ဘန်ကောက်မြို့တော် အပျက်အစီးများ သိမ်းဆည်းမှု ပြုလုပ်

alt

မေလ (၂၁)ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တော်တွင် အဓိကရုဏ်း ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျက်စီးမှုများကို စတင် သိမ်းဆည်းမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

နိုင်ငံပြိုကွဲမည့် အခြေအနေထိ ဆိုးရွားခဲ့သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ အစိုးရ၏ စစ်တပ် အကူအညီဖြင့် နှိမ်နင်းမှုကြောင့် ဆုံးခန်းတိုင် သွားပြီဖြစ်သည်။ အနီဝတ် အစိုးရ ဆန့်ကျင်ရေး သပိတ်မှောက်သည့် ခေါင်းဆောင်များ လက်နက်ချ အဖမ်းခံ လိုက်ပြီးနောက် ဆန္ဒပြမှုများ အဆုံးသတ် သွားသော်လည်း ဘန်ကောက်ရှိ အထင်ကရ အဆောက် အအုံကြီး (၃၆)ခု နှင့် စတော့(ခ်) ရောင်းဝယ်ရေး ဌာနတို့အပြင် ထိုင်းနိုင်ငံ၏ အကြီးဆုံး Shopping Mall ကြီးတို့တွင် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။

ယခုအခါ ဘန်ကောက်မြို့တော် စည်ပင်သာယာရေး လုပ်သားများသည် အပျက်အစီးများကို စီစစ် ရှင်းလင်းမှုများ စတင် ပြုလုပ်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပါတ်များအတွင်း စစ်တပ်နှင့် ဆန္ဒပြသူများကြား အပြန်အလှန် တိုက်ခိုက်ခဲ့သည့် လမ်းမများတွင် မီးရှို့ထားသော ကားတာယာများ၊ ကျောက်ခဲများ၊ ပုလင်း အစအနနှင့် အခြားသော အပျက်အစီးများ စုပုံလျက် ရှိသည်။

ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်အား ထောက်ခံသူများနှင့် လက်ရှိ အစိုးရကြား ဖြစ်ပွားခဲ့သော အဓိကရုဏ်း များသည် နှစ်လကျော် ကြာမြင့်ပြီးနောက် စစ်တပ်၏ ပစ်ခတ် နှိမ်နင်းမှု များကြောင့် ယခု သီတင်းပါတ် အတွင်း ဆုံးခန်းတိုင် သွားခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here