အိုက်စလန် မီးတောင်ပြာမှုန် များကြောင့် ဥရောပ လေဆိပ်အချို့ ပိတ်ရပြန်

alt

မေလ(၁၇)ရက်နေ့ နံနက်ပိုင်းက အိုက်စလန်ကျွန်းရှိ မီးတောင်မှ ထွက်ပေါ် လာသော ပြာမှုန်တိမ်တိုက် များကြောင့် ဥရောပ၏ အကြီးဆုံး၊ လေယာဥ် ဆင်းတက်မှု အများဆုံး လေဆိပ်ကြီး နှစ်ခုအား ပိတ်ခဲ့ရကြောင်း သိရသည်။

အီဂျာဖီဂျာဂျိုကူ မီးတောင်ကြီးမှ မှုတ်ထုတ်လိုက်သည့် ပြာများကြောင့် ဖြစ်တည်လာသော တိမ်တိုက်ကြီးများသည် ဥရောပ လေကြောင်း သွားလာရေးကို အကြီးအကျယ် အတားအဆီး ဖြစ်နေစေရာ ဗြိတိန်၏မြို့တော် လန်ဒန်ရှိ ဟိသရိုးလေဆိပ်နှင့် ဟော်လန်နိုင်ငံ၊ အမ်စတာဒမ်မြို့တော်ရှိ ရှီဖိုးလေဆိပ် တို့အား ပိတ်ထားခဲ့ရသည်။

လေကြောင်း အာဏာပိုင်များက လေယာဥ်များ၏ ပျံသန်းမှု ခရီးစဥ်တွင် အန္တရာယ် ရှိစေနိုင်လောက်သော အနေအထားကြောင့် ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းနေ့ မတိုင်မီ တရက် ကလည်း အိုင်ယာလန်နှင့် ဗြိတိန်ရှိ လေဆိပ်အချို့အား ပြာမှုန်များ ထူထပ်လာခြင်းကြောင့် ပိတ်ခဲ့ရသေးသည်။ မန်ချက်စတာနှင့် လီဗာပူးရှိ လေဆိပ်များအား ပြန်လည် ဖွင့်ပေးခဲ့သော်လည်း စကော့တလန်နှင့် မြောက်အိုင်ယာလန်ရှိ လေဆိပ်များ မှာမူ မေလ (၁၇)ရက်ထိ ပိတ်ထားရဆဲဟု သိရသည်။

အိုင်ယာလန်တွင်လည်း ဒဗ္ဗလင် နိုင်ငံတကာ လေဆိပ်ကို မေလ(၁၆)ရက်နေ့ တနေ့လုံးနီးပါး ပိတ်ထား လိုက်ရသည်။ ဂျာမန်တွင်မူ အမျိုးသားလေကြောင်း ထိန်းသိမ်းရေး စင်တာနှင့် နိုင်ငံ၏ အကြီးဆုံး လေကြောင်းလိုင်း လုသန်ဇာတို့က အစမ်းလေယာဥ် ပျံသန်းမှုများ ပြုလုပ်ကာ လေထုအတွင်း ပြာမှုန် ပမာဏကို တိုင်းတာ စစ်ဆေးပြီးနောက် လေဆိပ်များကို ပြန်ဖွင့် ပေးနိုင်ခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here