ဂျပန်ဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာခြင်း

alt

အာဏာရပြီး (၈)လအကြာ၌ ဂျ​ပန်ဝန်​ကြီး​ချုပ်​က​ ​၎င်းနှုတ်ထွက်မည်ဟု (၂-၆-၂၀၁၀)(ဗုဒ္ဓဟူးနေ့)တွင် ကြေညာလိုက်ပါသည်။ ဂျပန်ပါလီမန်၏ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံး၏ ပါတီဝင်များအား

မိန့်ခွန်းပြောကြားစဥ် ဟာတိုယာမာက “ကျွနု်ပ်အနေနှင့် ရာထူးမှ နှုတ်ထွက်လိမ့်မည်”ဟု ဂျပန်ရုပ်မြင်သံကြား NHK ၏ တိုက်ရိုက်ထုတ်လွှင့်မှု၌ ကြေညာသွားခဲ့ပါသည်။

“ကျွန်ုပ်အနေနှင့် ချို့ယွင်းချက်အများအပြားရှိခဲ့ပါကြောင်း၊ ယနေ့အထိ (၈)လကြာ ခင်ဗျား တို့ကို ခေါင်းဆောင်ခွင့်ရရှိခဲ့ပါကြောင်း၊ ယခုလို အခွင့်အရေးရခဲ့သည့်အတွက် အလွန်ပင် ကျေးဇူး တင်ရှိပါကြောင်း”ဖြင့် ​၎င်းက ပြောကြားသွားခဲ့ပါသည်။ ၄-၆-၂၀၁၀ (သောကြာနေ့)တွင် ပြုလုပ်မည်ဟု ခန့်မှန်းသည့် ရွေးကောက်ပွဲတွင် ဂျပန် ဘဏ္ဍာရေးဝန်ကြီး နာအိုတိုခန်က ပါတီကို ဦးဆောင်သွားမည်ဟု ပြောကြားခဲ့ပါသည်။ အောက်လွှတ်တော်တွင် အများစု မဲရရှိမှုသည် အာဏာရပါတီ၏ ခေါင်းဆောင်အနေဖြင့် နောက်ဝန်ကြီးချုပ်ဖြစ်လာရန် သေချာသလောက် ရှိသည်။

လွန်ခဲ့သော (၈)လခန့်က ဂျပန်နိုင်ငံ၏ နိုင်ငံရေးတွင် တော်လှန်ရေးတစ်ရပ်အဖြစ် တင်စား ခံရအောင် ဟာတိုယာမာ၏ ဒီမိုကရက်တစ်ပါတီသည် တခဲနက် အနိုင်ရရှိခဲ့သည်။ သန့်ရှင်းသော အစိုးရအဖွဲ့ဖြစ်ရန် ကတိပေးချက်နှင့်အညီ ဟာတိုယာမာသည် ဗြူရိုခရက်တစ်များထံမှ အာဏာကို သိမ်း၍ နိုင်ငံရေးသမားများနှင့် ပြည်တွင်းအစိုးရအဖွဲ့များထံ အာဏာကို ပိုမိုအပ်နှင်းခဲ့သည်။ (၉၂)ဆက်မြောက် ဂျပန်ဝန်ကြီးချုပ်အဖြစ်နှင့် ပထမဦးဆုံး မိန့်ခွန်းပြောကြားခဲ့ရာ၌ သန်ရှင်း၍ ပွင့်လင်းသော အစိုးရအဖြစ် ဆောင်ရွက်မည်ဟု ကတိပေးခဲ့ပြီး အစိုးရသုံးစွဲမှုများကို စောင့်ကြည့်စစ်ဆေးရန် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။

သို့ရာတွင် နောက်ပိုင်း၌ မဲဆွယ်ရာတွင် တရားမဝင် ငွေကြေးသုံးစွဲခဲ့သည်ဟု စွပ်စွဲချက်ကြောင့် ​၎င်း၏ အုပ်ချုပ်ရေးအဖွဲ့၏ ပုံရိပ်ကို မှေးမှိန် စေခဲ့ပါသည်။ ​၎င်း၏ အစိုးရအဖွဲ့ဝင် လူကြီးအချို့ကို လာဘ်စားမှုဖြင့် စစ်ဆေးအရေးယူခံ​ခဲ့​ရသည်။ ဂျပန်နိုင်ငံတွင် လက်ရှိ ရှိနေသော အမေရိကန်စစ်တပ်အများစု၏ အခြေစိုက်စခန်းအဖြစ် အသုံးချခံနေရသော အိုကီနာ​ဝါကျွန်း၏ မရိန်းအခြေစိုက်စခန်းကို ရွှေ့ပေးရေးကတိမှာလည်း ပျက်ပြယ်ခဲ့သည်။ အခြေစိုက်စခန်းကို ရွှေ့မည်ဟု ပြောကြားခဲ့သော်လည်း နောက်ဆုံး၌ ယခင်နေရာ ဖြစ်သော အိုကီနာ​ဝါကျွန်းတွင် ထားရှိမည်ဟု ကြေညာခဲ့ပါသည်။ ဟာတိုယာမာက အမေရိကန်၏ ဖိအားပေးမှုနှင့် ၄င်း၏ ညွန့်ပေါင်းအစိုးရပြိုကွဲမှုများအပေါ် ဝေဖန်ခဲ့သည်။

ဟာတိုယာမာက ၄င်းအနေဖြင့် အများပြည်သူ၏ ယုံကြည်မှုကို ဆုံးရှံုးခဲ့ရ သော်လည်း အနာဂတ်မျိုးဆက်သစ်များအနေဖြင့် မိမိ၏ လုပ်ဆောင်ခဲ့မှုကို အမှတ်ရနေမည်ဖြစ်​သည်​ဟု​ မျှော်လင့်ပါ​ကြောင်း ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here