နက္ခတ် ဗေဒင်ပညာ နှင့် ကောလဟာလ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

နက္ခတ် ဗေဒင်ပညာဆိုတာ Astronomy ကို အခြေခံလောက်မှ မတတ်မသိ နားမလည်ဘဲ တွက်ချက် ဟောပြောလို့ ရတဲ့ ပညာရပ် မျိူးတော့ မဟုတ်ပေ၊

ဒီနေ့ ကျွန်ပ်တို့ဆီမှာ​ Astronomy ကို အခြေခံတတ်ဖို့ မပြောပါနဲ့ နက္ခတ် ဗေဒင်ပညာကို အခြေခံလောက်မှ မသိ နားမလည််ဘဲ မီဒီယာတွေကို အသုံးချပြီး …… . . . . .

ကောင်းကင်မှာ မဲမဲမြင်တိုင်း ဟောကိန်းတွေ ထုတ်လို့ ပြည်သူတွေကို သို့လော သို့လော ဖြစ်အောင်၊​ ခြောက်ခြားအောင် ယုံထင်ကြောင်ထင် ဖြစ်အောင် ဖန်တီးနေသူ အချို့က ရှိနေကြပါတယ်။

တကယ်တော့ ကောင်းကင်မှာ သောံကြာဂြိုဟ် Venus နဲ့ လ နဲ့ ပူးယှဉ်တာတွေ၊ လ နဲ့ ကြာသပတေးဂြိုဟ် ပူးယှဉ်တာတွေ။ လနဲ့အင်္ဂါဂြိုဟ် စသည်ဖြင့့် ဂြိုဟ်ပူယှဉ်မှု တွေက လစဉ် တလှည့်စီ ဖြစ်လာနေကျ​ ဖြစ်ရိုးဖြစ်စဉ် တွေပါဘဲ။ ဘာကြောင့်လဲ ဆိုတော့ လ ဟာ ကမ္ဘာကို တပါတ် ပတ်မိဖို့ တလနီးပါး ကြာတတ်တာမို့ NASA သို့မဟုတ် ဆရာကြီးကာလစန် တို့ရဲ့ ဂြိုဟ်သွားပြက္ခဒိန် Ephemeris တွေမှာ လ-ဟာ တလအတွင်းမှာ​ ဂြိုဟ်တိုင်းနဲ ့အနီးဆုံး ဖြတ်သန်းခြင်း နဲ့ တိတိပပ ပူးယှဉ်မှု Exact Conjunction တွေက ဖြစ်ရိုးဖြစ်စဉ် ရှိနေ တတ်ကြတာပါ။

အထူးသဖြင့် သောံကြာဂြိုဟ်ဟာ နေနဲ့ ၄၇ ဒီဂရီ လောက်သာ ကွာဟမှု ရှိနေတတ်သလို ကမ္ဘာနှင့်အနီးဆုံး အနေအထား ပေမို့ ကမ္ဘာမြေက နေ-လ နဲ့ သောံကြာ အနီးကပ် ဖြတ်သန်းမှုတွေကို မြင်တွေ့နေကြ​ ရတာဘဲ ဖြစ်ပါတယ်၊ ပြီးတော့ ဒါတင် မဟုတ်သေးပါဘူး နေကြတ်ခြင်း၊ လကြတ်ခြင်း ဆိုတာ တွေကလည်း နှစ်စဉ် ဖြစ်ရိုးဖြစ်စဉ် တွေပါဘဲ။ ဒီတော့ ဒီဖြစ်ရိုးဖြစ်စဉ် မျိူးမှာဘဲဖြစ်ဖြစ် သမရိုးကျ မဟုတ်တဲ့ ဂြိုဟ်ပူးဂြိုဟ်ယှဉ် နဲ့​ အမြင်အယှဉ်တွေဘဲ ကောင်းကင်မှာ ဖြစ်ပေါ်လို့ နေရပါစေ နက္ခတ်ဗေဒင် ပညာရှင် တယောက်က အဲဒီဂြိုဟ်ပူး၊ ဂြိုဟ်ယှဉ်တွေကို မဲမဲမြင်တိုင်း အခြေအမြစ် မရှိတဲ့ ဟောကိန်းတွေကို ထုတ်လို့ မီဒီယာတွေကို သွားပေးလို့ မရပါဘူး၊​ ကောင်းကင်မှာ ဘယ်ဂြိုဟ်တွေ ဘယ်လိုဘဲ ပူးပူး ဘယ်လိုဘဲ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ အပူးအယှဉ် တွေဘဲ ဖြစ်ပေါ်နေပါစေ အဲဒါတွေ အားလုံးအတွက် ဟောကိန်းတခုက ဇာတာ တစောင်ပေါ်မှာ apply လုပ်ပြီးမှ နက်ရှိုင်းစွာ​ တွေးခေါ်ပြီးမှသာ ဟောကိန်းတခုကို ထုတ်ပေးရမျိူးပါ၊ ဇာတာမပါဘဲ ကောင်းမှာ မဲမဲမြင်တိုင်း ဘာဟောကိန်းမှ ထုတ်လို့ မရပါဘူး ဆိုတာကို ပြည်သူတွေနဲ့ နက္ခတ််ဗေဒင် ပညာရှင်တိုင်း သုတေသီတိုင်း သိထားသင့်ပါတယ်။

ပြီးတော့ အဖြစ်ပျက်တိုင်းက နေကြတ်-လကြတ်မှ ဖြစ်တာ မဟုတ်သလို မင်းပြောင်းမင်းလွဲ ဆိုတာမျိူးကလည်း သောံကြာကြယ် လကို ထွင်းမှ မင်းပြောင်မင်းလွဲ ဖြစ်တာ မဟုတ်ပါဘူး နေကြတ်-လကြတ်​ မဖြစ်ခင်မှာလည်း ကမ္ဘာ့သမိုင်းဝင် အဖြစ်ပျက်တွေက ဒုနဲ့ဒေး ရှိနေခဲ့ ကြသလို၊ သောံကြာ ဂြိုဟ်လကို မထွင်းဘဲ မင်းပြောင်းမင်းလဲတွေ ကလည်း သမိုင်းမှာ ဒုနဲ့ဒေး ရှိနေကြတာပါဘဲ။ အထူးသဖြင့် ဒီခေတ်မှာ ၄နှစ် တကြိမ် -၈ နှစ်ကြိမ်​ ဒီမိုကရေစီနိုင်ငံ တိုင်းမှာ မင်းပြောင်းမင်းလွဲ ရှိနေကြစမြဲပါဘဲ။ ဆိုလိုတာက နိုင်ငံတနိုင်ငံရဲ့ အဖြစ်ပျက်ကို ဟောကိန်းထုတ်မယ် ဆိုရင် ထိုနိုင်ငံရဲ့ ဇာတာနဲ့ မင်း,ခေါင်းဆောင် တို့ရဲ့ ဇာတာကို မီဒီယာ တို့ရဲ့ စာမျက်နှာပေါ်မှာ တင်မပြဘဲ​ ဘာဟောကိန်းကိုမှ အဟောထုတ်လို့ မရသလို ဇာတာမ မပါ ခေါင်းစည်းမပါတဲ့ ဟောကိ်န်းမျိူးတွေ ကိုတော့ ပညာရှင်ဆိုတာ မျိူးကတော့ ဘယ်တော့မှ ဟောကိန်းထုတ်မှာ မဟုတ်ပါဘူး။

နက္ခတ်ဗေဒင် ပညာကို အခြေခံလောက်မှ မသိနားမလည် သူတို့ရဲ့ လောက၌သာ ဒီလိုအပြုအမူ မျိူးက ရှိနေတတ်တာ မျိုးပါ၊ ပြီးတော့ မင်းပြောင်းမင်းလွဲ ဖြစ်တယ် ဆိုတာကလည်း မင်းရဲ့ ဇာတာနဲ့ဘဲ ဆိုင်ပါတယ်​ မင်းရဲ့ ဇာတာ၊ ခေါင်းဆောင်ရဲ့ ဇာတာကို မမြင်ဘူးဘဲ အဲဒီနိုင်ငံနဲ့ မင်းတွေအတွက် ကောင်းကင်းမှာ မဲမဲမြင်တိုင်း အဟော လျှောက်ထုတ်နေလို့ မရပါဘူး၊ ပညာရှင်ဆိုတာ ဇာတာမပါဘဲ ကောင်းကင်ကို မောကြည့်ပြီး ပါးစပ်ထဲ​ တွေ့ကရာတွေကို မီဒီယာတွေကို ပြောဖို့ အနိုင်နိုင် တယောက်တည်း ဝါးလုံးခေါင်းထဲတောင် လသာပြီး မပြောတတ်ကြပါဘူး။

သို့ပါ၍ ဗေဒင်ပညာကို ယုံကြည်လေးစား တတ်ကြသော မြန်မာပြည်သူများနဲ့ နက္ခတ်ဗေဒင် သုတေသီများကို ဗဟုသုတ အလို့ငှါ သိထား စေလိုသည်မှာ ဂြိုဟ်နက္ခတ် တို့၏ အမြင်အယှဉ် တို့နှင့် ၎င်းတို့၏ Radiation​ တို့သည် လူသားတို့နှင့် ၎င်း မင်းအစိုးရ တို့နှင့်၎င်း ကမ္ဘာမြေကြီးသို့၎င်း တရိုက်ပါတ်လို့ ကောင်းကျိူးဆိုးကျိူး များကို ဖန်တီးပေးနိုင် ကြပါသော်လည်း ထိုဆိုးကျိူး၊ ကောင်းကျိူးဟူသည် တို့သည်ကား လူသားတဦး သို့မဟုတ် မင်း နှင့်​ တိုင်းနိုင်ငံတို့၏ ဇာတာတို့ အပေါ် ကောဇာဂြိုဟ်စီး ဂြိုဟ်နင်း တို့ကို Apply လုပ်ပြီးမှသာ အဆိုးအကောင်း တို့ကို ဝေဖန် ပေးနိုင်သလို အဖြစ်ပျက်တိုင်းက မူလဇာတာ ပေါ်၌သာ အဓိက မူတည်လို့ နေပေသည်။

အလွယ်ဆုံုး ဥပမာ ပေးရသော်- နေကြတ်ခြင်း-လကြတ်ခြင်းကို ကမ္ဘာတခြမ်းလုံးက မြင်ရသလို နေကြတ်မှု ကလည်း ကမ္ဘာ တခြမ်းလုံးနှင့် အကျိူးသက်ရောက် ရမည််သာ ဒီတော့ နေကြတ်ခြင်း၊ သို့မဟုတ်​ လကြတ်ခြင်း၏ ဆိုးကျိူးကို ကမ္ဘာတခြမ်းလုံးက ခံကြရတော့ မည်လား? ဒီလိုပါဘဲ လနဲ့ သောံကြာ နီးလို့ဖြစ်စေ သောံကြာဂြိုဟ်လ ကို ထွင်းသည်ဖြစ်စေ မင်းပြောင်းမင်းလွဲ ဖြစ်ရမည်ဆိုပါ ကမ္ဘာတခြမ်းလုံးက နိုင်ငံတွေ​ မင်းပြောင်းမင်းလွဲ ဖြစ်ရကြ တော့မှာလား? ထိုကြောင့် ကောင်းကင်းမှာ မဲမဲမြင်တိုင်း လိပ်စာမပါ – ဇာတာမပါ ဟောကိန်း ထုတ်နေကြသူ များသည် နက္ခတ်ဗေဒင် ပညာကို အခြေခံလောက်ပင် မသိနားမလည် သူများသာ​ ဖြစ်လိမ့်မည်ဟု ဆိုရင် အဘယ်မှာ ဟောကိန်း မှန်ရက်နိုင်စရာ ရှိတော့မည်နည်း။

လေးစားအပ်သော ပြည်သူတို့ကို သိထားစေလိုသည်မှာ လူသားတို့သည် အကြောင်းတရားတို့၏ သားကောင်များ ဖြစ်ကြပေသည်၊ နက္ခတ်ဗေဒင် ပညာဟူသည်ကားလည်း ထိုထိုသော လူသားတို့၏ ကံကုသိုလ်​ ပါရမီအဟုန်၏ အကြောင်းတရားတို့ကို တိုင်းတာ ပေးရသော နက်ရှိုင်းလှသည့် ပညာရပ်ပင် ဖြစ်ပါသည်၊ သို့ဖြစ်ပါ၍ ကောင်းကင်၌ ဘယ်လိုဂြိုဟ်တွေဘဲ ပူးယှဉ်လို့နေပါစေ ဇာတာ တစောင် မပါဘဲ ဘာဟောကိန်းမှ ထွက်မလာ နိုင်သလို​ မင်းနှင့် နိုင်ငံ၏ ဇာတာကို မဖေါ်ပြဘဲလည်း ထိုမင်း ထိုနိုင်ငံအတွက် ဘာ ဟောကိန်းမှ ထုတ်ပေးလို့ မရနိုင်ပါဘူး ဆိုတာကို ဗဟုသုတ အလို့ငှာ သိထားကြစေရန် တင်ပြ လိုက်ရပါသည်။

လူသားတိုင်း သတ္တဝါတိုင်း ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

ဘဲလား လေဘာတီ

ခေတ္တ – အမေရိကား

LEAVE A REPLY

Please enter your comment!
Please enter your name here