အယ်လ်ကိုင်းဒါး အဖွဲ့၏ တတိယ အရေးပါဆုံး ခေါင်းဆောင် သေဆုံး သွားပြီဟု ယူဆရ

alt

အယ်လ်ကိုင်းဒါး အကြမ်းဖက် တပ်ဖွဲ့၏ တတိယ အရေးအပါဆုံး ခေါင်းဆောင်မှာ​ သေဆုံး သွားပြီဟု ယူဆရကြောင်း သိရှိရသည်။ အမေရိကန် အာဏာပိုင် များက ရှိတ် ဆာလက် အယ်မာဆရီ သည်

အမေရိကန် မောင်းသူမဲ့ လေယာဥ် တစင်းမှ ပစ်ခတ်လိုက်သည့် ဒုံးကျည် ကြောင့် သေဆုံး သွားကြောင်း အထောက် အထားများ တွေ့ရှိ ရသည်ဟု ဇွန်လ (၁) ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

ပြီးခဲ့သည့် သီတင်းနှစ်ပါတ်က ပါကစ္စတန်တွင် မာဆရီအား ဒုံးကျည်ထိမှန် သေဆုံးခဲ့ကြောင်း အယ်လ်ကိုင်းဒါး တို့က အင်တာနက်မှ ကြေညာထားပြီး ယင်းအချက်မှာ အမှန်ဖြစ်နိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေးက ပြောကြားထားသည်။ အယ်မာဆရီ သည် (၂၀၀၈)ခုနှစ်ကလည်း သေဆုံးကြောင်း ကောလဟာလများ ထွက်ပေါ်ခဲ့ဖူးပြီး ယခု တကြိမ်မှာမူ မွတ်ဆလင် အစွန်းရောက် စစ်သွေးကြွ အဖွဲ့များက ၎င်း သေဆုံးမှုအား ပထမဆုံး အတည်ပြု ကြေညာခြင်း ဖြစ်သည်။

အသက် (၅၅)နှစ်ရှိ အယ်မာဆရီသည် မွတ်ဆလင် အကြမ်းဖက် လှုပ်ရှားမှုများတွင် နှစ်ပေါင်း(၃၀)မျှ ကြိုးကိုင်နေသည့် စစ်သွေးကြွ ခေါင်းဆောင်တဦးလည်း ဖြစ်သည်။ ၎င်းသည် အယ်လ်ကိုင်းဒါး၏ ဒုတိယ ခေါင်းဆောင် အီဂျစ်နိုင်ငံသား အယ်ဇာဝါဟရီ၏ ချိတ်ဆက် ပေးမှုကြောင့် အကြမ်းဖက် ခေါင်းဆောင်ကြီး အိုစမာဘင် လာဒင်၏ အား အထားရဆုံး လက်ရုံးတဆူ ဖြစ်လာခဲ့သည်။ ယင်းသည် ကမ္ဘာကျော် (၉/၁၁) တိုက်ခိုက်မှုကြီး အတွက် ငွေကြေးထောက်ပံ့မှု ကိစ္စအား အဓိက တာဝန်ယူခဲ့သူ အဖြစ်လည်း အမေရိကန်က ယူဆထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here