မြောက်ကိုရီးယားအား စီးပွားရေး ပိတ်ဆို့ရန် တရုတ်နှင့် ဂျပန်ကို တောင်ကိုရီးယား အကူအညီတောင်း

alt

မြောက်ကိုရီးယားအား စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ရန် အတွက် တရုတ်နှင့် ဂျပန်တို့အား မိမိတို့ အကူအညီ တောင်းခံ ထားကြောင်း တောင်ကိုရီးယားက ကြေညာခဲ့သည်။

တောင်ကိုရီးယား ရေတပ်သင်္ဘော Cheonan မှာ မြောက်ကိုရီးယား တော်ပီဒို ထိမှန်မှုကြောင့် နစ်မြုပ်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကွန်မြူနစ် နိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ ပိတ်ဆို့မှုများ တိုးမြှင့် ပေးရန် အားထည့်ဆောင်ရွက်လာခဲ့သည်။

BBC သတင်းဌာနနှင့် အင်တာဗျူးတွင် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယူမြောင်ဟွမ်က မြောက်ကိုရီးယား၏ မဟာမိတ်ဖြစ်သော တရုတ်နိုင်ငံကိုလည်း ယခု ပိတ်ဆို့ရေး အဆိုကို ထောက်ခံရန် တောင်းဆိုထားကြောင်း ပြောကြားထားသည်။ နိုင်ငံတကာ ပညာရှင်များ၏ ဆန်းစစ်လေ့လာမှုအရ မြောက်ကိုရီးယား ရေငုပ်သင်္ဘော တစ်စင်းက Cheonan ကို တော်ပီဒိုဖြင့် ပစ်ခတ်ခဲ့ကြောင်း တွေ့ရှိထားသည့်တိုင် မြောက်ကိုရီးယားက ယင်းကို ဒေါသတကြီး ငြင်းဆိုထားသည်။ ဝန်ကြီးယူက တရုတ်အနေနှင့် မြောက်ကိုရီးယား အပေါ် ညှိနှိုင်းမှုများ ပြုလုပ်လာဖွယ်ရှိကြောင်း ပြောဆိုနေမှုများအား မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။

မတ်လ အတွင်းက နစ်မြုပ်ခဲ့သော Cheonan စစ်သင်္ဘော အရေးအခင်းတွင် ရေတပ်သား (၄၆) ဦးသေဆုံးခဲ့ပြီး ယင်းမှာ ခေတ်သစ် တောင်ကိုရီးယား ရေတပ် သမိုင်းတွင် ဆုံးရှုံးမှု အကြီးမားဆုံး အဖြစ် မှတ်တမ်းဝင်သွားသည်။ ကိုရီးယား နှစ်နိုင်ငံ အရေးအခင်းနှင့် ပတ်သက်ပြီး ကုလသမဂ္ဂကလည်း ကြားဝင် ဆောင်ရွက်ရန် စီစဥ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here