မိမိ လုပ်ရပ်အတွက် လုံးဝ တောင်းပန်မည် မဟုတ်ဟု ထက်ထက်မိုးဦး ပြော

alt

ပြီးခဲ့သည့် မေလက ဖြစ်ခဲ့သည့် သတင်းထောက် တဦးအပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့သည့် ကိစ္စအား လုံးဝ တောင်းပန်မည် မဟုတ်ဟု မြန်မာ နိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ ကြားဝင် ညှိနှိုင်းမှုတွင် တာဝန်ရှိသူ များအား တုံ့ပြန် ​ပြော​ဆို​ခဲ့သည်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ သည် 7 day News ဂျာနယ်၏ တိုင်ကြားချက် အရ သတင်းထောက် မအေးသူစံ အား မေလ ၂၃ ရက်နေ့နှင့် သရုပ်ဆောင် ထက်ထက်မိုးဦး အား မေလ ၂၆ ရက်နေ့တို့တွင် ခေါ်ယူတွေ့ဆုံပြီး ကြားဝင် ညှိနှိုင်းခဲ့ရာတွင်

  • သရုပ်ဆောင် ထက်ထက်မိုးဦးအနေဖြင့် သတင်းထောက် မအေးသူစံနှင့် စာနယ်ဇင်းသမားများအား လူသိရှင်ကြား တောင်းပန်ရန်
  • အထက်ပါအစီအစဥ်အတိုင်း သရုပ်ဆောင် ထက်ထက်မိုးဦးမှ ဆောင်ရွက်ပေးပါက တရားရုံးတွင် ဦးတိုက်လျှောက်ထားမှုအား မအေးသူစံမှ ရပ်ဆိုင်းရန်
  • သရုပ်ဆောင် ထက်ထက်မိုးဦးမှ အထက်ပါအစီအစဥ်အတိုင်း တောင်းပန်မှုမပြုလျှင် မအေးသူစံ ဆန္ဒအတိုင်း ဆောင်ရွက်ရန်

တို့ကို ကြီးသော အမှုငယ်အောင် ၊ ငယ်သော အမှု ပပျောက်စေအောင် လူမှုရေးအရ ဖြေရှင်းပေးရန် ကြိုးစားခဲ့ရာ သရုပ်ဆောင် ထက်ထက်မိုးဦးမှ သဘောတူညီ လိုက်လျောမှု မပြုလုပ် နိုင်ကြောင်းသာ တုံ့ပြန်ခဲ့သည်။

ဤကဲ့သို့​ ကြားဝင် စေ့စပ်မှုအား လက်မခံခြင်း၊ စာပေနှင့် အနုပညာသမားများ ဘဝတူ အချင်းချင်း အပေါ်လွန်စွာ ရိုင်းပြခြင်း​ ​စ​သည့် လုပ်ရပ်များ​ကြောင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ဝမ်းနည်းစွာ ရှုတ်ချလိုက်ကြောင်း မေလ ၃၁ ရက်နေ့ ညနေက ကြေညာချက် အမှတ် ၁/၂၀၁၀ ထုတ်ပြန်ခဲ့သည်။

မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်နေသည့် ကုန်စည်သစ် မိတ်ဆက်ပွဲ တခု၌ ထက်ထက်မိုးဦးက 7day ဂျာနယ် သတင်းထောက်တို့ အင်တာဗျူး တခုပြုလုပ် ခဲ့ပြီးနောက် ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရား ရင်ဆိုင်ရန် 7day ဂျာနယ် သတင်းထောက်က ဦးတိုက် လျှောက်ထားခဲ့သည်။

ထို့နောက် အမှုကို ရန်ကင်းတရားရုံး​၌ မေလ၂၄ ရက်နေ့က တရားလို သတင်းထောက် မအေးသူစံနှင့် မဝင်းမာတို့က ထွက်ဆိုချက်ပေးခဲ့ပြီး၊ မေလ ၂၇ ရက်နေ့တွင် 7day မှ Entertainment Section Editor မအေးမြကျော် နှင့် Hello ဂျာနယ်မှ ကိုဘုန်းနေလ တို့ကို ကြားနာခဲ့ကာ ဇွန်လ ၃ ရက်သို့ ထပ်မံ​ ရုံးချိန်းပေးထား လိုက်ကြောင်း သိရသည်​။​ မအေးမြကျော် သည် တရားလို သတင်းထောက် မအေးသူစံကို အခင်း ဖြစ်ပြီးနောက် ပထမဆုံး တွေ့မြင်ခဲ့ရသူ ဖြစ်ကာ ကိုဘုန်းနေလ ကမူ အခင်း ဖြစ်ပွားမှုကို မျက်မြင် တွေ့မြင် ရသူလည်း​ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here