တိုလေးသာ ရှိတော့သည်.. ရွက်သစ်ပင် မထွက်နိုင်ရှာတော့.. ဆူးပုတ်ပင်ဆိုလျှင်လည်း ထိုနည်းအတိုင်း… အရွက်ကြမ်းကြမ်းများသာ အပင်ပေါ်မှာ ဝေဝေဆာဆာ… ချက်စားစရာ ဘာမှကို မမြင်မိတော့.. လက်ထဲမှာလည်း ဈေးဝယ်ဖို့လည်း ငွေက မရှိသလောက်၊

ထိုစဉ် ဒေါ်ရွှေကြည် တစ်ဘက်ခြံထဲသို့ မျက်လုံးအကြည့်က ရောက်သွားမိသည်.. ဒေါ်လှအေး တို့ခြံတွင်းရှိ ဘူးစင်ကြီးက အသီးနဲ့ အရွက်ဝေဝေဆာဆာ.. စိမ်းစိမ်းစိုစို.. ဘူးရွက်ဟင်းချိုလေး ချက်လိုက်ရရင် သိပ်ကောင်းမှာဘဲ… ရလာသော စိတ်ကူးကို သမီးငွေနှင်းကို ပြောပြလိုက်ရင်း ဒေါ်လှအေးတို့ခြံမှာ ဘူးရွက်နည်းနည်း သွားတောင်းဖို့ ငွေနှင်းကို ပြောလိုက်မိသည်.. ဒေါ်ရွှေကြည်တို့ နယ်ဘက်တွင် တစ်ခြံနှင့်တစ်ခြံ ကိုယ့်ရှိအရွက် သူခူး… သူ့ရှိအရွက် ကိုယ်ခူးသည့် အလေ့အထ ရှိသည်..

အာ.. မေမေကလည်း ဒေါ်လှအေးက ပါးစပ်ဒီလောက်ဆိုးတာ .. သမီး မတောင်းချင်ဘူး အမေရာ..

သွားလိုက်ပါ သမီးရယ်.. ငါးပိရည်ကျိုလေးနဲ့ ဘူးရွက်ဟင်းရည်လေး ချက်လိုက်ရင် စားလို့ဖြစ်ပြီဘဲ.. ဘူးရွက်လေးကို ငါးပိရည်လေးနဲ့ တို့စားလို့လဲ ကောင်းတယ်လေ.. လိမ္မာတယ် .. သွားတောင်းလိုက်နော်..

ငွေနှင်း မသွားချင် သွားချင်နှင့် ထွက်သွားသည်.. သိပ်မကြာပါ… ၁၀ မိနစ်ခန့်တွင် မျက်နှာနီရဲလျှက် မျက်ဝန်းတွင် မျက်ရည်စများ စို့လျှက် ဘူးရွက်လေး လက်က ကိုင်ပြီး ပြန်ရောက်လာသည်..

ဒေါ်ရွှေကြည် အလန့်တကြား မေးလိုက်မိသည်..

သမီး ငွေနှင်း ဘာဖြစ်လို့လဲဟင်..ဘာလို့ ငိုလာတာလဲ

ငွေနှင်းက ဘူးရွက်များကို ရေဇလုံထဲ ပစ်ချပြီး သမီးသွားတော့ ဒေါ်လှအေးက မရှိဘူး.. ဒါနဲ့ သူ့သမီး လဲ့လဲ့ဝင်း ဆီမှာ ဘူးရွက်ခူးမလို့လို့ပြောလိုက်တယ်.. လဲ့လဲ့ဝင်းက ခူးပါလို့ပြောတာနဲ့ ခူးပြီးတော့ သမီးလဲ ပြန်ထွက်လာတယ်.. အိမ်အထွက်မှာ ဒေါ်လှအေးနဲ့ တွေ့တယ်.. သူက သမီးတို့ကို ရစရာမရှိဘူး ပြောလိုက်တာ အမေရယ်.. ဘူးရွက်လေးတောင် မဝယ်စားနိုင်ရကောင်းလား… သူများခြံမှာ လာခူးစားတာ မရှက်ဘူးလားနဲ့ စုံနေတာဘဲ… သမီးရှက်လိုက်တာ အမေရယ်… ပြောပြီး မျက်ရည်များ စီးကျလာပြန်သည်..

ဒေါ်ရွှေကြည် ရင်ထဲမှာ နင့်ကနဲ ခံစားလိုက်ရသည်.. ဘူးရွက်ကလေး သွားခူးမိတဲ့အတွက် အရှက်မရှိသူများ ဖြစ်ရပြီ.. သို့သော်ကြာကြာစိတ်မကောင်းမဖြစ်အား. မနက်စာအမှီ ချက်ရဦးမည်.. အငယ်နှစ်ကောင်က ဗိုက်ဆာသည် အော်နေပြီ.. သူတို့မှာ မနက်စာကိုလည်း အများတကာလို ကောင်းကောင်းမွန်မွန် စားရရှာသည်မဟုတ်.. ထမင်းကြမ်း တစ်ယောက်နည်းနည်းစီသာ ကျွေးထားရသည်.. ခုဘဲ မနက် ၁၁နာရီ ရှိနေပြီဆိုတော့ မနက် ၆နာရီလောက်က ထမင်းကြမ်းသည် ဗိုက်ထဲမှာ ဘာမှကျန်တော့မည်မဟုတ်..

အိုးတစ်လုံးထဲ ရေထည့် ဆားအချိုမှုန့်၊ ငပိလေးအနည်းငယ်ထည့် တစ်လုံးတည်းကျန်နေသော ခရမ်းချဉ်သီး ကိုဖဲ့ရွဲ့ပြီး ထည့်လိုက်သည်.. ပွက်ပွက်ဆူလာသောအခါ ရေဆေးပြီး သင်ထားသော ဘူးရွက်ကို ဟင်းအိုးထဲထည့်ပြီး ခနအကြာ အိုးပေါ်မှ ချလိုက်ရင် မိသားစုအားလုံးစားဖို့ ထမင်းခူးခပ်ပြင်ဆင်လိုက်သည်.. အားလုံးပြင်ဆင်ပြီး ကိုထွန်းအေးကို ထမင်းစားခေါ်သည်.. သားသမီး ၄ယောက်ကိုလည်း အော်ခေါ်သည်.. ကိုထွန်းအေးက အိမ်ရှေ့ သစ်ပင်အောက်မှာ ကုလားထိုင်လေးပေါ်မှာ စာဖတ်နေရာမှ တုတ်ကောက်လေးကို အားပြုကာ အိမ်တွင်းသို့ ထမင်းစားရန် ဝင်လာသည်.. ကလေးအငယ် ၃ယောက်လည်း ပြေးပြေးလွှားလွှား ထမင်းစားပွဲကို လာထိုင်ကြသည်.. အကြီးမ ငွေနှင်းမှာ ထမင်းဝိုင်းသို့ရောက်မလာ..

ကိုထွန်းအေးက မေးသည်..

သမီးကြီးရော ထမင်းမစားဘူးလား

ဒေါ်ရွှေကြည် ဘာဖြေရမှန်းမသိ… သူသိပါသည်.. သမီးကြီးငွေနှင်းက အသက်ကလေးကလည်း သိတတ်သည့် အရွယ်ရောက်လာပြီ ရှက်ရကောင်းမှန်းသိလာပြီ.. ဟိုဘက်အိမ်က ဒေါ်လှအေးစကားက သမီးရဲ့ နှလုံးသားနုနုကို ထိခိုက်စေခဲ့ပြီ.. သူမ ထမင်းဝိုင်းမှ အသာထလိုက်ရင်း သမီးကို ထမင်းစားဖို့ သွားခေါ်တော့ သမီးက အခန်းထဲမှာ တရှံု့ရှံု့ငိုကောင်းတုန်း..

သမီး.. သမီးအဖေ မေးနေတယ်.. မငိုနဲ့တော့ .. လာထ ထမင်းစားရအောင်နော်..

သမီးမစားချင်ဘူး အမေရာ..

မစားချင်လို့ မရဘူးသမီး သမီးအဖေ စိတ်မကောင်းဖြစ်လိမ့်မယ်.. လာပါ ထပါသမီးရယ်.

ငွေနှင်း မျက်ရည်စကို အသာသုတ်၍ ထမင်းဝိုင်းသို့ လိုက်လာသည်.. ကိုထွန်းအေးက သူ့သမီးကို မြင်တာနှင့် ငိုထားမှန်း သိလေပြီ..

သမီးငွေနှင်း ဘာဖြစ်တာလဲ အဖေ့ကို ပြောစမ်းပါဦး.. ဘာလို့ငိုထားတာလဲ..

မေးလိုက်မှ ငွေနှင်းမျက်ရည် ဆည်ကျိုးသလို ပိုးပိုးပေါက်ပေါက် သွန်ကျလာလေသည်.. ပြီးတော့ ဘူးရွက် သွားတောင်းတုန်းက ဒေါ်လှအေး ပြောလိုက်တဲ့စကားတွေအကုန် ငိုရှိှုက်ရင်းက လုံးစေ့ပတ်စေ့ ပြောလေတော့သည်..

ငွေနှင်းစကားကို နားထောင်ရင်း ကိုထွန်းအေးမျက်နှာ နီရဲလာသည်..

မိန်းမ မင်းက ဘာလို့ သွားတောင်းခိုင်းရတာလဲကွာ ..မရှိရင် ရှိတဲ့ဟင်းနဲ့စားပေါ့.. နောက်ဘယ်တော့မှ ဒီလို မဖြစ်စေနဲ့… အင်း ငါတို့ကလဲ ဟုတ်တော့ ဟုတ်ပါတယ်.. မိသားစု ၆ယောက်မှာ ပိုက်ဆံရှာနိုင်တဲ့သူက မရှိတော့ ဒီလိုအပြောခံဖို့ ဖြစ်လာတာဘဲပေါ့.. ငါတို့လဲ ဒီအတိုင်းနေလို့တော့ မဖြစ်တော့ဘူး တစ်ခုခု လုပ်မှ ဖြစ်တော့မယ်…

ကျွန်မကတော့ ရုံးဆင်းချိန်နဲ့ ရုံးပိတ်ရက်တွေမှာ အိမ်တွေလိုက်ပြီး အဝတ်လျှော်မယ်လို့ စိတ်ကူးတယ်.. ဒါဆို အရင်းအနှီးလဲ မလိုဘူး.. အပိုဝင်ငွေလဲ ရလာမယ်လေ..

မိန်းမ မင်းက ရုံးသမားနော်.. သေချာစဉ်းစားဦး.. ဒီလို အဝတ်လိုက်လျှော်ရင် မင်းရုံးက လူတွေသိရင် မင်းအတွက် ရှက်စရာဖြစ်မယ်..

အိုး ဘာလို့ ရှက်ရမှာလဲ ကိုထွန်းအေး.. ပိုက်ဆံမရှိလို့ သူများဆီမှာ ဘူးရွက်ကလေး သွားတောင်းမိတာ ဘယ်လောက်အပြောခံလိုက်ရသလဲ.. ဒါကသာ ရှက်စရာကောင်းတာ… အဝတ်လျှော်တာ တောင်းစားတာလဲ မဟုတ်ဘူး.. မရှက်ဘူး..ကျွန်မ လုပ်ကိုလုပ်မယ်…

အေး .. ငါကတော့ ငါငယ်ငယ်က ဘကြီးဆီက သင်ခဲ့ဘူးတဲ့ ကြိမ်ခြင်းတွေယက်တဲ့ အလုပ်ကို အိမ်မှာ ယူလုပ်ဖို့ စိတ်ကူးရတယ်.. အိုးမကွာအိမ်မကွာပေါ့ကွာ.. ပင်ပန်းတာလဲ မဟုတ်တော့ ငါ့ခြေထောက်လဲ သုံးစရာမလိုဘူး.. ဒီလိုဆို ငါလဲ အိမ် အတွက် ဝင်ငွေ ရှာပေးနိုင်မယ်လေ..

သမီးသမီးအကြီးငွေနှင်းက ဝင်ပြောသည်.. အဖေနဲ့အမေ သမီးလဲ ကျောင်းအားတဲ့အချိန်တွေမှာ ဒေါ်တင်မာ့ဆီက အကြော်တို့ မုန့်ဖက်ထုပ်တို့ကို ယူပြီး ရပ်ကွက်တွေမှာ လိုက်ပြီး ရောင်းမယ်လေ..

ဖြစ်မလားသမီးရယ်.. စာကျက်ချိန်တွေ လျှော့သွားမှာပေါ့.. ဒေါ်ရွှေကြည်က သမီးကို စိတ်ပူစွာ ဝင်ပြောလိုက်တယ်..

ဖြစ်ပါတယ်အမေရယ်.. ညကျရင် အချိန်ယူပြီး စာပိုကျက်မှာပေါ့..

အမေ သမီးလဲ မမနဲ့အတူ ဈေးလိုက်ရောင်းကူမယ်လေ..

၁၀ နှစ် သမီး ငွေမှုန်လေးကပါ ဝင်ပြောသည်။

သားလဲ မမတို့နဲ့လိုက်မယ်..

၃ တန်းကျောင်းသားလေး အောင်ထွန်းကပါ စိတ်ဝင်တစား ဝင်ပြောလေသည်။ ထိုနေ့က ထမင်းဝိုင်းမှာ မည်သူမှ ထမင်း ဟုတ်တိပတ်တိ မစားဖြစ်လိုက်.. မိသားစု ဝင်ငွေရရှိရေးအတွက် ၀ိုင်းစဉ်းစားကြရင်း အားလုံးက တက်ကြွနေကြသည်.. ဒီနေ့တော့ ဒေါ်ရွှေကြည်တို့ မိသားစုကို ဒီလို ကိုယ်စီကိုယ်ငှ အလုပ်လုပ်ကြဖို့ ခွန်အားပေးလိုက်တာက စားပွဲပေါ်က ဘူးရွက်ဟင်းလေး တစ်ခွက်ဘဲ ဖြစ်ပါလိမ့်မည်.. ပိုက်ဆံမရှိ၍ သူများထံမှာ အောက်ကျ နောက်ကျခံရခြင်းထက် မိမိလုပ်အားနဲ့ ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး စားရသော ထမင်းက ပိုချိုကြောင်း၊ လိပ်ပြာသန့်ကြောင်းကို သိလိုက်ရပါပြီ..

နောက်နေ့မှစ၍ သူတို့မိသားစု အလုပ်ကိုယ်စီ လုပ်ကြသည်.. ဖခင်ဖြစ်သူက အိမ်မှာ ချက်ပြုတ်ရင်း ခြင်းတောင်းများကို ယက်သည်။ မိခင် ဒေါ်ရွှေကြည်က ရုံးတစ်ဘက်နှင့် အားချိန်တွင် အိမ်တကာလည်၍ အဝတ်လျှော်သည်။ သားသမီးများက ကျောင်းအားချိန်တွင် ရပ်ကွက်များတွင် ဈေးလိုက်ရောင်းသည်။ ထိုနည်းဖြင့် အိမ်စားရိတ်၊ ကျောင်းစားရိတ် လုံလောက်စွာ ရလာသည့်အပြင် အပိုဝင်ငွေလေးများ စုမိ ဆောင်းမိအောင် မိသားစုတစ်ခုလုံး တက်ညီလက်ညီ ကြိုးစားကြလေသည်။ သိပ်မကြာခင်ကာလတွင် အိမ်ဆိုင်ကလေး တည်လာနိုင်ပြီး ကလေးများလည်း ရပ်ကွက်တွင်း ဈေးလိုက်ရောင်းစရာ မလိုတော့ဘဲ တည်တည်ငြိမ်ငြိမ်နှင့် အိုးမကွာ အိမ်မကွာ စာကျက်ရင်း ဈေးရောင်းလာနိုင်ကြသည်။

ထိုချိန်မှစ၍ နှစ်ပေါင်း ၁၅ နှစ်ကြာတဲ့အချိန်မှာတော့ ဒေါ်ရွှေကြည်ဟာ သူမရဲ့ရုံးမှာ လက်ထောက် ညွှန်ကြား ရေးမှူး ဖြစ်နေခဲ့ပါပြီ… ဒေါ်ငွေနှင်းကတော့ တက္ကသိုလ်တစ်ခုမှာ တွဲဘက်ပါမောက္ခ ဖြစ်နေခဲ့ပြီး အလတ်မလေး ငွေမှုန်ကတော့ ဆေးရုံတစ်ခုမှာ ဆရာဝန်မလေးပါ.. သားအငယ်ဖြစ်သူ အောင်ထွန်းမှာ နိုင်ငံရပ်ခြား တစ်နိုင်ငံမှာ အလုပ်လုပ်နေခဲ့ပါပြီ.. အငယ်ဆုံးလေး ငွေရည်က နည်းပညာတက္ကသိုလ်မှာ တက်ရောက်လို့နေခဲ့ပါပြီ..

ဒီဇာတ်လမ်းလေးကို နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပြောပြချက်အရ ရေးဖွဲ့ဖြစ်ပါတယ်…နံမည်မှ လွဲ၍ ကျန်တဲ့အချက်အလက်များသည် တကယ့် အဖြစ်မှန်ပေါ်တွင် ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ ဘဝတွင် သင်ခန်းစာယူ၍ ကြိုစားမည်ဆိုလျှင်ဖြင့် မအောင်မြင်လာစရာအကြောင်း ဘာမှမရှိပါဆိုတာ သက်သေပြနေသလို အလုပ်ဟူသမျှ ဂုဏ်ရှိစွဟု သဘောထား၍ ကြိုးစားခဲ့သော ထိုမိသားစုလေးကို အတုယူအားကျဖို့ ဒီဝတ္ထုလေးကို ရေးဖွဲ့ဖြစ်ပါသည်။

ချော(အစိမ်းရောင်လွင်ပြင်)

www.missgreenlady.com

LEAVE A REPLY

Please enter your comment!
Please enter your name here