တောင်ကိုရီးယားရေတပ် စစ်ရေးလေ့ကျင့်မှုများအပေါ် မြောက်ကိုရီးယား တုံ့ပြန်ခြိမ်းခြောက်

alt

တောင်ကိုရီးယား၏ ရေတပ်စစ်ရေးလေ့ကျင့်မှုများအတွက် မိမိတို့အနေနှင့် အချိန်မရွေး စတင်တိုက်ခိုက်မှု ပြုလုပ်ရန် အသင့်ရှိကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်သည်။

တောင်ကိုရီးယားသည် ယခုသီတင်းပါတ်မှ စတင်ကာ ရေငုပ်သင်္ဘောဖျက်ဆီးရေး နည်းပညာကို အသားပေးသည့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ Cheonanသင်္ဘောမှာ မတ်လအတွင်းက မြောက်ကိုရီးယား ရေငုပ်သင်္ဘော တစ်စင်းက ပစ်လွှတ်လိုက်သည့် တော်ပီဒိုထိမှန်ကာ နစ်မြုပ်ခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိပြီးနောက် တောင်ကိုရီးယားက ယခုကဲ့သို့ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားကမူ တောင်ကိုရီးယား၏ လှုပ်ရှားမှုများသည် စစ်ပွဲကို တောင်းဆိုနေခြင်းအဖြစ် စွပ်စွဲထားသည်။ မတ်လ(၂၆)ရက်နေ့က စစ်သင်္ဘော နစ်မြုပ်မှုအတွင်း တောင်ကိုရီးယား ရေတပ်သား (၄၆)ဦး အသက်ဆုံးရှုံးခဲ့ရသည်။ မြောက်ကိုရီးယားက မိမိတို့အနေနှင့် ရေပိုင်နက်အတွင်း ကျူးကျော်လာသည့် မည်သည့်တောင်ကိုရီးယား စစ်သင်္ဘောကိုမဆို စတင်ပစ်ခတ်ရန် လက်နှေးနေမည် မဟုတ်ကြောင်း ခြိမ်းခြောက်လိုက်သည်။

တောင်ကိုရီးယားတွင်လည်း မြောက်ကိုရီးယား ဆန့်ကျင်ရေး စိတ်ဓာတ်များ ပြင်းထန်နေပြီး လူပေါင်း(၁၀၀၀၀၀)ကျော်မျှ စုဝေးကာ မြောက်ကိုရီးယား၏ ရန်စမှုကို ရှုတ်ချဆန္ဒပြခဲ့သည်။ မြောက်ကိုရီးယား၏ စစ်ရေးမဟာမိတ်ဖြစ်သည့် ရုရှားက နှစ်ဖက်စလုံးအား အခြေအနေကို အေးချမ်းစွာ ဖြေရှင်းရန် တောင်းဆိုထားသော်လည်း တောင်ကိုရီးယား၏ မဟာမိတ်ဖြစ်သည့် အမေရိကန်ကမူ တောင်ကိုရီးယားဖက်မှ အပြည့်အဝ ရပ်တည်ကြောင်း ကြေညာထားသည်။

မြောက်ကိုရီးယား၏ ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သူ ပက်ချန်ဆူးက မိမိတို့အနေနှင့် ရန်သူ၏ ပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း၊ မိမိတို့အား စတင်ရန်စလာပါက ယင်းသည် စစ်ပွဲကို တောင်းဆိုခြင်းပင်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here