ကမ္ဘာ့ဖလားအတွက် ထုတ်လုပ်ထားသည့် ဘောလုံးသစ် အပေါ် ဝေဖန်မှုများအား Adidas ကာကွယ်ပြောကြား

alt

ကမ္ဘာကျော် အားကစားပစ္စည်း ကုမ္ပဏီကြီး Adidas က ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲတွင် အသုံးပြုရန် ၎င်းတို့ တီထွင် ပေးထားသည့် ဘောလုံးသစ် Jabulani အား ဝေဖန် နေမှုများအပေါ် ကာကွယ် ပြောကြားလိုက်သည်။

Adidas၏ ပြောရေး ဆိုခွင့်ရ အရာရှိ တစ်ဦးက မိမိတို့သည် ယင်းဘောလုံးအား ပြိုင်ပွဲ အတွက် မရွေးချယ်မီ အထူး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တောင်အာဖရိကတွင် ဇွန်လလယ်မှ စတင်ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ မတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲများတွင် စမ်းသပ် သုံးစွဲခဲ့ရာ ကမ္ဘာကျော် ဂိုးသမားများ ဖြစ်သည့် စပိန် လက်ရွေးစင် အီကာကားဆီးလက်၊ ဘရာဇီးလက်ရွေးစင် ဂျူလီယိုဆီဇာတို့ အပါအဝင် ဂိုးသမား အချို့က ဘောလုံးကို ထိန်းသိမ်းရန် ခက်ခဲကြောင်း ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

Adidas ပြောရေးဆိုခွင့်ရ အရာရှိက ယင်းကို အံ့ဩမိကြောင်း၊ မိမိတို့သည် ဘောလုံးကို ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက လိဂ်ပြိုင်ပွဲ အမျိုးမျိုးတွင် စမ်းသပ်အသုံးပြုခဲ့ပြီး ရလဒ်ကောင်းများ တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့ဖလားတွင် အသုံးပြုသည့် ဘောလုံး အမျိုးအစားနှင့် ပတ်သက်ပြီး ယခင်ကျင်းပသည့် ပြိုင်ပွဲများတွင်လည်း ဝေဖန်မှုများ ပေါ်ပေါက်ခဲ့ဖူးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here