ထောက်ပံ့ရေး သင်္ဘောများအား ပိတ်ဆို့မှု ကိစ္စ အစ္စရေး တုန့်ပြန်

alt

ဂါဇာထောက်ပံ့ရေး သင်္ဘောများအား ပိတ်ဆို့မှုကြောင့် နိုင်ငံတကာ ဝေဖန်မှုများ ကြံုတွေ့ နေရသည့် အချိန်တွင် အစ္စရေး စစ်တပ်က သင်္ဘောများအား စီးနင်းစဥ် ဒဏ်ရာ ရရှိခဲ့သော စစ်သားများ၏ ပုံကို ထုတ်ဖော် ပြသ လိုက်ပြီး

ယင်းတို့အား သင်္ဘောပေါ်မှ လူများက စတင်ရန်ပြု တိုက်ခိုက် ခဲ့ခြင်းဟု ကြေညာ ခဲ့သည်။

အစ္စရေး တို့၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးခဲ့သည့် Mavi Marmara သင်္ဘောပေါ် တက်ရောက် စီးနင်းခဲ့သည့် အစ္စရေး ကွန်မန်ဒို အချို့၏ သွေးသံရဲရဲ ရုပ်ပုံများအား သင်္ဘောပေါ်ရှိ အမည် မဖော်ပြသူ လူတစ်ဦးက ရိုက်ယူ ထားခြင်း ဖြစ်ပြီး ဒေါသ ထွက်နေသော လူအုပ်ကြီးက အစ္စရေး ရေတပ်သားများအား စတင် တိုက်ခိုက် ခဲ့ခြင်း၏ သက်သေ အဖြစ် အစ္စရေး ရေတပ်က ဖော်ပြ ခဲ့သည်။

အစ္စရေးသည် ယခင် ကတည်းက ရေတပ် ကွန်မန်ဒိုများကို Mavi Marmara တွင် လိုက်ပါ လာသူများက စတင် တိုက်ခိုက်ခဲ့ကြောင်း ကြေညာ ထားသည်။ ယခုအခါ နိုင်ငံတကာမှ အစ္စရေး အပေါ် ဖိအားများ တိုးမြင့် လာသည့် အတွက် သင်္ဘောပေါ်တွင် ဆိုးဆိုးရွားရွား ဒဏ်ရာ ရခဲ့သည့် ဓာတ်ပုံများကို အစ္စရေးက ဖော်ပြ လိုက်ခြင်းဖြစ်သည်။

ဂါဇာထောက်ပံ့ရေး သင်္ဘောပေါ်မှ လူ(၆)ဦးအား ပစ်သတ်ခဲ့ကြောင်း ကိုယ်တိုင် ထုတ်ပြောထားသည့် အစ္စရေး တပ်သား တစ်ဦးက မိမိတို့ ရဟတ်ယာဥ်မှ သင်္ဘော ကုန်းပတ်ပေါ် ကြိုးဖြင့် တွယ်ဆင်းပြီး ချက်ချင်း လိုလို အဖွဲ့သား(၃)ဦး ဒဏ်ရာများ ရသွားကြောင်း၊ သင်္ဘောပေါ်မှ လူတစ်ဦးသည် အစ္စရေး ကွန်မန်ဒို တစ်ဦး၏ ဦးခေါင်းကို ပစ္စတို တစ်လက်ဖြင့် ချိန်ထားကြောင်း ဂျေရုဆလင်ပို့စ် သတင်းစာသို့ ပြောကြား ခဲ့သည်။ ထို့အပြင် ပုဆိန်များ၊ ဓားများဖြင့် ရန်ပြုရန် ကြိုးပမ်းလာခြင်းကြောင့် ကာကွယ် ပစ်ခတ် ခဲ့ကြောင်း ယင်း စစ်သားက ဆိုသည်။

ယင်းရေတပ် အရေးအခင်း နောက်ပိုင်း ဂါဇာ ဒေသအား ပိတ်ဆို့ ထားမှုကို ဖွင့်ပေးရန် နိုင်ငံတကာက တောင်းဆို ခဲ့သော်လည်း အစ္စရေးက ပြတ်ပြတ်သားသား ငြင်းပယ် ထားဆဲဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here