ရွှေရတု တိုင်ပြီဖြစ်သော အမေရိကားရောက် ဗန်ဒို

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် (လှိုင်းဘွဲ့ )

အမေရိကန် နိုင်ငံမှာ မြန်မာ့ ရိုးရာသိုင်း လေ့ကျင့်ရေး ကျောင်းတွေ ရှိပါတယ် အကယ်လို့ ထိရောက်တဲ့

ကိုယ်ခံပညာ သင်ယူလိုပါက ဆက်သွယ် သင်ယူနိုင်ကြပါတယ်၊ တကယ်တော့ ကမ္ဘာ့နိုင်ငံ အတော်များများ မှာပါ မြန်မာ့သိုင်းကို သင်ယူ နိုင်ကြပါတယ်လို့ သိရပါတယ်။

အမေရိကန်ကို မြန်မာ့ သိုင်းတမျိုးဖြစ်တဲ့ ဗန်ဒို ကိုယ်ခံပညာ စတင်ရောက် ရှိလာတာ ၁၉၆၀ ခုနှစ်လောက်က ဖြစ်ပြီး၊ ဆရာကြီး ဒေါက်တာ မောင်ကြီး က ဝါရှင်တန်ဒီစီ မှာ ဟံသာဝတီ ဗန်ဒိုစံနစ်ကို စတင်ပညာကို သင်ကြား ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုအချိန်မှာ သိရသလောက် ကတော့ အဲဒီ ဗန်ဒိုပညာကို အိုဟိုင်းအိုး၊ အနောက် ဗာဂျီးနီးယား၊ ဝါရှင်တန် ဒီစီ၊ နယူးယောက် တဝိုက်နဲ့ အခြားပြည်နယ် အချို့မှာ သင်ကြားနိုင်မဲ့ သင်တန်းကျောင်းတွေ ရှိပါတယ်၊ သူတို့ ကျောင်းတွေမှာ ဆရာတွေကို မြန်မာလို ဆရာလို့ဘဲ ရှေ့ကတပ်ပြီး ခေါ်ကြပါတယ်၊ အောင်မြင်တဲ့ သင်တန်းကျောင်း တွေထဲမှာ Advanced Fighting System (Thaing.net လောလော ဆယ်တော့ အဲ့ဒီ ဝဘ််ဆိုဒ် ပြင်နေတယ်) ကတော့ အောင်မြင်တဲ့ ဖိုက်တာတွေ မွေးထုတ်ပေးနေပြီး နာမည်ကြီး လှပါတယ်၊ သူကတော့ MMA ပြိုင်ပွဲတွေမှာ ဝင်ပြိုင်လေ့ရှိပြီး ဒေသတွင်း ချန်ပီယံတွေ အတော်များများ သူ့အသင်းမှာ ရှိတယ်၊ သူတို့ သင်တန်းကျောင်း ကတော့ အမေရိကန် ဗန်ဒိုအသင်း အဖွဲ့ဝင်တော့ မဟုတ်ဘူး၊ သင်တန်းထူထောင်တဲ့ ဆရာဖေး(Phil ) ရဲ့ အဖိုးက မြန်မာပြည်မှာ နေခဲ့ပြီး သူတို့ သိုင်းကတော့ ကချင်ရိုးရာ ကိုယ်ခံပညာ ပုံစံကို အခြေခံတယ်လို့ ဆိုပါတယ်၊ Phil Dunlap ကသူရဲ့သင်တန်း အကြောင်း ရှင်းပြထားတာကို Inside Martial Arts Episode on Burmese Boxing ဆိုပြီး ယူတုဘ် အင်တာနက် ချာနယ်မှာ ရှာကြည့်နိုင်ပါတယ်၊။

သူ့ဆီမှာ နှစ်ပေါင်းတရာကျော်က ဓားအချို့ အခုထိ သိမ်းထားတာ ရှိပါတယ်၊ ဟို တလောတုန်း ကတော့ လူတယောက်ကို သိုင်း သင်မပေးနိုင်ဘူးလို့ ငြင်းလိုက်လို့ လူတန်းစား ခွဲခြားမှုနဲ့ သူ တရားရုံးမှာ အမှုရင်ဆိုင် လိုက်ရပါသေးတယ်၊ ဖြစ်ပုံက သိုင်း လာသင်တဲ့ သူက သူ့ကို ဖမ်းတဲ့ရဲကို ပြန်ဆော်ချင်လို့ ပါတဲ့၊ အဲဒီ ရဲအရာရှိ ကလည်း သူတို့ ကျောင်းမှာဘဲ သိုင်း လာသင်နေတဲ့သူ ဖြစ်နေလေတော့ အတော်ရှင်း လိုက်ရသေးတယ်တဲ့၊ နောက်တော့ အမှုနိုင်သွားလို့ တော်ပါသေးရဲ့။

အမေရိကန် အထူးတပ်ဖွဲ့တွေ၊ လုံခြံုရေး အရာရှိတွေကို အဓိက သင်ပေးနေတဲ့ ကျောင်း ကတော့ Way of the Warrior လို့ အမည်ပေးထားတဲ့ Bando System သင်တန်းကျောင်း ဖြစ်ပါတယ်၊ သူတို့ ဆီကလည်း နာမည်ကြီး ဖိုက်တာတွေ မွေးထုတ်ပေးပါတယ်၊ သူတို့ ကျောင်းရဲ့ စိတ်ဝင်စားစရာ ကောင်း ကိုးကားထားတဲ့ အဖွဲ့ဆောင်ပုဒ် တခုကတော့ ၁၉၁၀ ခုနှစ်က အမရပူရ ဆရာတော် မိန့်ကြားတော် မူခဲ့တဲ့

No system is completely unique. No system is completely independent from external and internal influences. Every system evolves over time by integration, modification and restructuring, resulting in what we then call “uniqueness.” Overtime, this unique system will also change.

အဆိုကို ကောက်နှုတ် ယူတာပါပဲ၊ နောက် သင်တန်းကျောင်းတွေ ကတော့ Greater Hartford Bando ကျောင်း၊ မြောက်-ဗာဂျီးနီးယားကျောင်း၊ နယူးအင်္ဂလန် ဗန်ဒို ကလပ် စသည်ဖြင့် ရှိပါတယ်၊ နောက်ပြီး ပြင်သစ်ပြည် မှာလည်း ဗန်ဒိုကို အတော်လေ့လာ သင်ယူ ကြတယ်လို့ သိရပါတယ်၊ တခြားနိုင်ငံတွေ အတော်များများ ကတော့ မြန်မာနိုင်ငံနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး နိုင်ငံတကာအဖွဲ့ ဖွဲ့ထားကြပါတယ်၊ တချို့ကလည်း သီးခြားပုံစံနဲ့ သင်ကြတာ ရှိပါတယ်၊ ဘာဘဲပြောပြော တခု သတိထားမိတာ ကတော့ Wikipedia မှာ Bando ဆိုပြီး ရှာကြည့်ရင် သရုပ်ပြတဲ့ လူတွေက မြန်မာတွေ မဟုတ်ဘဲ ဖြစ်နေတာကိုပါ။

သိုင်း သင်ကြားပေးတဲ့ ပုံစံကို ဆက်ရရင်တော့…. အမေရိကန် ဗန်ဒို သင်တန်းကျောင်း တွေမှာ ဗန်ဒိုရဲ့ အခြေခံ ကျင့်စဉ်တွေနဲ့ အဓိက ပုံစံ ၉မျိုးဖြစ်တဲ့ Bull, Boar, Cobra, Viper, Python, Panther, Tiger, Scorpion နဲ့ Eagle ပုံစံတို့ကိုလည်း အထူးပြု သင်နိုင်ပါတယ်၊ ဒီလိုသင်ကြားတဲ့ နေရာမှာလည်း မိမိနဲ့ ကိုက်ညီတဲ့ပုံစံကို ရွှေးချယ်ပြီး သင်ယူမှ ပိုပြီး အောင်မြင်နိုင်ပါတယ်၊ ဥပမာ။ ။ လူထွားကြီး တယောက်ကို သင်တဲ့ပုံစံနဲ့ ခပ်သေးသေး လူတယောက်ကို သင်တဲ့ပုံစံ မတူပါဘူး၊ လူထွားကြီး အနေနဲ့ Bull စတိုင်လ် Boar စတိုင်လ် တို့ကို သင်ယူ လေ့ကျင့်မှသာ ပိုမိုထိရောက် အောင်မြင်နိုင်ပြီး၊ ခပ်သေးသေး လူတယောက် အနေနဲ့တော့ Scorpion တို့ Eagle စတိုင်လ်တို့ သင်ယူ သင့်ပါတယ်၊ အမှန်ကတော့ အခြေခံ ဗန်ဒို လေ့ကျင့်ခန်းတွေ ပြီးသလောက်ရှိမှ မိမိဆရာနဲ့ တိုင်ပင်ပြီး ကိုက်ညီတဲ့ စတိုင်လ်ကို ရွေးချယ်ပြီး ဆက်လက်လေ့ကျင့် သင့်ပါတယ်၊ နောက်ပြီး မိမိရဲ့ စိတ်နေသဘာဝ ကလည်း သိုင်းသင်ယူ လေ့ကျင့်တဲ့ နေရာမှာ အရေးပါ ပါတယ်၊ စိတ်ဆတ် စိတ်တိုလွယ်တဲ့ လူအတွက် တမျိုး စိတ်ရှည်တဲ့ လူအတွက်တမျိုး လေ့ကျင့်ခန်းတွေ ရှိနိုင်ပါတယ်၊ နောက်ပြီး မိမိက အသတ်အပုတ်မှာ အလွန် လက်မြန်တဲ့ လူလား လက်ဦးမှု ယူပြီး စတင် တိုက်ခိုက် တတ်သူလား ဒါမှမဟုတ် ရန်သူက စတင်တိုက်ခိုက် လာချိန်မှာ ရန်သူရဲ့ တိုက်ခိုက်လာပုံ အရ တန်ပြန် တိုက်ခိုက် တတ်သူလား ဆိုတာလည်း အရေးပါတဲ့ အချက်ဖြစ်ပါတယ်၊ စသည်ဖြင့် မိမိအကြိုက် အပြင် မိမိနဲ့ ကိုက်ညီတဲ့ ပုံစံကို ဦးတည် လေ့ကျင့်နိုင်ပါတယ်။

ဗန်ဒို အခြေခံ ပညာတွေကို တနှစ်လောက် လေ့ကျင့်ပြီး အဆင့်တခု ရောက်မှသာ တုတ်၊ ဓား စတဲ့ လက်နက်ပညာ ကို စတင်လေ့ကျင့် နိုင်ပါတယ်၊ ဒီနေရာမှာ ဗန်ဒို က လက်နက်မဲ့ ကိုယ်ခံပညာကို အခြေခံထားပြီး၊ ဗန်ရှည် ကတော့ လက်နက်နဲ့ တိုက်ခိုက်တာကို အဓိက ထားပါတယ်၊ နောက်ပြီး အခြား မြန်မာ့ကိုယ်ခံ ပညာများမှာ လက်ဝှေ့၊ နဘမ်း၊ သိုင်းပြောင်းပြန်၊ ဘုန်းကြီးသိုင်း (ပွဲကျောင်း) စသည်ဖြင့် ရှိပါသေးတယ်၊ အမေရိကန် မှာတော့ ဗန်ဒိုမှာ ဂေါ်ရခါး ဓားကောက် နဲ့ တိုက်ခိုက်တာကိုပါ ထည့်သွင်း လေ့ကျင့် ပါတယ်၊ အမှန်တော့ ဂေါ်ရခါး ဓားကောက်နဲ့ ဆင်တူတဲ့ ဓားမြှောင်ပုံမျိုး မြန်မာ စတိုင်လ် မှာ ရှိပါတယ်၊ ဒါပေမယ့် ဗြိတိသျှ စစ်တပ်က ဗန်ဒိုကို စစ်တပ်ရဲ့ တိုက်ခိုက်ရေး ပညာအဖြစ် လေ့ကျင့်ခဲ့ပြီး ဂေါ်ရခါး လူမျိုး အရာရှိတွေက ဦးဆောင်ပြီး စံနစ်တကျ ဖြစ်အောင် လုပ်ခဲ့ကြ ပါတယ်၊ ဒါနဲ့ ဂေါ်ရခါး ဓားကောက်က အင်တာနေရှင်နယ် ဗန်ဒို လေ့ကျင့်ရေးမှာ ပါဝင် လာတာပါ။

ဗန်ဒို ပညာက ရှေးမြန်မာတွေရဲ့ တိုက်ခိုက်ရေး ပညာရပ်တခု ဖြစ်ပြီး၊ ဒီပညာတွေနဲ့ တိုင်းပြည်ကို တည်ထောင် ကာကွယ်ခဲ့သလို၊ အချင်းချင်း သတ်ပုတ်ယှဉ်ပြိုင် ခဲ့ကြပါတယ်၊ ဒီတော့ ဒေသအလိုက် သိုင်းပညာတွေဟာ ကွဲလွဲမှု ရှိခဲ့ကြပြီး၊ အချို့ ပညာရပ်တွေ ကတော့ ကွယ်ပျောက်သလောက် ရှိနေပါပြီ၊ ဘာလို့လည်း ဆိုတော့ မိမိအဖွဲ့ရဲ့ လျို့ဝှက်တိုက်ကွက် ကို ဆွေမျိုးသားချင်း လူရင်းတွေကို သာ သင်ပေးလေ့ ရှိခဲ့လို့ ဖြစ်ပါတယ်၊ ဒီလိုမှ မဟုတ်ရင် တဖက်က မိမိတိုက်ကွက်ကို သိသွားပြီး တန်ပြန်တိုက်ကွက် ဖော်ထုတ်တိုက်ခိုက် လာမှာ ဖြစ်လို့ပါ၊ ကိုလိုနီ ဗြိတိသျှခေတ် အတွင်းမှာလည်း အရပ်ထဲမှာ ကိုယ်ခံပညာ လေ့ကျင့်ခွင့် ကို တင်းကြပ်ပိတ်ပင် ထားတာက တကြောင်း သိုင်း လေ့ကျင့်သူကို သူပုန် ထမည့်သူလို့ သတ်မှတ်ခဲ့ပါတယ်၊ ခေတ် အဆက်ဆက်မှာ အကြောင်း အမျိုးမျိုးကြောင့် မြန်မာ့ သိုင်းပညာများဟာ ကြီးထွား သင့်သလောက် ကြီးထွားခွင့် မရခဲ့ ပြန်ပါဘူး၊ အခုခေတ် မှာလည်း မြန်မာပြည်မှာတောင် ရိုးရာသိုင်း သင်ဖို့ဟာ မလွယ်ကူပါဘူး၊ ခေတ်စားပြီး လက်တွေ့ မကြတဲ့ အားကစားကို အခြေခံတဲ့ နိုင်ငံခြားက ကိုယ်ခံပညာတွေက မြို့ပေါ်မှာပဲ နေရာ ရနေကြလို့ ဖြစ်ပါတယ်၊

ဘာဘဲပြောပြော မြန်မာ့ သိုင်းပညာကို နိုင်ငံတကာမှာ ပြန်လည်ထွန်းကား လာတာကို တွေ့ရတော့ အလွန်ကို အားရမိပါတယ်၊ နောက်ဆိုရင် မြန်မာတွေ နိုင်ငံခြားမှာ နိုင်ငံခြားသား ဆရာတွေနဲ့ မြန်မာ့သိုင်းကို ပြန်သင်နေရမှာလည်း စိုးရိမ်မိပါရဲ့၊ အဲ…. နိုင်ငံတကာမှာတော့ မြန်မာ့သိုင်းကို သင်ချင်ရင် ငွေကြေး အတော်အတန်ရှိမှ ဖြစ်မှာပါ၊ သိရသလောက် ကတော့ မြောက-်ဗာဂျီးနီးယား ဘက်မှာ ဗန်ဒိုသင်တဲ့ အမေရိကန် ဆရာ တယောက်က ကိုယ့်ဟာကို လူစုပြီး သင်ချင်သူတွေ၊ သီးသန့် သင်ယူလိုသူတွေ အတွက် တချိန်သင်ခ ဒေါ်လာ ၂၅၀ ယူတယ်လို့ သိရပါတယ်။

ပြန်စဉ်းစားကြည့်ရင် စာရေးသူ ငယ်ငယ်က ရိုးရာ သို်င်းပညာကို အဆင့်တခု အထိ တတ်အောင် မသင်ခဲ့ရတာကို အခုမှ နှမြောနေမိသည်၊ ဆရာနဲ့လည်း တွေ့ခဲ့ကြံုခဲ့ ပေမယ့် ထိုးတတ်ကြိတ်တတ် ယုံလောက်ဘဲ သင်ခဲ့ရသည်၊ အင်း.. နောက်ပြီးအဖွား မကြိုက်တာလည်း ပါသည်၊ အကိုကတော့ သိုင်းဆရာကြီး တယောက်ကို အိမ်ကိုခေါ်လာပြီး ငှက်ပျောပွဲ၊ အုန်းပွဲတွေ ပြင်ပြီး ခြံဝင်းထဲမှာ အမှန်အကန် သင်ဖို့ လုပ်ခဲ့ဖူးသည်၊ နောက်တော့ အဖွားရဲ့ တုတ်သိုင်းကို မယှဉ်နိုင်တာနဲ့ အကိုရော သိုင်းဆရာကြီးရော တခြားတနေရာကို နေရာ ရွှေ့သွားခဲ့ရသည်၊ အဖွားချစ်တဲ့ စာရေးသူ ကတော့ အဖွားမကြိုက်တာ မလုပ်ပါဘူးဆိုပြီး အိမ်မှာဘဲ ကျန်ခဲ့ဘူးသည်၊ နောက်တော့ သူငယ်ချင်း ကွမ်းခြံမှာ ရွှေဘိုဘက်က ဆရာတယောက်နဲ့ သိုင်းပြောင်းပြန် သင်ကြပြန်ရော..၊ ဆရာက သူငယ်ချင်း ကွမ်းခြံမှာ အလုပ် လာလုပ်ရင်းနဲ့ ကြံုလို့သင်ကြတာ ဖြစ်သည်၊ နောက်တော့ အကြောင်း အမျိုးမျိုးကြောင့် သိုင်းသင်တာ တခန်းရပ် သွားပြန်တော့သည်။

နောက်တခါ ဆရာတယောက်နဲ့ ထပ်တွေ့ ပြန်ပါသေးတယ်..၊ သူကတော့ သိုင်းပညာ ဆိုတာ သူများကို ဆော်ဖို့ကြီး မဟုတ်ဘူး၊ ခုခံ ကာကွယ်ဖို့ နောက်ပြီး စိတ်ဓာတ်ကို အရင် ခိုင်အောင် လုပ်ရတယ် ဆိုပြီး၊ တရားထိုင်တာက အစ စံနစ်တကျ သင်ပေးပါတယ်၊ နောက်တော့ ဆရာ ခင်ဗျာလည်း ဆင်းဆင်းရဲရဲ စီးပွားရေး အဆင်ပြေလှတာ မဟုတ်တော့ တခြား ရေကြည်ရာ မြက်နုရာ တနယ်ပြောင်းတော့ စာရေးသူနှင့် ရိုးရာ သိုင်းသင်ကြားမှု ဇါတ်လမ်း အဆက်ပြတ်ခဲ့ ရတော့သည်။ ဒီလိုနဲ့ နှစ်အတော်ကြာ မြို့ရောက်တော့ အလွယ်တကူ လက်လှမ်းမှီတဲ့ ကျောင်းက ကရာတေး ကလပ်မှာဘဲ ဝင်ကစား ဖြစ်ပြီး ရိုးရာသိုင်းနှင့် လုံးဝ အဆက်ပြတ် သွားရတော့သည်၊ အင်း..အခုများတော့ အဲ့ဒီတုန်းက ရိုးရာ သိုင်းဆရာတွေကိုများ အမေရိကားကို ခေါ်လာပြီး ကလပ်ထောင် သင်တန်းပေး လိုက်ရရင် အခုချိန် အတော် အဆင်ပြေမှာဟု သရိုးသရီ တွေးမိသေးသည်။

စာရေးသူ ဆရာတွေကို ခေါ်လာပြီး သင်တန်းထောင် မယ်ဆိုလို့ မြန်မာ အတွေးနဲ့ မသင့်တော်ဘူး လို့တော့ မထင်လိုက် ပါနဲ့အုံး၊ အမေရိကန်မှာ ဘာသိုင်း မှန်းမသိတဲ့ သိုင်းပေါင်းစုံ သင်နေတဲ့ ကလပ်တွေက မြို့တိုင်း နယ်တိုင်းမှာ အများကြီး ရှိနေပါတယ်၊ ကလေးက အစ အမျိုးသမီးတွေပါ သင်နေကြတာ..၊ စာရေးသူ အခုနေတဲ့ အိမ်နားမှာတောင် ကလပ်နှစ်ခု ရှိပါတယ်၊ ညနေဘက်တွေနဲ့ အလုပ် ပိတ်ရက်တွေဆို ကားတွေရပ်ထားတာ ကားပါကင် ကွင်းထဲမှာ ပြည့်လျှမ် နေတာကို တွေ့ရသည်၊ မိမိတို့ တိုင်းပြည်က ဆရာတွေ ခင်ဗျာ ဘာမှ မရရှာကြဘဲ သင်ပေးနေရတာကို သတိရမိသည်၊ အထောက်အပံ့ ပေးမယ့် သူကလည်း များများ မရှိကြချေ၊ အခု ခေတ်မှာတော့ မြန်မာ့ လက်ဝှေ့ကျော်တွေရဲ့ အစွမ်းကြောင့် နိုင်ငံတကာမှာ လက်ဝှေ့ကို လူသိပိုများ လာကြတာကို တွေ့ရသည်၊ မြန်မာ လူငယ်တိုင်း ရိုးရာသိုင်းပညာကို လက်လှမ်းမှီ သင်ယူနိုင်ကြပြီး တန်ဖိုးထား ထိမ်းသိမ်း နိုင်ကြပါစေလို့ ဆုတောင်ရင်း… မြန်မာ ဗန်ဒို ပညာ တပါးသူ ရင်ခွင်မှာ ပျော်ပိုက်နေတာ ရွှေရတု တိုင်ခဲ့ချေပြီ။

ရန်မျိုး ( ကယ်ရိုလိုင်းနား )

ရွှင်းလန်း ချမ်းမြေ့ကြပါစေ…….

LEAVE A REPLY

Please enter your comment!
Please enter your name here