အိုက်စလန် မီးတောင်မှ ပြာမှုန် တိမ်တိုက်များကို ဆယ်စုနှစ်ကြာ ကြံုတွေ့ ရနိုင်ဟုဆို

alt

သိပ္ပံပညာရှင်များက အိုက်စလန်ကျွန်းရှိ မီးတောင် ပေါက်ကွဲရာမှ ထွက်ပေါ်လာသော တိမ်များကို ဆယ်စုနှစ်နှင့် ချီကာ ကြံုတွေ့ ရနိုင်ကြောင်း ခန့်မှန်းပြောကြား လိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်း(၁၁၀၀)မျှအတွင်း (၂၀၅)ကြိမ်မျှ ပေါက်ကွဲ ခဲ့သည့် အီဂျာဖီဂျာဂျိုကူ မီးတောင်ကြီး ထပ်မံပေါက်ကွဲမှု များကြောင့် ထွက်ပေါ်လာသော ချော်ပြာများမှ ဖြစ်ပေါ်လာသည့် တိမ်တိုက်များသည် ဥရောပ လေကြောင်းသွားလာရေး လုပ်ငန်းများကို အပြင်းအထန် ထိခိုက်နစ်နာစေခဲ့သည်။

အီဒင်ဘက် တက္ကသိုလ်မှ မီးတောင်ပညာရှင် သော သော်ဒါဆန်က အဆိုပါ မီးတောင်ကြီး၏ တကျော့ပြန် ပေါက်ကွဲမှု သည် နှစ်ပေါင်း(၁၄၀)တွင် တပတ်လည် လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ မီးတောင် ပေါက်ကွဲရာမှ ထွက်ပေါ်လာသော ချော်ပြာများသည် လေယာဥ် အင်ဂျင်များကို အကြီးအကျယ် ဒုက္ခပေးနိုင်ပြီး ပျက်ကျသည်အထိ အန္တရာယ် ရှိနိုင်ကြောင်း သိရသည်။ အီဂျာဖီဂျာဂျိုကူမီးတောင်မှ အရှေ့ဖက် (၁၅)မိုင်အကွာတွင်ရှိသည့် ကယ်တာမီးတောင် အပါအဝင် အခြားသော မီးတောင်ငယ်များမှာလည်း ထပ်မံ ပေါက်ကွဲနိုင်သည့် အခြေအနေ ရှိနေကြောင်း သော်ဒါဆန်က ဆိုသည်။

ပိုဆိုးသည့် အခြေအနေမှာ အီဂျာဖီဂျာဂျိုကူထက် ပိုကြီးသည့် ဂရင်းစဗွန့်၊ ဟက်လာနှင့် အက်စဂျာ မီးတောင်ကြီး (၃)ခုလုံး ပေါက်ကွဲနိုင်ခြေ ရှိလာခြင်းပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ယင်းတို့သည် အသေးစား ပေါက်ကွဲမှု အကြိမ်(၂၀၀၀)မျှ ဖြစ်ပွားခဲ့ပြီး ကြီးကျယ်သော ပွင့်အံပေါက်ကွဲမှုများ ဖြစ်လာပါက မီးတောင်ချော်ပြာ တိမ်တိုက်များ ဖုံးလွှမ်းမှုသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် တည်မြဲနေသည့် အခြေအနေမျိုး ကြံုလာရနိုင်ကြောင်း သော်ဒါဆန်က ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here