​တောင်​ကို​ရီး​ယား​၏​ ဆုံး​ဖြတ်​ချက်​ကို​ ​အို​ဘား​မား ​အ​ပြည့်​အ​ဝ​ထောက်​ခံ

alt

နစ်မြုပ်သွားသော စစ်သင်္ဘော ကိစ္စ အတွက် တောင် ကိုရီးယားက မြောက် ကိုရီးယားနှင့် ကုန်သွယ်မှု လုပ်ငန်းများ ဖြတ်တောက် ပိတ်ဆို့ လိုက်ခြင်းကို

အပြည့်အဝ ထောက်ခံကြောင်း အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြား လိုက်သည်။ မတ်လ အတွင်းက တောင်ကိုရီးယား တိုက်သင်္ဘော Cheonan သည် မြောက် ကိုရီးယား တော်ပီဒို ထိမှန်သဖြင့် နစ်မြှုပ်ခဲ့ခြင်းဟု တောင်ကိုရီးယား ထောက်လှမ်းရေးက နောက်ဆုံး ကောက်ချက် ချလိုက်ပြီးနောက် သမ္မတ လီမြောင်ဘက်က မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် ဆုံးဖြတ် လိုက်သည်။

မေလ(၂၄)ရက်နေ့တွင် တောင်ကိုရီးယား အစိုးရက မြောက် ကိုရီးယားအနေနှင့် ယင်းကိစ္စ အတွက် ဝန်ချ တောင်းပန်ရန်နှင့် တာဝန်ရှိသူများအား အပြစ်ပေးရန် တောင်းဆို လိုက်သည်။ တောင်ကိုရီးယား သမ္မတ၏ လုပ်ဆောင်ချက်နှင့် စပ်လျဥ်းပြီး မိမိတို့ အပြည့်အဝ ထောက်ခံထားကြောင်း အိမ်ဖြူတော်ကလည်း ကြေညာခဲ့သည်။ သမ္မတ အိုဘားမား အနေနှင့် ယခုကိစ္စအတွက် မြောက်ကိုရီးယားက တာဝန်ယူ ဖြေရှင်းပေးသင့်သည်ဟု ယူဆကြောင်း အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရအရာရှိ ရောဘတ်ဂိတ်က ဆိုသည်။ မတ်လ(၂၆)ရက်နေ့က ကင်းလှည့်တာဝန် ထမ်းဆောင်နေသော Cheonan သင်္ဘောအား တော်ပီဒိုဖြင့် တိုက်ခိုက်မှုမှာ အလွန်ဆိုးရွား ရက်စက်လှကြောင်း တောင်ကိုရီးယားသမ္မတ လီက စွပ်စွဲပြောကြားခဲ့သည်။

လေ့လာစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တောင်ကိုရီးယား ရေတပ်သင်္ဘော၏ ကြမ္မာဆိုးသည် မြောက်ကိုရီးယား ရေငုပ်သင်္ဘောတစ်စင်းမှ ပစ်လွှတ်ခဲ့သော တော်ပီဒိုကြောင့်ဟု အတည်ပြုခဲ့သည်။ ယင်းသည် ကိုရီးယား နှစ်နိုင်ငံ၊ စစ်ရေးသမိုင်းတွင် အဆိုးရွားဆုံး အသေအပျောက်ရှိမှု ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားကြောင်းလည်း သိရှိရသည်။ ယခုကိစ္စအတွက် အမေရိကန်နှင့် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးများသည် စင်္ကာပူတွင် တွေ့ဆုံဆွေးနွေးရန် စီစဥ်ထားကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here