လူထုဘဝ မြင်သမျှ ရင်နှင့်ဆ၍ သီခြယ်သည်

ဆောင်းပါး သရုပ်ဖေါ် ©  သိန်းလှိုင် (လှိုင်းဘွဲ့ )

ပီဖင်းဂိုးလေး ရင်ဖွင့်နေတဲ့ ဒိုင်ယာရီ မှတ်တမ်းလေးတွေက … မြန်မာပြည်သူ လူထုတွေ တကယ် လက်တွေ့ရင်ဆိုင် ခံစားနေရတဲ့

ဖြစ်စဉ်တွေ ဖြစ်လို့​ ရင်ထဲကို စွဲနင့်နေအောင် ခံစား ရပါတယ်လို့ ပြည်ပက မိတ်ဆွေတချို့က ပြောလာတော့ မြန်မာပြည်သူများ ကိုယ်စား ရင်ဖွင့် ခွင့်ရတဲ့ ပီဖင်းဂိုးလေး ကျေနပ်မိပါတယ်။

ဒါပေမယ့်ပေါ့ ဗျာ ။ ဆင်းရဲ ငတ်မွတ်၊ ဒုက္ခတွေ ပင်လယ်ဝေနေရတဲ့ အကြောင်းတွေသာ များပြီး၊ စိတ်ချမ်းမြေ့ ကြည်နူးဖွယ် ပီတိဖြာ ၀မ်းမြောက်ဖွယ် အကြောင်းက လူထုတွေ ကြားထဲ မရှိသလောက် ဖြစ်နေတာမို့ ဒိုင်ယာရီ ရေးရတာလည်း စိတ်မသက်မသာပါဘူး ဗျာ။

အခု တခေါက်တော့ မုန်တိုင်းထန်ပြီး သာယာညင်းပျောင်းတဲ့ ရာသီကို ပြန်ရောက်တဲ့ အချိန် သေတွင်းက လွတ်ပြီး အသက်ရှင် ကျန်ခဲ့တဲ့အခါ သိပ်ပျော်ရွှင်ကြတဲ့ အချိန်မျိုးမှာ ပျော်တတ်ကြသလို မြန်မာပြည်သား အချို့ သိပ်ပြီး​ စိတ်ကြည်နူးကြပုံ အကြောင်း မှတ်တမ်းတင် လိုက်အုံးမယ် စာပန်းချီ မပီမလှ ရင်နှင့်မျှ၍ ကလောင်ဖွ လိုက်မည်…….​ မြန်မာလူမျိုးတို့ တည်တံ့ရှည်ကြာသော လွတ်လပ် ရွှင်ပြခြင်းတို့ မကြာမတင်မှီ ပိုင်ကြပါစေသော် ………………………

ချွေးတလုံးလုံး လက်ကိုင်ပုဝါ ညစ်ညစ်နဲ့ မျက်နှာ အဆီပြန်ပြန်ကို ခဏခဏ သုတ်နေတဲ့ မိန်းကလေး တယောက် ကနေ့ ဖုန်းလာခေါ်တယ်

အကိုကြီး နားကြပ်ထဲမှာ တီးလုံးတွေ လာနေတယ်။ ဘာသီချင်းလဲ မသိဘူး ကျမက ဖုန်းခေါ်ချင်တာ

ဆိုင်ရှင်က

ညီမ ….– အဲဒါ ပီဖင်းဂိုးဖုန်း ခေါ်နေတဲ့ အသံပါ။ ခနလေး၊ နားထောင်လိုက် ဟိုဘက် က ပြန်ထူးတဲ့ အသံ ကြားလာရလိမ့်မယ်

အော် အော .. အခုမှ ယောင်္ကျားက နိုင်ငံခြားသွားတာလေ တခါမှ မခေါ်ဖူးလို့ပါရှင် ဟဲ့ ဟဲ့ …… ဟဲလို ဟဲလို အကို အလုပ် အဆင်ပြေလား၊ ဟင်။ ရှင် ……..ဘာပြောတယ် အလုပ်ဖြုတ ်ခံလိုက်ရတယ် ဟလား။ သွားပါပြီ အကိုရယ်​ ရှိစုမဲ့စု သိန်းနှစ်ဆယ် လောက်တော့ ကုန်ပါပြီ၊ အေးဂျင့် ကောင်မ ပြောတော့ အင်္ဂလိပ်စကား ယက်စ် နိုးလောက် ပြောတတ်ရင်ပဲ အခုဆိုင်မှာ အလုပ် ရပါတယ် ဆို။ ……….. အောင်မယ်လေး မြန်မာ အချင်းချင်း လုပ်ရက် လိုက်ကြတာ။​ သူတို့ကတော့ ပွဲစားခ ရပြီး ပြီးရော လုပ်လိုက်တာ။ အခု မလေး လို မပြောတတ်ဘူး ဆိုလို့ အလုပ်ဖြုတ် လိုက်တယ် ဆိုတော့ အောင်မယ်လေး ကုန်ပါပြီ ယောင်္ကျားရယ်။ ဒီမှာ ကလေးတွေ နဲ့ မိန်းမ အဲဒီ အကြွေးတွေကို ဘယ်လို​ ဆပ်ရမှာလဲ အဟီး အီး ……..စောစောကတည်းက မလေး လို ပြောတတ်ရမယ် ဆို ကြိုပြောပါလားတော့။ အခုလို ပိုက်ဆံချေးပြီး ဘယ်လွှတ်မတုံး တော်ရဲ့။ အခု တော့ အီးဟီး …… ပြန်ပို့မယ် ဆိုလည်း ပြန်လာခဲ့ယုံပေါ့ ယောင်္ကျားရယ်။

ကျုပ် လေဆိပ် လာမကြိုတော့ဘူးနော်။ လာကြိုမယ့် တက္ကစီခ တောင် အကြွေးထပ်တင်တဲ့ အထဲ ပါအုံးမယ် ။ ဒီမှာပဲ ဖြစ်သလို လုပ်စားကြတာပေါ့ ယောင်္ကျားရယ်။ ကျုပ်တို့ မိသားစုဘဝ ကံဆိုးလှချည်လား တော်။ ဗမာပြည်မှာ အလုပ်​ အဆင်မပြေ စားစရာ အဆင်မပြေလွန်း လို့ ရှိတာလေး ပေါင်နှံ ရောင်းချ ပြီးသွားရတာ မြန်မာ အချင်းချင်း လုပ်ရက်တယ်တော်။ အဲဒီ ပွဲစား ကောင်မ …… ဟိုဒင်း ဖြစ်.. ပါစေ….ဟဝှာနဲ့ .. ဖြစ်ပါစေတော်”​

ပီဖင်းဂိုးလေး အဲဒီလို မိသားစုတွေ အကြောင်း အများကြီးတွေ့ခဲ့ရပြီးပါပြီ။ ပြည်ပ ကို အလုပ်ထွက်လုပ်ကြတဲ့ အသူ အများစုဟာ ပျော်ရွှင်လို့ ပိုက်ဆံတွေ ပေါလို့ ထွက်လုပ်ကြတာ မဟုတ်ပါဘူး။ ပြည်တွင်းမှာ အလုပ်ရှား ငွေရှာခက်၊​ တက်တက်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ လူနေမှု​ ဘဝတွေ ကျဉ်းကျပ်လွန်းလာလို့ ပြည်ပထွက်ခွါ အလုပ်အကိုင်တွေ လုပ်ကြရတာပါ။ ဒါတောင် တချို့သော ပြည်ပရောက် အလုပ်သမား တွေက ကိုယ့်ဘဝ အခြေအနေမှန်ကို နားလည်ပြီး​ အလုပ်ကြိုးစား သူလည်း ရှိတယ်၊ တချို့ကျ တခါတည်း နဖါးကြိုးကျွတ် သွားတဲ့ နွားရိုင်းလိုပဲ ထင်ရာစိုင်း လုပ်ချင်ရာ လုပ်တော့တာပဲ။ မမြင်ဖူးတာတွေ မြင်ရ။ မသုံးဖူးတာတွေ သုံးရ။ မလုပ်ဖူးတာတွေ လုပ်ရတာနဲ့ ဘဝင်လေဟပ်ပြီး ဘဝမေ့​ တော့တာပဲ။

မြန်မာပြည်ထဲ ကျန်ခဲ့တဲ့ သားမယားကို မေ့၊ ဟိုမှာ မယားငယ်တွေ တသီကြီးထား။ ငွေကို ပင်ပင်ပန်းပန်းရှာ ပြီးတော့ အဲဒီငွေကို အပျော်ရှာရာမှာ သုံး၊ ဟေးလေးဝါးလားနဲ့ နေ၊ ဟော၊ အဲဒီနိုင်ငံ စီးပွားကျ။ အလုပ်တွေ​ ရှားလာတဲ့ အချိန် အခုလို ကာလလည်း​ ရောက်ရော​၊ နိုင်ငံခြားသားတွေ ပ ထုတ် ကန်ထုတ်ပြီပေါ့ ၊ ကိုရွှေဗမာ ပြည်တော်သာမှာ မှီခိုရာ အလုပ်ပြုတ်တော့မှ မှုန်တိမှုန်ဝါး မျောက်သေး ပါးရိုက် ခံရတဲ့ မျက်နှာလေးတွေနဲ့ ပြည်တော်ပြန်လာ။

ပြူးတိ ပြူးကြောင်နဲ့ လေဆိပ်အဝင် မှာတင် ဟိုလူ့ဖါး ဒီလူ့ မျက်နှာချိုသွေးနဲ့ မြန်မာ ကျွန်သွေး ကျွန်မာန် စ ပြ ရတော့တာပဲ။ မြန်မာပြည်ထဲ မွဲကျန်နေတဲ့သူ့ သားမယားက လူစဉ်မမှီ နံကြားဒုတ်လျိူ ရလောက်အောင် ငတ်ပြတ်​ ဆင်းရဲနေပြီ။ နိုင်ငံခြားပြန် လူလည်ကြီးခမျာ အရင်းနှီးက ပါမလာလို့ မရှိ၊ ပေါ်ကြော့နေ ပေါ့ပေါ့စားရော ပညာတတ် အလုပ်ကျွမ်းကျင်သူ အတွက်ရော မြန်မာပြည်တွင်းမှာ အလုပ်က မလွယ်။ အဲဒီမှာတင် အရက်ဆိုင်မှာ အဲလိုလူတွေနဲ့စည်။​ အရက်ဖေါနဲ့ လမ်းပေါ်မှာ ခွေးလိုသေတဲ့ အမူးသမားတွေ ပို့ ပိုများလာ၊၊ စိတ်ညစ်လွန်းလို့ ထင်ရာလုပ်တဲ့ လူရိုင်းတွေ၊ ဒုစရိုက်​ သမားတွေ တစတစ ပေါလာတော့တာပဲ။ နိုင်ငံခြားပြန်ကြီး ဆိုပြီး အထင်တကြီးနဲ့ သွား အားမကိုးလိုက်လေနဲ့​ လူလိမ်တွေရှိတယ်။ မုဒိန်းကောင်တွေရှိတယ်။ အလုပ်စပ်​ ပေးမယ်ဆိုပြီး ပွဲစားလုပ် ငွေလိမ်တဲ့ လူတွေရှိတယ်။ လူတိုင်း နိုင်ငံခြားပြန်တိုင်း ခုလို​ ဗရမ်းဗတာ ဖြစ်ကုန်တာ မဟုတ်ပါဘူး။

လူယဉ်ကျေး တွေလည်း ရှိတာပါပဲ။ ကိုယ့်နိုင်ငံမှာ ပတ်ဝန်းကျင်ဆိုးဆိုး လူနေမှု စရိုက် နိမ့်နိမ့်ထဲ နေခဲ့ရပေမယ့် ပြည်ပ တိုးတက်တဲ့ နိုင်ငံရောက်တော့ နိုင်ငံကြီးသား ပီသတဲ့ လူစိတ်ကို အတုယူ လူလိုကျင့် တဲ့စိတ်ထားတွေ​ မွေးမြူတတ်လာပြီး ပြည်တော် ပြန်ရောက်တော့ လူသား အခွင့်အရေးကို ကိုယ်တိုင်လည်း ကိုယ့်ဘာသာ စောင့်ထိန်း ဖန်တီးပြီး ပတ်ဝန်းကျင်နဲ့ မျိုးဆက်သစ်တွေ အတွင်း လူသား အခွင့်အရေးကို မက်မော အားကျ စောင့်ထိန်း​ ရယူတတ်အောင် သွန်သင် ကျင့်ကြံနေတဲ့ နိုင်ငံခြားပြန်တွေ​ လည်း ရှိပါတယ်။ ဒါပေမယ့်တဲ့ ပေါ့လေ……

ဟလို ……. ကြားလား၊ ကြာလာ ……… ကြားလားလို့ မေးနေတယ်လေ ဟလို ငါကွာ ….. တောက် ….ပူရတဲ့ အထဲ စိတ်တိုလာပြီ ခွီး ……

ဆိုင်ရှင်က စိတ်မရှည်တော့ဘူး ထင်တယ်။

ညီလေး မင်းက လည်းကွာဘာမှ ဖြင့် မပြောရသေးဘူး။ ကြားလား ကြားလားနဲ့၊ ဟိုက ဘယ်ကြားအုံး မလဲ။ စကားလေး ဘာလေး ပြောပြီးမှ ကြားမကြား မေးပေါ့ကွာ

ဟာ အကိုကလည်း၊ အဲဒီကောင် နာမည်က ကြာလာ ဗျ။ သူ့အသံက မသဲကွဲလို့ ကြာလာ လားလို့ မေးနေတာ။ ဟလို ဟလို ကြာလာ ကြားလား၊ မင်း အခု အလုပ် ဘယ်လိုနေတုန်း။ နေကော ကောင်းလားဟ ။ ဒီမှာ မင်အမေတော့​ တငိုငို တရီရီဖြစ်နေပြီ။ မင်းကလည်းကွာ ဖုန်းလေးဘာလေး ပြန်ဆက်အုန်းလေကွာ။ ဒီမှာ စာမလာ သတင်းမကြားနဲ့ မင်းဘာဖြစ်နေမှန်းလည်း ငါတို့ မသိ၊ ဒီမှာ ဟေ့ကောင် မင်း ဖုန်းဆက်ဖို့ ပိုက်ဆံ မရှိဘူးဆိုလည်း ငါတို့ ဆက်မယ်။​ နားထောင်။ မင်း အဒေါ်ရော အဖွားရော ဆုံးပြီ။ ပြီးခဲ့တဲ့ အပူကာလ တွေမှာ ဆုံးတာ။ မင်းအဖွားကတော့ အိပ်နေရင်းနဲ့ မနက် မိုးလင်းတော့ အသက် မရှိတော့တာ။ မင်းအဒေါ် ကတော့ နေပူပူ ဈေးဝယ်အပြန် ပူလွန်းလို့ ဆိုပြီး ငယ်ထိပ်​ ရေဆွတ်လိုက်တာ ဈေးခြင်းတောင်းလေး ဘေးပဲ ခွေခွေလေး သွားရှာတာပဲ။ သူ့ကို သဂြိုဟ်ဖို့တောင် မီးသဂြိုဟ် စက် မအားဘူး။ အလောင်းတွေ များလွန်းလို့။ ဒို့ မန္တလေးဘက်တော့ ဂြိုဟ်ဆိုးဝင်တယ်ဟေ့ သေလိုက်ကြတာ​ သောက်သောက်တယ်မှ လဲပဲ။ ဒို့ တလမ်းထဲတင် တရက် တရက် သုံးလေးလောင်း အပြိုင်သေ နေတယ် မှတ်ရတယ်။ အဖြစ်တွေ ဆိုးချက်များ ကြံုဖူးပေါင်ကွာ။ ပူချက်ကလည်း ကမ်းကို ကုန်ရော ကောင်ရေ၊ လခွေးတယ်မှပဲ။ ငါဆို​ ပုဆိုးရေဆွတ်ပြီး ကိုယ်လုံး ပတ်ပတ် နေရတယ်။ ဒါတောင် ရေက ရှားလို့ ပုဆိုးတောင် ရေများများ မဆွတ်ရဲဘူး။ ဒါနဲ့ ဟေ့ကောင် မင်း ငယ်ရည်းစား ဒို့ အိမ်နားက ငကြွားတို့ မိသားစုအကြောင်း ပြောအုံးမယ်။ ဒီလောက်ပူနေ လူတွေ​ ငူနေ တုန်း ရှင်ပြု အလှူဆိုပြီး ကြွားသေးသကွာ။ အဲဒါ ပိုက်ဆံ ချေးငှားပြီး လုပ်တဲ့ ရှင်ပြု အလှူမှာ နေပူပူအောက် ရှင်လောင်းတွေ မြင်းတွေနဲ့ လှည့် လော်တွေဖွင့် ဓါတ်ပုံတွေ ရိုက်အပြီး ကျောင်းအရောက်၊ ခေါင်းတုန်းပြီး ရေအချိုး၊​ ရှင်လောင်း ဘယ်နှပါးဆိုလဲ မသိဘူး တခါတည်း နတ်ပြည်ကို ကြွသွားသကွာ။ စိတ်လည်း မကောင်းဘူး ။ အပြစ်မဲ့တဲ့ ရှင်လောင်း ကလေးတွေကိုတော့ အသိဉာဏ်နည်းလွန်းတဲ့ ဒီမိဘ ဝမ်း ဝင်စားလာမိတာကိုပဲ ငါ တွေးတွေး သနားမိပါရဲ့။

ဒီလောက်ပူ တာကို ကတုံးတုံးပြီး ခေါင်းရေလောင်း ရတယ်တဲ့လား။ ငါတောင် ပုဆိုးရေဆွတ်ပြီး ခနပဲ ပတ်ထာ။ လေဖြတ် ဦးနှောက် သွေးကြောပြတ် သေတတ်တယ် ဆိုတာ ငါ သိသေးတယ်။ သိပ်ပူတဲ့အပြင်က ပြန်လာရင် ရေသောက်ပြီး​ သစ်ပင်ရိပ်ကို ခိုပြီးနားမှ နည်းနည်းသက်သာတာ။ စာတတ်ပြီး အဆင်ခြင်နည်းလွန်းတဲ့ အခု ငကြွားတို့ မိသားစု မြွေပါလည်းဆုံး သားလည်းဆုံးဖြစ်ရောဟေ့ စိတ်တော့ မကောင်းဘူးပေါ့ကွာ။ မင်းရည်းစားလေးဆို အပူကြောင့် ဖြစ်တဲ့​ အပူနာယားနာတွေနဲ့ အရေပြားမှာ အပူနာတွေ ပေါက်၊ သူ့မောင်လေးကလည်း ဆုံး ……နဲ့ ရုပ်တောင် အတာ်ဆိုးသွားပြီး ၊စိတ်ဓါတ်တွေ ကျရှာပြီပေါ့။ သူ့အမေဆို ရှင်ပြု အလှူကို ချေးငွေ နဲ့ လုပ် အခုတော့ သားလည်းသေ​ အကြွေးလည်းတင် ။ မင်းရည်းစားလေး နှိုက်ကလပ် မယ် တောင် လုပ်နေရပြီ ကြားတယ်။ ကြွားချင်တဲ့ အမေကြောင့် တမိသားစုလုံး ဘဝ ကို ပျက်ရောဟေ့။ ခု သူတို့ အဖေလည်း မလေးရှားမှာ အလုပ်မကောင်းလို့ ပြန်လာတော့မယ်တဲ့​ သူတို့ ပိုစိတ်ညစ်တာပေါ့ ။ ငါတို့ ဗမာတွေ ကြွားချင်တာ မကောင်းဘူးပေါ့ကွာ။ ဘယ့်နှယ် အကြွားပိလို့ လူဖြစ်ရှုံးရတယ်ဆိုတဲ့ လူမျိုး ကမ္ဘာမှာ ဗမာလူမျိုးပဲရှိမယ် ထင်တယ်….. ဘယ့်နှယ် ။ လူမျိုးနဲ့ချီပြီး အသိဉာဏ်နည်းအောင်​ ဖန်တီးခံနေရ ရှာတော့ ခက်တယ် ခက်တယ်။ ဟေ့ကောင် ကြာလာ ကြားလား……. ကြားလား ကြာလာ

ဒီတယောက်ကတော့ သူတို့ ရွာက အကြောင်းတွေကို သူ့ယောင်္ကျားကို ဖေါက်သည်ချ လာပြောသူပါ။

ကိုဟိုဒင်းရေ။ စိတ်သိပ်မပူပါနဲ့ ရှင်တို့က အင်တာနက်တွေ။ အုတ်လိုင်းတွေ ဂျီးဒေါ်တွေ ရှိတော့ မြန်မာပြည် အကြောင်း ချက်ချင်းသိနေမှာပေါ့။ ကျုပ်တို့တော့ ဟိုဘက်လမ်း ဘာဖြစ်နေလဲ ဆိုတာတောင် မသိပါဘူးရှင်။ ရေမလာ။​ မီးမလာ အမှောင်ထဲမှာ နေရင်း နေ့လည်းပူ၊ ညလည်းပူနဲ့ နေခဲ့ရတာတော်ရေ့။ ငရဲသား ဘဝကို အရှင်လတ်လတ် ခံစားခဲ့ရတာ။ အဲဒီ ရက်တုန်းကဆို သောက်စရာ ရေတောင် မနည်းလိုက်တောင်း လိုက်ဝယ်နေရတာ။ ကြံ့ဖွံ့ရေပိုက်က​ ပိုက်ဆံသာ သိန်းနဲ့ချီပြီး ပေးဝယ်ထားရတာ။ စပြီး ရေပေးကတည်းက လာတချက် မလာတချက်။ ငွေယူပြီး တာဝန်မဲ့တဲ့ စောက်ကြံ့ဖွတ်။ ရေလာနည်းလွန်းလို့ ပန့်နဲ့စုပ်ရတယ် ဆိုပြန်တော့ ဝယ်ရပြန်ပြီ ရေစုပ်ပန့်၊ ဟော​ ရေစုပ်ပန့်ရှိပြန်တော့ ရေပေးချိန်ကျ မီး က မလာ အလကားဖြစ်။ အဲဒါနဲ့ လက်စုပ်တုံကင်တွေ အပြိုင်အဆိုင်ဝယ်ပြီး ရေလာချိန် ည အချိန်မတော်ကြီး တဂွီဂွီ တကျွီကျွီနဲ့ အိမ်တိုင်း အပြိုင်ဆိုင် ရေစုပ်ကြတာပေါ့။ နိုင်ငံတော်​ အစိုးရမင်းတို့က ကျုပ်တို့ ပြည်သူတွေကို မသနားတော့ ကျုပ်တို့ဘာသာ ကျုပ်တို့ပဲ သနားလိုက်တော့မယ်။ အခုတော့ ကြံ့ဖွတ် ရေပိုက်ဖိုးကလည်း တသိန်းခွဲ ရေစုပ်ပန့်ဖိုး တုံကင်ဖိုး အားလုံးပေါင်း နှစ်သိန်းကျော် အလကား ဖြစ်ကုန်ပြီ။

လူတွေ စီးပွားဲ့ကြပ်ရတဲ့ ကြားထဲ နူရာဝဲစွဲ မွဲရာ ကြံ့ဖွတ်ထောင်း ။ လွန်ခဲ့တဲ့ တလကျော် ကြံ့ဖွတ် ရေတွေ ညဘက်တခါ တခါ ပေးခဲ့တုန်း အချိန်ကသာ နိုင်ငံခြားသား တွေများ ညဘက် ကျုပ်တို့ ရပ်ကွက်ထဲ ဖြတ်လျောက်သွားရင်​ သူရဲခြောက်တယ် ထင်ကြမယ်။ ဟိုအိမ်နားဖြတ် လည်း တဂွီကျွီ ဒီအိမ်နားဖြတ်လည်း တကျွိကျွီ။ မှောင်ကလည်းမဲမဲ။ အသံတွေက ကျွတ်စီကျွတ်စီ လူတွေမမြင်ပဲ အသံတွေပဲ ကြားနေရမယ်။ ကပ္ပလီကျွဲမဲ စီးလာတာမှ​ သွားဖွေးဖွေး မြင်ရအုံးမယ်။ မီးတွေ ရက်ဆက်ပျက်တုံးကဆို မှောင်ချက်က တော်ရေ။ ကျုပ်တို့တောင် အိမ်အပြင် မထွက်ရဲဘူး။ ရာသီဥတု ကလည်း ပူချက် ။ ညဘက် အိပ်ရာထဲရောက်နေပြီ ချွေးက ဒီးဒီး စီးကျနေတုန်း။ဘယ့်နှယ်အိပ်မတုန်း။ တော်ကလည်း ပိုက်ဆံမပို့ တော့ ရေတစည် ရှစ်ရာ နဲ့ ဝယ်သုံးဖို့တောင် မလွယ်ဘူး ဖြစ်နေတာ။ အောင်မယ် ရှစ်ရာ နဲ့ရေတစည် လိုချင်တိုင်း ရမယ် မှတ်လား။ အဲဒီလက်တွန်းလှည်းနဲ့ ရေတစည်ကို ကိိုယ့်ဘာသာ​ တွန်းယူသယ်နိုင်ဖို့မနက် ငါးနာရီကတည်းက စာရင်းပေးထားရတာ။ ဒါတောင် ညနေပိုင်းမှ ကိုယ့်အလှည့်ရောက်တာ။ အင်ဂျင်နဲ့ စုပ်တင်ထားရတဲ့ အဲဒီ အဝီစိရေကို တစည် ရှစ်ရာပေးပြီး နေကုန်စောင့်ယူရတယ် တော်ရေ။

ရှင်တို့သာ အဝေးနိုင်ငံခြားမှာ ရေမှန်မီးမှန်နဲ့ နေရတော့ ကျုပ်တို့ ငရဲတမှျှ ဒုက္ခကို ဘယ်ကိုယ်ချင်းစာ တတ်မတုန်း။ ပိုက်ဆံ မြန်မြန်ပို့ တော့် ကလေးတွေ ကျောင်းအပ် ရတော့မယ်။ အခု မိုးလေး တဖွဲနှစ်ဖွဲရွာတုန်း ရေတံလျောက်က ရေကို​ ခံရအုန်းမယ်။ သောက်ရေလေး ရဖို့ခုထိ ဗျာများနေရတုန်း ။ ကြံ့ဖွံ့ရေက ခုထိ မလာသေးဘူ။ ပိုက်ဆံသာ နင်းကန်ယူပြီး တာဝန်မကျေတဲ့ အဖွဲ့ယုတ်။ လူလိမ်လူညာတွေ တိုက်ပုံဖြူ ပုဆိုးစိမ်းဝတ်ပြီး လိုက်လိမ်နေတဲ့အဖွဲ့။ လူတွေလည်း​ ဒီအဖွဲ့ရဲ့ ကလိန်ကကျစ် လုပ်သမျှကို ခံရလွန်းလို့ အော်ကြော့လန်နေပါပြီ ယောင်္ကျားရယ်”​

ဖုန်းလာဆက်တဲ့ နောက်တယောက် ကတော့ ………………………….

“အဓိက လိုနေတဲ့ သောက်ရေကို ပဲ နည်းနည်းနဲ့ ကျဲကျဲ လူတိုင်းစေ့ ရအောင် ကျမတို့နားက ရွာတွေဆီ သွားလှူပေးမယ် အန်ကယ်။ ဟုတ်ကဲ့။ အဲဒီရွာတွေကတော့ ကုလားဝဲတို့ ညောင်လေးပင်တို့ ဆိုတဲ့ ရွာတွေပါ ရေငတ်ချက်များ​ နွားတွေ ကလေးတွေတောင်သေကြတယ် အန်ကယ်။ အဲဒါ အန်ကယ်ပို့ပေးတဲ့ ငွေနဲ့ ရေကားတွေ ရအောင်ငှားပြီး၊ အဲဒီရွာတွေဆီ ရေလိုက်လှူပေးပါမယ်။ အော် အဲဒီ အလံလာ စိုက်ခိုင်းတဲ့ ကိစ္စလား။ ကျမ တို့ သွားလှူတုန်းကတော့​ ကြံ့ဖွတ်က သူတို့ အလံ လာစိုက်ခိုင်းတာတော့ မရှိဘူး။ ဒါပေမယ့် လိုက်ကြည့်တယ် ဆိုင်ကယ်တွေနဲ့ လိုက်လာတာတော့ တွေ့ရတယ်။ လှူတာ တန်းတာတောင် ဖြောင့်ဖြောင့် မလှူရတဲ့ ကျမတို့ နိုင်ငံသားတွေ ဘဝ စိတ်မကောင်းတော့​ ဖြစ်မိပါတယ် အန်ကယ်။ ဟုတ်ကဲ့။ မိုးလေးတော့ ခပ်ဖွဲဖွဲ ကျလာပါပြီ၊ မနေ့ကတော့ ရန်ကုန်ထဲ နေရာ အတော်များများ ရေလျှံတယ် ရေကြီးတယ် မိုးရေ ပါတယ်။ နယ်ဘက်တွေ ပဲခူးတို့ ဝေါတို့ ဘက်တွေတော့ မိုးကောင်းကောင်း​ မကျသေးဘူး၊ ရေရှားနေတုန်းပဲ အန်ကယ်။ ရေကားတစီး လာရင် လူတွေ ရာနဲ့ချီပြီး တန်းစီ စောင့်နေကြတာ သနားစရာပါရှင်။ အာဏာပိုင်တွေ ဘက်ကလည်း နိုင်သလောက်တော့ လုပ်နေတာပါပဲ။ ဆင့်ပါးစပ်ကို နှမ်းပက်သလောက်​ လှူတာလေးတွေ လုပ်ပြီး တီဗွီမှာ ကြေငြာနေယုံနဲ့ လူတွေ ရေငတ်တဲ့ ပြသနာ ပြေလည်မသွားဘူးပေါ့ အန်ကယ်။ ဟုတ်ကဲ့ နာရေး ကူညီမှု အသင်းကိုလည်း လှူပေးပါ အန်ကယ် သမီးတို့ လူတွေ ကြားထဲမှာ ယုံကြည်မှု အပြည့်ရှိတဲ့​ ပရဟိတ အသင်းဆိုလို့ ကိုကျော်သူ ရဲ့ နာရေးကူညီမှု အသင်း ပဲ ရှိပါတယ်။ သူတို့က တကယ့်ကို လူထု အတွက် အနစ်နာခံ ကူညီနေတာပါ။”

ဒီလို မျိုး လူထု အတွင်း တကယ်ဖြစ်ပျက်နေတာတွေက ယနေ့ နိုင်ငံ့ အခြေအနေကို ဖေါ်ပြနေသည် ပေါ့ဗျာ။ ပီဖင်းဂိုးလေးက နိုင်ငံရေး စကား မပြောတတ်ပါဘူး။ လူထုရင်ထဲက ပွင့်အံကျလာတဲ့ လူထုဘဝ ရင်ဖွင့်သံတွေကိုပဲ​ ထပ်ဆင့် မှတ်တမ်းတင် ဖေါ်ပြပေးတာပါ။

ဟောဟော ရန်ကုန်မြို့ကြီး မိုးလေးတွေလည်း ရွာလာပြီ၊ မီးလေးများ မှန်လာမလား မှတ်တယ် ပိုဆိုးသကိုး။ လာလိုက်ပျက်လိုက်။ အခုဆို အင်တာနက် ကွန်နက်ရှင်တောင် ကျလိုက် ပျက်လိုက်နဲ့ တခါ က ဖုန်းလာပြောသွားတဲ့

လူတယောက် ပြောစကားကို ကြားယောင်မိပြီး အဟိ လို့တောင် ပြံုးမိသေး။

ထာဝရ ဘုရားသခင်ထံကို ယုံကြည်သူ တဦးက ဆုတောင်း အမေးလေး မေးတယ်တဲ့။ မြန်မာပြည် ဒီအစိုးရ လက်အောက် မှာ လျှပ်စစ်မီးလေး ရေလေး မှန်မှန်နဲ့ ဘယ်တော့ နေခွင့် ရလာမလဲလို့ မေးတော့ ထာဝရ ဘုရားသခင်က​ ပြန်ဖြေတယ်တဲ့

ဒီမင်း ဒီဂျပိုး ဒီသူခိုးတွေ လက်အောက်မှာ ရေမီးမှန်မှန် နေခွင့်တော့ ရလာမှာပါ။ ဒါပေမယ့် ငါဘုရား မမှီဘူး

တဲ့ … မီးပျက် သွားပြန်ပါပြီ။

ပီဖင်းဂိုး

LEAVE A REPLY

Please enter your comment!
Please enter your name here