သင်သည်​ ပုရွက်ဆိတ်​ တစ်ကောင်​ ဖြစ်ခဲ့လျှင်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် (လှိုင်းဘွဲ့ )

အစာရှာတဲ့ အဖွဲ့ထဲက ရှေ့ပြေးတပ်သား မောင်နီ အူယားဖားယားနဲ့ ကျုပ်တို့ကို လာအကြောင်းကြား ချိန်က လူတွေရဲ့ သတ်မှတ်ချက်နဲ့

ဆိုရင် ည အချိန်ပေါ့ဗျာ။ ကျုပ်တို့ ရဲ့အကြိုက်ဆုံး စားစရာတွေ ထဲမှာပါတဲ့ ပေါင်မုန့် အကြီးကြီးကို တွေ့ခဲ့တယ်တဲ့လေ။ ဒါနဲ့ပဲ ကျုပ်တို့လည်း လူတွေလို နေ့ရယ် ညရယ် ရွေးမနေတော့ပါဘူး အဖွဲ့ဝင်တွေ ချက်ချင်း စုစည်းပြီး မောင်နီအနောက်က တန်းစီ ထလိုက် လာကြတာပဲ။

ကျုပ်တို့ အတွက်တော့ နေ့ရယ်ညရယ်လို့ မရှိပါဘူး။ အစာရှာဖို့ အတွက်ဆို အချိန်မရွေး ထကြွလုံ့လ ရှိရမယ် မဟုတ်လား။ ဘာကြောင့်ဆိုတော့ နေအိမ် တည်ဆောက်ဖို့နဲ့ အစာရှာဖို့ တာဝန်က ကျုပ်တို့ တာဝန်ပဲလေ။ ကျုပ်တို့က ခင်ဗျားတို့လို လူတွေ အမြင်နဲ့ ကြည့်ရင် မလောက်လေး မလောက်စားဆိုတဲ့ အဆင့်ထက်တောင် နိမ့်နိုင်ပေမယ့် ကျုပ်တို့ရဲ့ ဖွဲ့စည်းပုံက လူတွေထက်တော့ စံနစ်တကျ ရှိတယ်ဆိုတာ သေချာပေါက် ပြောရဲတယ် ဗျာ။

အရေးဟယ် အကြောင်းဟယ်ဆို ခင်များတို့လူတွေမှာ လူစုရတာနဲ့ တာဝန် ခွဲဝေရေး ကော်မတီ အယင် ဖွဲ့ရတာနဲ့ ဒီကြားထဲ သက်သောင့်သက်သာနဲ့ နာမည်ကောင်းရမယ့် နေရာတွေများဆို ပေးရကမ်းရပြီး နေရာရဖို့ ဝိုင်းအုံ နေကြတာပဲ။ ဒါတောင် ပြောချင်ကြသေးတယ် ပျားရည်စက်မှာ ပုရွတ်ဆိတ် အုံနေတဲ့ အတိုင်းပဲတဲ့။ ဥပမာ ကတော့ မြင်သာထင်သာ ရှိပါရဲ့ဗျာ။ ဒါပေမယ့် ကျုပ်တို့ ပုရွတ်ဆိတ်တွေနဲ့ နှိုင်းတာကိုတော့ မကျေမနပ် ဖြစ်မိပါသေးတယ်။

ကျုပ်တို့ ပုရွတ်ဆိတ်တွေမှာ အကောင်သေးပေမယ့် ကိုယ့်တာဝန် ကိုယ်ကျေကြတာပဲဗျ။ လူတွေရဲ့ စိတ်အတိုင်း သာဆို သားဖောက်ဖို့ တာဝန်ယူရတဲ့ နေရာမှာ ဝိုင်းအုံ နေကြမှာပဲ။ ကျုပ်တို့ကတော့ စိတ်ထဲမှာ ဘာမှမထားဘူး ကိုယ့်တာဝန် ကိုယ်ကျေဖို့ပဲ သိတယ်။ သားဖောက်တဲ့ တာဝန်ယူရတဲ့ မောင်နက်တို့ အဖွဲ့ကိုလည်း ဘယ်လိုမှ မမြင်မိဘူး။ ရန်သူတွေကို တိုက်ခိုက်ရေး တာဝန်ယူရတဲ့ အဖွဲ့ကိုလည်း ကျေးဇူးတင် ရတာပဲ။

ယုတ်စွအဆုံး … ဗျာ မျိုးဆက်ပြန့်ပွားဖို့ တချိန်လုံး ကလေးတွေ မွေးပေးနေရတဲ့ ပုရွတ်ဆိတ် အမတွေ ကိုလည်း ကျုပ်က ကြံဖန် ကျေးဇူးတင်မိတယ်။ သူတို့ကမွေး ကျုပ်တို့က​ ကျွေးပေါ့ဗျာ။

အားလုံး ကိုယ့်တာဝန် ကိုယ်ကျေကြသလို ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူရတာပါပဲ။

အခုတော့ မောင်နီက သူတွေ့ခဲ့တယ်ဆိုတဲ့ အစာကို လာပြောတာနဲ့ ကျူပ်တို့လည်း ချက်ချင်း ထလိုက်လာကြတာ ခရီးတောင် အတန်ငယ် ပေါက်ရောပေါ့။ ကျုပ်တို့ ရှေ့နဲ့နောက်မှာလည်း တိုက်ခိုက်ရေး အဖွဲ့ဝင်တချို့ ဝိုင်းရံပြီး လိုက်ပါလာကြတယ်။ သူတို့ တတွေက ကျုပ်တို့ အဖွဲ့အတွက်တော့ အသေခံ တပ်သားတွေ ပေါ့ဗျာ။ ရန်သူတွေ့ရင် တိုက်ခိုက်သလို လမ်းခရီးမှာ ကျဆုံးသွားတဲ့ မျိုးနွယ်တွေ ကိုလည်း နေတဲ့ နေရာအထိ ရောက်အောင် ပြန်သယ်တဲ့ တာဝန် ယူကြတယ်လေ။

ကျုပ်တို့ ပုရွတ်ဆိတ်တွေရဲ့ သက်တမ်းက လူတွေရဲ့ ပြက္ခဒိန်နဲ့ဆို ၁၀ နှစ်သက်တမ်း ကနေ နှစ် ၅၀ထိ ရှိတယ်။ တောနက်တွေ ထဲမှာနေတဲ့ ကျုပ်တို့ အမျိုးတွေဆိုလည်း အဲဒီလောက် အသက်ရှည်ကြတယ် ။ ကျုပ်တို့က အမျိုးများတယ် လက်ဆင့်ကမ်း သယ်လာခဲ့တဲ့ မှတ်တမ်းတွေ အရဆို ကျုပ်တို့ ပုရွတ်ဆိတ် အမျိုးပေါင်း ကိုးထောင်ကျော် ရှိတယ်ဆိုပဲ။

ကျုပ်တို့ သက်တမ်းက ရှည်ကြာတယ် ဆိုပေမယ့် ကျုပ်တို့လို အစာရှာတဲ့ အဖွဲ့နဲ့ တိုက်ခိုက်ရေး တာဝန်ယူရတဲ့ အဖွဲ့တွေ အတွက်တော့ နေ့မြင် ညပျောက် ပါပဲဗျာ။ ကျုပ်တို့ ခန္ဓာကိုယ်လောက်ရှိတဲ့ အစာလေး အတွက်နဲ့ ကျုပ်တို့ခန္ဓာရဲ့ အဆပေါင်းများစွာ ရှိတဲ့ လူတွေရဲ့ လက်နဲ့ ဖိသတ်ခြင်း ခံရတာပါပဲ။

သားဖောက် တာဝန်ယူရတဲ့ မောင်နက်တို့ အဖွဲ့ကတော့ အဲဒီလောက် အသက်ရှည်ရှည် နေနိင်တယ်..။ ကျုပ်တို့ကတော့ စောစော သေသွားလို့လည်း ဝမ်းနည်း မနေပါဘူး။ နေခွင့်ရတဲ့ အချိန်လေးမှာ ကိုယ့်မျိုးနွယ်စု အပေါ် တာဝန်ကျေခဲ့တယ်ဆို ပြီးတာပါပဲ။ ကိုယ့်အမျိုးအပေါ် စောင့်ရှောက်မယ် ရှာဖွေကျွေးမွေးမယ် ဒုက္ခမပေးဘူးဆို ကျုပ်တို့ ပုရွတ်ဆိတ် ဖြစ်ရကျိုး နပ်ပါတယ်လေ။

ခက်တာက ကျုပ်တို့နေတာက လူနေထူထပ်တဲ့ မြို့မှာဆိုတော့ စားစရာ ရှာရလွယ်သလို သေဖို့လည်း လွယ်တယ် ဆိုပါတော့။ ဒါပေမယ့်ဗျာ သေမှသာသေရော မသေခင်တော့ အစာကို ရအောင်ရှာရမှာပဲ။ ဒါကလည်း ကျုပ်တို့အတွက် အဓိက မဟုတ်ပါဘူး။ ကျုပ်တို့ တဝမ်းတခါး အတွက်များတော့ မပူပါဘူးလေ။ အခုဟာက ကျုပ်တို့ရဲ့ တာဝန်အရ မျိုးဆက်လေးတွေ အတွက် အစာရှာပေးရတော့ နေ့ရယ်ညရယ် မရွေးနိင်ပါဘူး။

ကျုပ်တို့က အစာကိုတွေ့ရင် အရည်အဖြစ်သာ သယ်ဆောင်သွားကြတယ်။ ကလေးတွေ ကိုတော့ ကျုပ်တို့ သယ်လာတဲ့ အရည်တွေ ပြန်အန်ထုတ်ပြီး ကျွေးမွေးရတာပါပဲ။ အစာခဲလိုက်ကို သယ်သွားပြီး ကျုပ်တို့ အသိုက် အမြံုရောက်မှ အရည်ထုတ်ပြီး စားကြတဲ့ အခါလည်း ရှိတာပေါ့လေ။

ရှေ့ပြေးတပ်သား မောင်နီတို့အဖွဲ့ လူးလားခေါက်တုန့်နဲ့ အလုပ်တွေ များနေကြတယ်။ သူတို့ခင်မျာ ချီတက်လာတဲ့ လမ်းတလျှောက်က အဖွဲ့ဝင်တွေကို စိတ်မလျှော့ဖို့ မကြာခင်မှာ ကျုပ်တို့ လိုချင်တဲ့အစာကို တွေ့ရတော့မယ်ဆိုပြီး တကောင်ချင်းစီကို လိုက်ပြီး အားပေး နေကြတာပါပဲ…။

စားပွဲခုံ အမြင့်ကြီးပေါ်မှာ ရှိတဲ့ အစာအတွက် ကျုပ်တို့သွားရတဲ့ ခရီးလမ်းက ပင်ပန်း လွန်းပါတယ်။ တောက်လျှောက် တက်လာရတာ ကျုပ်ကောင်တွေလည်း မောပန်း နေလောက်ရောပေါ့။ ကျုပ်တို့ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ ခေါင်းပိုင်း ရင်ဘက်ပိုင်း နဲ့ ဝမ်းဗိုက်ပိုင်းဆိုပြီး သုံးပိုင်းရှိတဲ့ အထဲမှာမှ ဝမ်းဗိုက်ပိုင်းက ပိုလေးလွန်းတယ်။ ပြင်ညီ ပေါ်မှာသွားနေရင် မသိသာပေမယ့် အခုလို့ မတ်စောက်တဲ့ နေရာတွေကို တက်ရတာ ပင်ပန်းလွန်းပါတယ်။

နာမကျန်း ဖြစ်နေရဲ့နဲ့ အစာသယ်ဖို့ လိုက်လာတဲ့ အဖွဲ့ဝင် နှစ်ယောက်လည်း လမ်းတဝက် မှာတင် ပြုတ်ကျ သွားပြီလို့ အဆင့်ဆင့် သတင်းပေးလို့ ကြားလိုက်ရသေးတယ်။ စိတ်မကောင်း ဖြစ်မိပေမယ့် ဒါဟာ ဘဝပဲ မဟုတ်လား။ အခုလောက်ဆို တိုက်ခိုက်ရေး အဖွဲ့ဝင်တွေက အသိုက်အမြံုတွေဆီ ပြန်သယ်သွားလောက် ရောပေါ့။ ကျုပ်တို့ အမျိုးတွေကို သေဆုံးသွားသည် ဖြစ်စေ ဒဏ်ရာရ သွားသည်ဖြစ်စေ အသိုက်အမြံု ဆီတော့ ရအောင် ပြန်ခေါ်ကြတာ ကျုပ်တို့ရဲ့  ဓလေ့ပါပဲ။

ကျုပ်တို့ရဲ့ အစာဆီကိုတော့ မကြာခင်မှာ ရောက်တော့မယ်လို့ မောင်နီ ခုနက လာပြောထားလို့ ကျုပ်တို့ တက်ကြွ နေမိတယ်။ ကျုပ်စိတ်ထဲမှာ စိုးရိမ်နေတာက အလင်းရောင်တွေ မရောက်ခင် ကျုပ်တို့ ရည်ရွယ်ရာကို ရောက်နိင်ပါ့မလား ဆိုတာပါပဲ…။ ကျုပ်မကြိုက်ဆုံး အချိန်တွေက မနက်လင်းခါစနဲ့ ညဦးပိုင်း အချိန်တွေပဲ။ အဲဒီ အချိန်တွေမှာ အစာရှာရ ခက်သလို ကျုပ်တို့သေဖို့လည်း ရာခိုင်နှုန်း များတယ်လေ။ ညနက် သန်းခေါင်နဲ့ နေ့ခင်းနေ့လည် အချိန်တွေကတော့ အစာရှာဘို့ အကောင်းဆုံး အချိန်တွေပါပဲ။ စိတ်အေး လက်အေးရှာ နိင်သလို အစာကိုလည်း များများ စုမိတတ်တယ်။

အခုရောင်နီရဲ့ အအေးဒဏ်ကို ခံစားရစ ပြုလာပြီ ဆိုတော့ မကြာခင်မှာ မိုးလင်းတော့မှာ သေချာနေပြီပေါ့၊ ကျုပ်တို့ အချိန်မှီနိုင်ပါ့မလား။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ကို မျှော်နေမယ့် ဆာလောင်နေတဲ့ ကလေးငယ်တွေ အတွက် ကျုပ်တို့ ရှေ့ဆက် နေရအုံးမှာပဲ…။

…………………………………………………………………………………………………………………………………………..

နိုးစက်ရဲ့ စူးစူးရှရှမြည်သံကြောင့် နိုးလာမိသည် ။ စိတ်ပျက်ပျက်နဲ့ ကျွတ်ခနဲ ရေရွတ်​ လိုက်မိသည်။ နောက်ထပ် နာရီဝက်လောက် အိပ်ခွင့်ရသေးရင် တော်တော်ကောင်းမှာပဲ တွေးမိပေမယ့် မဖြစ်နိင်မှန်းသိလို့ ရေချိုးခန်းထဲ ဝင်လိုက် ရတော့သည်။ ကြည်လင် လန်းဆန်းသွားအောင် ခေါင်းကိုပါ ရေလောင်းချိုးလိုက်သည်။

အလုပ်သွားဖို့ ဖိနပ်စီးနေရင်း ထမင်းစား စားပွဲပေါ်က ညက လက်ကျန်ပေါင်မုန့် အပိုင်းအစ တချို့တွင် ပုရွတ်ဆိတ်တို့ ဝိုင်းအုံ ခဲနေကြတာကို တွေ့လိုက်ရသည်။ တော်တော် အနံ့ခံ ကောင်းတာပဲ တွေးမိရင်း လက်နှင့် တောက်ထုတ် ပစ်လိုက်မိသည်။

ပေါင်မုန်း အပိုင်းအစ တချို့နှင့် ပုရွတ်ဆိတ်တို့ လေထဲမှာ ဝဲပျံ သွားတော့သည်…။

…………………………………………………………………………………………………………………………………….

တနေ့သော မနက်ခင်းမှာ တန်းစီပြီးသွားနေတဲ့ ပုရွတ်ဆိတ် တချို့ကို မြင်မိရာကနေ ဒီဝတ္ထုတိုလေးကို ရေးဖို့ စိတ်ကူးရခဲ့ပါတယ်။​ အဲဒီတနေ့လုံး စာရေးသူ တွေးနေမိတာက ပုရွတ်ဆိတ်တွေနဲ့ တူတဲ့ မြန်မာပြည်သူ ပြည်သား တချို့ကိုပါပဲ…။ မဝ ရေစာလေး အတွက် ရုန်းကန်နေရတဲ့ ဘဝတွေကို တွေးမိပါတယ်…။

ရှင်သန်မှုအတွက် ဖိသတ်ရက်တဲ့ လက်မည်းတွေကိုလည်း တွေးမိပါတယ်…။

လွတ်မြောက်မှု အတွက် တောက်ထုတ်ခံရတဲ့ ဘဝတွေကိုလည်း တွေးမိပါတယ်။

ဆက်ပြီး တွေးမိတာကတော့ စာရေးသူတို့ တွေလည်း တနေ့နေ့ တချိန်ချိန်မှာ ကြွယ်ဝချမ်းသာ လာနိင်ပါတယ် အရာရာကို ဖန်ဆင်းနိင် တောက်ထုတ်နိုင်တဲ့ လက်တစုံ ကိုလည်း ပိုင်ဆိုင် လာနိင်ပါတယ်…။ အဲဒီအချိန် ရောက်ခဲ့ရင် ကိုယ့်ရဲ့ မတော်တဆမှုနဲ့တောင် ဘယ်ဘဝတွေ ကိုမှ မတောက် ထုတ်ပစ်ဖို့ပါပဲ…။

အခုချိန်မှာ စာရေးသူတို့ ကိုယ်တိုင်လည်း အစာရေစာ ပေါကြွယ်ဝတဲ့နေရာ လာပြီး ရှာဖွေ နေရတဲ့ ဘဝတူ ပုရွတ်ဆိတ် တကောင်ပဲ မဟုတ်လား….။

မြစ်ကျိုအင်း

http://www.myitkyoeinn.com

LEAVE A REPLY

Please enter your comment!
Please enter your name here