Google အင်​တာ​နက်​ တီ​ဗွီ မိတ်ဆက်

alt

Google က အင်တာနက် ဝဘ်ဆိုက် များကို အသုံးပြုနိုင်မည့် TV ကို မိတ်ဆက် ပြသလိုက်ပြီ ဖြစ်သည်။ အဖြူအမည်း မှ ရောင်စုံ TVများ စတင် ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်း

အကြီးမားဆုံး TV နည်းပညာ တော်လှန်ရေး တခုဟု သတ်မှတ် ရမည့် Google TV သည် Facebook​ ဝဘ်ဆိုက်ကို အသုံးပြုခြင်း၊ YouTube မှ ဗီဒီယိုများကို ကြည့်ရှုခြင်း တို့အား ကွန်ပျူတာ မလိုဘဲ ဧည့်ခန်းအတွင်း ထားရှိသော TV မှတဆင့် သက်သောင့်သက်သာ ပြုလုပ် နိုင်စေမည် ဖြစ်သည်။

Google နှင့်အတူ Sony၊ Intel နှင့် Logitech တို့က ပါဝင်တည်ဆောက် ထားသော TV ကို Remote မှတဆင့် ထိန်းချုပ်မှုများ ပြုလုပ်နိုင်သလို အထူး စီစဥ်ထားသည့် ဝါယာလက် Keyboard တခုပါ ထည့်သွင်း ပေးထားသည်။ HDTV များ ဝယ်ယူထားသူ များသည် Google မှ ရောင်းချသည့် Companion Box ကို ဝယ်ယူပြီးနောက် အင်တာနက် အသုံးပြုနိုင်သော Google TV အဖြစ် အလွယ်တကူ ပြောင်းလဲနိုင်မည် ဖြစ်သည်။

အင်တာနက် Search Engine ဘီလူးကြီး Google သည် ယင်း အင်တာနက် အသုံးပြု TV အတွက် လိုအပ်သော Software ကို ဆန်ဖရန်ဆစ္စကို ရှိ နည်းပညာ နှီးနှောပွဲ တခုတွင် Software Developer ထောင်ပေါင်း များစွာအား ပြသခဲ့ခြင်း ဖြစ်သည်။ Google ၏ ထုတ်လုပ်မှု ပရောဂျက် စီနီယာ မန်နေဂျာ တဦးဖြစ်သည့် ရီရှီချာဒရာက ဖုန်းနှင့် ကွန်ပျူတာ များထက် ဗီဒီယို ကြည့်ရှုမှုကို TV များတွင်သာ ပိုမိုပြုလုပ်နေဆဲ ဖြစ်ကြောင်း၊ မိမိတို့၏ ရည်ရွယ်ချက်မှာ အင်တာနက် ချိတ်ဆက်သည့် လုပ်ဆောင်မှု ဈေးကွက်တွင် ဖုန်းနှင့် ကွန်ပျူတာများ ကဲ့သို့ပင် TV များကပါ လွှမ်းမိုးလာနိုင်ရန် ဖြစ်ကြောင်း ပြောကြားသွားသည်။

ယခု လောလောဆယ်တွင် Google TV အနေနှင့် ရွေးချယ် အသုံးပြုနိုင်သော ဝဘ်ဆိုဒ် အရေအတွက်မှာ အကန့်အသတ် ဖြင့်သာ ရှိနေပြီး ယင်းကဲ့သို့ ဝန်ဆောင်မှု မျိုးအား Google နှင့်အပြိုင် Yahoo! နှင့် Apple တို့ကလည်း အကောင်အထည်ဖော် နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here