တံတွေး အစွတ် ခံနေရသော ဒီမိုကရေစီ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် (လှိုင်းဘွဲ့ )

ပြီးခဲ့သည့် လက မြန်မာတို့ရဲ့ ဘေးချင်းကပ် တိုင်းပြည် ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့မှာ အတိုက်အခံနှင့် အာဏာရ သူတို့ ကြားတဖက်နှင့် တဖက်

ပစ်ကြ ခတ်ကြ၊ ရိုက်ကြ နှက်ကြ၊ မီးခိုး တအူအူ၊ မီး တလောင်လောင် နှင့် ရှုံးနိမ့် သွားသူတို့ရဲ့ ဆဲဆို တောက်ခေါက်သံ တို့ကို သတင်း မီဒီယာများရဲ့ ခေါင်းစီးများမှာ တွေ့ရှိခဲ့ပြီး၊ စဉ်းစား ဖြစ်ခဲ့သည့် အတွေးများ ရှိခဲ့သည်။

လစ်ဘရယ် ဒီမိုကရေစီ စံနစ်ကို ကျင့်သုံးသော တိုင်းပြည် နိုင်ငံများမှာ ရွေးကောက်ပွဲ ကနေ ရွေးချယ် တင်မြှောက် ပေးလိုက်သော အစိုးရ တရပ်ကို ပြည်သူ လူထုက ဆန္ဒပြပြီး လူအင်အားဖြင့် ဖြုတ်ချလို့ ရသလား…။

တိုင်းပြည် နိုင်ငံတခုရဲ့ ကိစ္စ ပြဿနာများကို ဖြေရှင်းရာမှာ လူများစု လူထုရဲ့ ပါဝင် ပတ်သက်မှုဟာ ဘယ်လောက် အတိုင်းအတာ အထိ အရေးပါအရာ ရောက်ပါသလဲ။

တကယ်ပဲ လူများစု လူထုရဲ့ လက်ထဲမှာ တိုင်းပြည်ရဲ့ အရေးအရာတွေကို ဆောင်ရွက်ဖို့၊ လုပ်ပိုင်ခွင့် အာဏာ ရှိပါသလား…။ တိုင်းပြည် နိုင်ငံတခုရဲ့ အစိုးရတရပ်ရဲ့ တာဝန်က ဘာလဲ။ အစိုးရဆိုတာ ဘယ်သူလဲ။ ဘယ်သူကို ကိုယ်စားပြုပြီး ဘယ်သူ့အတွက် အလုပ် လုပ်မှာလဲ… အစရှိသဖြင့် ပေါ့လေ….။ အာဏာရှင်တွေ အကြောင်း၊ ကွန်မြူနစ် အစိုးရတွေ အကြောင်းရေးမယ် ဆိုရင်တော့ အထက်က အတွေးများအတွက် အစကတည်း ကပင် အဖြေပေးစရာ လိုမယ်မထင်ပါ။ အာဏာရှင်တို့၊ ကွန်မြူနစ်တို့ ဆိုတာသိကြတဲ့ အတိုင်း သူတို့ပဲသိ၊ သူတို့ပဲတတ်၊ သူတို့ပဲ ဆရာကြီးလုပ်၊ သူတို့ လက်ထဲမှာပဲ အာဏာကို ချုပ်ကိုင်ပြီး၊ လူများစုရဲ့ ဆန္ဒကို မျက်ကွယ်ပြု အုပ်ချုပ်ကြတာ မို့လား။ အခု ရေးမှာကြတော့ ပါလီမန် ဒီမိုကရေစီ စံနစ်ကို ပြည့်ဝစွာ ကျင့်သုံးဖို့ ကြိုးစားနေတဲ့၊ အရင်းရှင် စီးပွားရေး စံနစ်ကို ကျင့်သုံးနေတဲ့ တိုင်းနိုင်ငံရဲ့ လတ်တလော နိုင်ငံရေး အရှုပ်အထွေး များကို သင်ခန်းစာ ထုတ်ယူဖို့ရေးမှာ ဆိုတော့ လစ်ဘရယ် နိုင်ငံရေး စံနစ်ရဲ့ အခြေခံ အယူအဆများကို အနည်းငယ်တော့ အယင် တီးခေါက်ကြည့်မှ ရမည်။

လစ်ဘရယ် တို့က တိုင်းပြည် နိုင်ငံတခုရဲ့ အကျိုးအမြတ်နဲ့ ကိစ္စပြဿနာ များကို ဝေစုခွဲကြ၊ ဖြေရှင်းကြ ရာမှာ လူများစုရဲ့ ပါဝင် ပတ်သက်မှု၊ အရေးပါ အရာရောက်မှုကို ဇောင်းပေး စဉ်းစားတာထက်၊ သက်ဆိုင်ရာ အကျိုးစီးပွား အုပ်စုတွေကို အဓိက အလေးပေး စဉ်းစားတာကို တွေ့ရပါတယ်။ တနည်း ဆိုရရင် လူနည်းစုရဲ့ ဆန္ဒနဲ့ လိုအပ်ချက်၊ အကျိုးစီးပွား အတွက် အစိုးရက ဆောင်ရွက် ပေးရတာကို ဆိုလိုတာပါ။ အပေါ်ယံအားဖြင့် လူအများစု၊ ပြည်သူများက ရွေးကောက်ပွဲ ကနေ အစိုးရ တရပ်ကို မဲပေး ရွေးချယ်လိုက်တယ် ဆိုပေမဲ့၊ တကယ့်တမ်း မှာက လူများစု ပြည်သူဆိုတာ သာမန် လူတန်းစားများ ဖြစ်ပြီး၊ အချိန် အတော်များများမှာ သူတို့ ဘာလိုအပ်တယ်၊ ဘာလိုချင်တယ် ဆိုတာတောင် သဲသဲကွဲကွဲ မသိကြသူ၊ နားမလည်ကြသူ သာမန်ပြည်သူ များသာ ဖြစ်ပါတယ်။

လစ်ဘရယ် နိုင်ငံရေးစံနစ်မှာ သက်ဆိုင်ရာ အကျိုးစီးပွားအုပ်စု၊ လူနည်းစုက အစိုးရ တရပ်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ အခြား ကဏ္ဍ အရပ်ရပ်မှာ ကိုယ်စားပြု ပါဝင် ဆောင်ရွက်နိုင်ဖို့၊ အာဏာ အရပ်ရပ်ကို ချုပ်ကိုင်နိုင်ဖို့၊ လူများစု သာမန် ပြည်သူများကို နည်းလမ်း အမျိုးမျိုးနဲ့ လွှမ်းမိုးမှုပြုရ၊ စည်းရုံးမှု ပြုရသည်။ လူများစု ပြည်သူလူထုနှင့် အဆိုပါ သက်ဆိုင်ရာ အကျိုးစီးပွား အုပ်စုတို့သည် အပြန်အလှန် အမှိသဟဲ ပြုနေရသော်ငြား၊ အများအားဖြင့် လူနည်းစု ကသာ သူတို့ လိုအပ်ချက်များ၊ လိုချင်တာ များကို လူများစုကြီးရဲ့ ကိုယ်စား၊ လူများစုကြီးရဲ့ အသံအဖြစ် ထုတ်ဖော် တတ်ကြသည်က များသည်။ သက်ဆိုင်ရာ အကျိုးစီးပွား အုပ်စုဆိုရာမှာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း တခုရဲ့ ဘာသာရေး၊ လူမှုရေး၊ စာပေအနုပညာ ဂီတရုပ်ရှင်၊ သတင်းမီဒီယာ၊ တတ်သိ ပညာရှင်များ (ဆရာဝန်၊ အင်ဂျင်နီယာ)၊ လယ်သမား၊ အလုပ်သမား၊ အသင်းအပင်း အဖွဲ့အစည်း များနဲ့ အဖွဲ့ဝင်များကို ပြောတာ ဖြစ်ပါတယ်။

ဥပမာ။ ။ “ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဘန်ကောက်မြို့က တက္ကစီကား မောင်းသူများရဲ့ ထောက်ခံမဲကို လိုချင်တယ် ဆိုရင် တက္ကစီသမား တွေဆီ တိုက်ရိုက်မသွားပဲ၊ တက္ကစီသမားတွေရဲ့ အသင်းအပင်း များနဲ့ သူတို့နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင် အုပ်စုများကို နည်းလမ်း တခုခုနဲ့ ချဉ်းကပ် လွှမ်းမိုးဖို့ ကြိုးစားပြီး၊ သူ ဖြစ်စေချင်တာ များကို တက္ကစီသမားတွေ ဖြစ်ချင်တာနဲ့ ရောမွှေပြီး တက္ကစီသမား တွေကို ကိုယ်စားပြုပါတယ်။ အဲဒီနေရာမှာ ကြားခံ တက္ကစီ အသင်းအပင်း များနဲ့ စီးပွားရေး လုပ်ငန်းရှင် အုပ်စုများရဲ့ ပါဝင် ပတ်သက်မှုဟာ ဘယ်လောက် အရေးကြီးကြောင်း ထင်ရှား ပါတယ်။ ဒီကြားခံအုပ်စု များသာ မရှိရင် သက်ဆင်လည်း မဲမရသလို တက္ကစီသမား များရဲ့ လိုအပ်ချက်များကို ဆောင်ရွက်ပေးမဲ့ သူလည်း ရှိမှာမဟုတ် ဘူးဆိုတာ ထင်ရှားပါတယ်။

ဒါပေမဲ့ တကယ့် လက်တွေ ့မှာက ဒီကြားခံ အုပ်စုတွေဟာ သူတို့ရဲ့ အသံကို တက္ကစီသမား များရဲ့ အသံအဖြစ်၊ သက်ဆင်ရဲ့ အသံအဖြစ် ပုံစံ အမျိုးမျိုးနဲ့ ပြောင်းလဲ အစားထိုးပြီး တိုင်းပြည်နိုင်ငံရဲ့ အရေးအရာ အရပ်ရပ်မှာ ဩဇာအာဏာ လွှမ်းမိုးရယူဖို့ ကြိုစားကြတယ် ဆိုတာပါပဲ။ ဆိုတော့ လစ်ဘရယ် ဒီမိုကရေစီကို ကျင့်သုံးတဲ့ တိုင်းပြည်တခုရဲ့ နိုင်ငံရေး ဆိုင်ရာမူဝါဒများ၊ စီးပွားရေး ဆိုင်ရာ ပေါ်လစီများနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဥပဒေများ ဆိုတာ သက်ဆိုင်ရာ အကျိုးစီးပွား အုပ်စုများရဲ့ ခြေရာလက်ရာများနဲ့ ပြုလုပ်ထားကြတာ ဖြစ်ပြီး၊ တိုင်းပြည် ဖွံဖြိုးတိုးတက်မှုရဲ့ အဆီအနှစ်ကို အများဆုံး ထုတ်ယူ စားသုံးကြသူ များမှာလည်း ထိုအုပ်စုများပဲ ဖြစ်သည်။ တိုင်းပြည်ရဲ့ နိုင်ငံရေး၊လူမှုရေး မတည်ငြိမ်မှု ဆိုတာလည်း အဆိုပါ အုပ်စုများဆီမှ လာသည်က များသည်။ အကျိုးစီးပွား အုပ်စုများ ကြားအဝေ မတည့်သည့် အခါ၊ ဘယ်သူ ဘယ်လောက် ရသလဲ၊ဘယ်လို ရသလဲ ဆိုသည့် အနည်း အများ ခွဲတမ်းချမှု တဖက်စောင်းနင်း ဖြစ်သည့်အခါ၊ တရားမျှတမှု မရှိသည့်အခါ၊ အဆိုပါ အုပ်စုများကြား ပဋိပက္ခဖြစ်ပွားပြီး၊ ပဋိပက္ခကြီးထွား လာသည့်အခါသူ့ဘက် ကိုယ့်ဘက် နောက်ပါ အင်အားများနှင့် လမ်းပေါ်ထွက် စကားများသည့် အဆင့်ကို ရောက်သည်။ ထိုအဆင့်ကို သက်ဆိုင်ရာ အကျိုးစီးပွား အုပ်စုများကြား လိမ္မာပါးနပ်စွာ အပေးအယူ တည့်အောင် မလုပ်နိုင်ခဲ့ ရင်တော့ ပစ်ကြ ခတ်ကြ သွေးထွက်သံယို ဖြစ်ကြပြီး ဒီမိုကရေစီ တံတွေး အစွတ်ခံရသည့် အဖြစ်ကိုရောက်သည်။

ထိုင်းနိုင်ငံမှာ လတ်တလော ဖြစ်နေသည့် ပြဿနာ များမှာလည်း ဒီအချက်အလက် များနှင့် သဘောတရား များပေါ်ကိုပဲ အခြေခံသည်။ သက်ဆိုင်ရာ အကျိုးစီးပွား အုပ်စုများကြား အဝေမတည့်၊ အပေးအယူ မလုပ်နိုင်တဲ့ အခါ၊ ထိုင်းတို့ရဲ့ ဒီမိုကရေစီ တံတွေးနဲ့ အစွတ်ခံရခြင်း ဖြစ်သည်။ အကြမ်းဖျဉ်း အားဖြင့် ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွား အုပ်စုများကို သည်လို ခွဲကြည့်၍ ရသည်။ ဘုရင်နှင့် ဆွေတော် မျိုးတော်များ၊ စစ်တပ်၊ ခေတ်ပညာတတ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများ၊ သတင်း မီဒီယာများ၊ အခြေခံ လက်လုပ်လက်စား များနှင့် ကျေးလက်ဒေသ တောင်သူဦးကြီးများပဲ ဖြစ်သည်။

ထိုင်း ဒီမိုကရေစီ သမိုင်းကို ကြည့်ယင် ၁၉၃၂ခုနှစ်မှာ၊ အနောက်နိုင်ငံ များကို တိမ်းညွတ်သော စစ်တပ်နဲ့ အစိုးရ အရာရှိများ ပေါင်းပြီး အကြွင်းမဲ့ သက်ဦးဆံပိုင် စံနစ်ကို ချုပ်ငြိမ်းစေပြီး၊ စည်းမျဉ်းခံ ဘုရင်စံနစ်ကို အစားမထိုးမီ အချိန်အထိ ထိုင်းရဲ့ နိုင်ငံရေးမှာ ဘုရင်နဲ့ ပြည်သူ ပြည်သားများ ဟူ၍ ရှင်းရှင်းလင်းလင်း ရှိလှတာ ဖြစ်သော်ငြား၊ အဲဒီနောက်ပိုင်း ဒုတိယ ကမ္ဘာစစ် အပြီး ၁၉၄၆ခုနှစ်၊ ခဏသာ ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့ရသူ စီနီပရာမွတ် (SeniPramoj) လက်ထက်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းပြီး လွှတ်တော်၂ရပ်ကို ဖွဲ့စည်းပြီး တိုင်းပြည်ကို အုပ်ချုပ်သည့် အချိန်မှစလို့ ထိုင်းရဲ့ နိုင်ငံရေးဟာ ဘုရင်နဲ့ ပြည်သူပြည်သား များရယ်လို့ ဆိုပြီး အလွယ်တကူ ပြောဆို၍ မရတော့ပါ။

၁၉၄၇ ခုနှစ်မှာ၊ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ဂျပန်တို့ရဲ့ ပြုပြင် ပြောင်းလဲမှုကို အားကျသူ စစ်ခေါင်းဆောင် ဖီဘန် (Phibun) ပါလီမန် ကနေ အစိုးရ အာဏာကို ပြန်လည် သိမ်းယူခဲ့ပါတယ်။

၁၉၄၇ မှ ၁၉၇၃ အထိ၊ ထိုင်းနိုင်ငံရေးကို စစ်တပ်က ချုပ်ကိုင်သော နိုင်ငံရေး ကာလဟု ပြော၍ရသည်။ ထိုကာလ အတွင်း အရေးကြီးသည့် အကျိုးစီးပွား ဆိုင်ရာ အုပ်စုတိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည့် ကာလဟုလည်း ပြော၍ရသည်။ ၁၉၅၇ခုနှစ်မှာ ဖီဘန် ဖြုတ်ချခံရပြီးနောက်ထပ် တက်လာသော ဝန်ကြီးချုပ် ဆာရစ်သန်နာရက် (SaritThanarat) လက်ထက်မှာ ဘုရင်ကို ပြန်လည်နေရာပေးရေး အယူအဆထွန်း ကားလာပြီး ဘုရင်ကို ထိုင်းနိုင်ငံရေးမှာ ပြန်လည် အသက်သွင်းခဲ့ကြပါတယ်။ အဲဒီကာလကို ကြည့်ရင် ထိုင်းနိုင်ငံရေးမှာ စစ်တပ်နဲ့ စစ်တပ်တွင်း အုပ်စုများနဲ့ ဘုရင်ဆိုတဲ ့ အကျိုးစီးပွား ဆိုင်ရာအုပ်စု များကိုပဲ အဓိက တွေ့ရှိရမှာဖြစ်ပြီး သူတို့အကြား ဝေစု ခွဲကြရာမှာလည်း အာဏာသိမ်းခြင်း ကသာ အဖြေဖြစ်ခဲ့သည်။

၁၉၇၃ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်မှာ တော့ထိုင်းနိုင်ငံရေး နယ်ပယ်ကို ခေတ်ပညာတတ် လူတန်းစားများ၊ ကျောင်းသား ကျောင်းသူများနဲ့ အလုပ်သမား အသင်းအဖွဲ့ အုပ်စုများဟာ သမ်မာဆပ် တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ ဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲနဲ့အတူ ဝင်ရောက် လာခဲ့ပါတယ်။ လူထုဆန္ဒပြပွဲနဲ့ နှစ်ကာလ ကြာမြင့်စွာ ထိုင်းနိုင်ငံရေးကို ခိုင်မာစွာ ထိန်းချုပ် ထားနိုင်တဲ့ စစ်တပ် အုပ်စိုးမှုကို အဆုံးသတ်စေတဲ့ ပြည်သူလူထုရဲ့ ထိုင်းနိုင်ငံရေးမှာ ပါဝင် ပတ်သတ်မှု အရေးကြီး သမိုင်းဆိုင်ရာ ဖြစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။ သမ်မာဆပ် ကျောင်းအုပ်ကြီး ဖြစ်သူ ဆန်ရာဓမ္မဆပ်တိ “SanyaDharmasakti” ကလည်း ပထမဦးဆုံးသော ခေတ်ပညာတတ် လူတန်းစားမှ လာခဲ့သော လူထုကိုယ်စားပြု ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ အဲဒီကာလ ကစလို့ ၁၉၉၇ ခုနှစ်အထိ ထိုင်းနိုင်ငံ၊ နိုင်ငံရေးမှာ စစ်တပ် အာဏာသိမ်းမှုများ နောက်ထပ် ဖြစ်ပွားခဲ့သော်လည်း အခြေခံ အားဖြင့်တော့ ထိုင်းနိုင်ငံရေးမှာ ခေတ်ပညာတတ် လူတန်းစား အသိုင်းအဝိုင်းများနဲ့စီးပွားရေး လုပ်ငန်းရှင်များ အကျိုးစီးပွားဆိုင်ရာ အုပ်စုသစ်များ ပါဝင်လာနိုင်ခဲ့ ပါတယ်။ သို့ပေမဲ့ အလုပ်သမား၊ လယ်သမား၊ ကျေးလက်ဒေသနေ ပြည်သူများရဲ့ နေရာကတော့ အနောက်မှာ ခပ်မှိန်မှိန် ရှိနေဆဲပါ။

ဒီအခြေအနေကို ပြောင်းလဲ ပစ်လိုက်တာ ကတော့ ၂၀၀၁ ခုနှစ်၊ ထိုင်းရွေးကောက်ပွဲ အနိုင်ရ လာတဲ့ ထိုင်းရတ်ထိုင်း ပါတီရဲ့ အောင်ပွဲခံမှုပဲ ဖြစ်ပါတယ်။ ဘန်ကောက် အခြေပြု ခေတ်ပညာတတ် မြို့နေ လူတန်းစားများက ထိုင်းရတ်ထိုင်း ပါတီကို ရွေးကောက်ပွဲ မဲဆွယ်မှုမှာ မဲဝယ်ယူမှု၊ မသမာမှုတွေနဲ့ အနိုင်ရခဲ့တာ၊ ပါတီခေါင်းဆောင် ဖြစ်သူ သက်ဆင်ရှီနာဝတ်(ဒ်) အား လာဘ်ပေး လဘ်ယူမှုများဖြင့် စွတ်စွဲ ကြသော်ငြား၊ သက်ဆင်ရှီနာဝတ်(ဒ်) အနေဖြင့် သူ ကိုယ်စားပြုသော တောင်သူလယ်သမား ကျေးလက်နေ လူတန်းစားများ အတွက် တစုံတရာ လူနေမှုဘဝ ဖူလုံမှုနှင့် ထိုင်းနိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့ လာအောင် ဆောင်ရွက်နိုင်ခဲ့မှု အပေါ်ကိုတော့ အားလုံးက အသိအမှတ် ပြုကြရတာလည်း အထင်အရှား ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ လောက သဘာဝအရ အသစ်က အဟောင်းကို နေရာဝင်ယူသည့် အခါ၊ ဝေစုဝင်ခွဲသည့် အခါ ရုန်းရင်းဆန်ခတ် ဖြစ်ကြရတာ ကတော့ ဓမ္မတာပါ။

ထိုင်းနိုင်ငံရေးမှာ ၂၀၀၁ခုနှစ် ကနေ ၂၀၀၉ခုနှစ် အထိ ဖြစ်ပျက်နေသော နိုင်ငံရေး ပြဿနာများကို ထိုင်း နိုင်ငံရဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်မှုနဲ့ ခေတ်မီမှုကို ဝေစုအနည်းဆုံး ရသည့် ထိုင်းကျေးလက်နေ လူထု လူတန်းစား ဘန်ကောက် ဆင်ခြေဖုံး ရပ်ကွက်များက အလုပ်သမား လူတန်းစားများက တဖက်၊ ဝေစု အများဆုံးနဲ့ ပြောရေးဆိုကျယ် အများဆုံး ရရှိနေသည့် အုပ်စုဟောင်းများ ဖြစ်သည့် ဘုရင်၊ စစ်တပ်နဲ့ ခေတ်ပညာတတ် မြို့နေ လူတန်းစားများ ကြားဝေစုခွဲကြသည့် ပဋိပက္ခပွဲဟု ဆိုနိုင်ပါသည်။ ဝေစုခွဲကြရာမှာ သက်ဆင် ဦးဆောင်တဲ့ အစိုးရကို တရားဝင် ဘောင်အတွင်း ဒီမိုကရေစီ လုပ်ထုံး လုပ်နည်းများ အရ၊ အတိုက်ခံများက ပါလီမန် အတွင်း အယုံအကြည်မရှိ အဆိုတင် သွင်း၍ သက်ဆင်ကို ဖြုတ်ချဖို့ ကြိုးစားသည်။ မအောင်မြင်။ ရွေးကောက်ပွဲ ဝင်ရောက် အရွေးခံသည် အနိုင်မရ။ မကျေနပ်၍ လူထုနှင့် ဆန္ဒပြပြီး ဖြုတ်ချဖို့ ကြိုးစားသည်။ တဖက်က လုပ်ထုံးလုပ်နည်း အရ နောက်ထပ် ရွေးကောက်ပွဲတ ခုလုပ်ပေးသည်။ ဒါလည်း အတိုက်အခံတို့ မအောင်မြင်။ နောက်ဆုံး မရတဲ့အဆုံး စစ်တပ်နှင့် အာဏာသိမ်းပြီး ဖွဲ့စည်းပုံ အသစ်ကို ပြင်ဆင် ရေးဆွဲသည်။

ထိုင်းရတ်ထိုင်း ပါတီနဲ ့ သက်ဆင်ရှီနာဝတ်(ဒ်)ကို ထောက်ခံတဲ့ သက်ဆိုင် ပတ်သက်နေတဲ့ ပါတီများကို ဖျက်သိမ်းပြီး တခါ စစ်တပ်က ရွေးကောက်ပွဲ အသစ်ထပ်လုပ် ယှဉ်ပြိုင်စေသည်။ ဒါလည်း အဝါရောင် ဒီမိုကရက် ဘန်ကောက် အခြေပြု အုပ်စုများ အနိုင်မရ။ လူထုအများစုနှင့် ရွေးချယ်လိုက်သည့် အစိုးရကို ရှုံးနိမ့် သွားသည့် လူထု အနည်းစုက လမ်းပေါ်ထွက် ဆန္ဒပြပြီး ဖြုတ်ချသည်။ သူတို့ လိုချင်သည့် အစိုးရကို တရားရုံးက တူထု အမိန့်ချပြီး ဖွဲ့စည်းစေသည်။ သို့သော် သက်ဆင် အဖွဲ့က ဆန္ဒပြသည့်အခါ အကြမ်းဖက်သည်ဟု ဆိုကာ စစ်တပ်ဖြင့် ပစ်ခတ် နှိမ်နှင်းလိုက်သည်။

အားလုံးကို ခြံုကြည့်လိုက်သည့်အခါ မည်သူမှန်သည် မှားသည်ကို ဖယ်ထားပြီး မေးခွန်း ထုတ်စရာ ရှိလာသည်က ဒီမိုကရေစီ လုပ်ထုံး လုပ်နည်းတွေ အရ အာဏာ ရလာသော အစိုးရ တရပ်ကို အနိုင်ရတဲ့ ပြည်သူ၊ အနိုင်မရတဲ့ ပြည်သူ၊ ၂ဖက်စလုံးက မကြိုက်တော့သည့် အခါ အခုလို ဒီမိုကရေစီ လုပ်ထုံး လုပ်နည်းတွေကို ကျော်လွန်ပြီး စစ်တပ်ရဲ့ အားကိုယူပြီး ဖြုတ်ချလိုက် ဤသို့ ဖြစ်နေတဲ့ ပြဿနာတွေ ပြီးသွားမလား ဆိုတာပဲဖြစ်သည်။ တကယ်လို့ သက်ဆင်ဟာ ချမ်းသာပြီး ရွေးကောက်ပွဲမှာ မဲဝယ်လို့ အနိုင်ရသည် ဆိုရင် သက်ဆင်လို့ ချမ်းသာသည် သူများ မဲဝယ်နိုင်သည့် သူများ ထိုင်း နိုင်ငံရေးမှာ မရှိတော့ဘူးလား။ သက်ဆင်ဟာ လာဘ်စားတယ် ဆိုရင် ထိုင်း နိုင်ငံရေးမှာ သက်ဆင်လို လာဘ်စားသူများ ထိုင်းနိုင်ငံရေးမှာ မရှိတော့ဘူးလား။ လူတွေကို သတ်ဖြတ် သုတ်သင်ခဲ့သည် စစ်ခေါင်း ဆောင်များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး သက်ဆင် ကိုကြမှ ဖမ်းဝရမ်း ထုတ်ခြင်းဟာ တရားမျှတမှု ရှိပါရဲ့လား။ အစရှိတဲ ့မေးခွန်းများဟာ ကနေ့ ဖြစ်နေတဲ့ အိမ်နီးချင်း ထိုင်း နိုင်ငံရေး ပြဿနာများကို အနည်းငယ်တော့ ခြံုငုံမိမယ်လို့ ယူဆရသည်။ ထို်င်းနိုင်ငံမှာ ကနေ့ ဖြစ်နေသည်များမှာ ဒီမိုကရေစီ လုပ်ထုံး လုပ်နည်းများရဲ့ အားနည်းချက် များကြောင့်ထက်စာရင် သက်ဆိုင်ရာ အကျိုးစီးပွား အုပ်စုများကို ဦးဆောင်နေကြသည့် လူ နည်းစုများရဲ့ အမြော်မြင်ရှိမှု၊ လိမ္မာ ပါးနပ်စွာ အပေးအယူ လုပ်နိုင်မှုများ အပေါ်မှာ တိုက်ရိုက် တည်မှီနေသည်။ မြန်မာ နိုင်ငံအနေနဲ့လည်း ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ ကြိုးစားနေသည့် အခါကြတော့ ဒီ အဖြစ်အပျက် များကိုကြည့်ပြီး၊ အထူးသဖြင့် သက်ဆိုင်ရာ အကျိုးစီးပွား အုပ်စုများကို ကိုယ်စားပြု နေကြသည့် လူနည်းစု အသိုင်းအဝန်း အနေနဲ့ ပိုမိုလေ့လာ သင်ခန်းစာ ယူထားသင့်ပါသည်။ သို့မဟုတ်ပါက ရရှိလာမှာ ဖြစ်သော ဒီမိုကရေစီသည် တံတွေး အစွတ်ခံရမှာ အသေအချာ ဖြစ်သည်။

မောင်ဆောင်းသစ်

ကိုးကား

  • Library of Congress-Research Division/ Country Profile/Thailand
  • The Wall Street Journal
  • The New York Times
  • Financial Times

LEAVE A REPLY

Please enter your comment!
Please enter your name here