ရွက်လှေဖြင့် ကမ္ဘာပတ်နိုင်ခဲ့သည့် ၁၆နှစ်အရွယ် မိန်းကလေးငယ်

alt

ဩစတြေးလျ နိုင်ငံမှ အသက် (၁၆)နှစ် အရွယ် မိန်းကလေးငယ် တဦးသည် ရွက်လှေဖြင့် ကမ္ဘာတပတ် လှည့်ပတ်မှုကို အောင်မြင်စွာ အဆုံးသတ် နိုင်ခဲ့ပြီ ဖြစ်သည်။

မေလ (၁၅)ရက်နေ့က ဆစ်ဒနီမြို့ရှိ အော်ပရာ ဇာတ်ရုံကြီးသို့ ပြန်လည် ရောက်ရှိ လာပြီးနောက် ဂျက်ဆီကာ ဝပ်ဆန်၏ (၃၄)ပေ အရွယ်အစားရှိ ရွက်လှေဖြင့် ရေမိုင် (၂၃၀၀၀) ကျော်ကို ရွက်လွှင့်မှု ပြီးဆုံးခဲ့ပြီ ဖြစ်သည်။

သူမသည် ပေ(၄၀) အမြင့်ရှိသည့် လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည့် မုန်တိုင်းကိုလည်း အောင်မြင်စွာ ဖြတ်ကျော်ခဲ့သည်။ ရက်ပေါင်း (၂၁၀)ကြာ ခရီးစဥ်အတွင်း (၇)ကြိမ်မျှ လှေကိုလည်း ပြင်ဆင် ခဲ့ရသေးသည်။ ယခုအခါ ဩစတြေးလျသို့ ဘေးကင်းစွာ ပြန်ရောက် လာသည့် ဂျက်ဆီကာက လတ်တလော အဖြစ်ချင်ဆုံး ဆန္ဒမှာ ဒရိုင်ဗာလိုင်စင် ရရန် ကားမောင်းသင်ရေးသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လပေါင်းများစွာ ကြာမြင့်ပြီးနောက် လတ်ဆတ်သော သီးနှံနှင့် စားဖွယ်ရာများကို အရသာခံ စားသောက်နေသည့် ဂျက်ဆီကာ က သူမ အနေနှင့် ယခု လုပ်ဆောင်ချက် အတွက် သူရဲကောင်းတဦးဟု မိမိကိုယ်ကိုယ် မထင်ဘဲ အိပ်မက်များကို လက်တွေ့ အကောင်အထည် ဖော်ခွင့်ရသည့် မိန်းကလေး တဦးဟုသာ ယူဆကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။ အီလာ၏ ပန်းရောင် မိန်းမပျိုဟု အမည် ပေးထားသော ရွက်လှေကို စီးကာ ဂျက်ဆီကာသည် ကွင်းစလန် မှတဆင့် ယမန်နှစ် အောက်တိုဘာ (၁၈)ရက်နေ့က စတင် ထွက်ခွာခဲ့သည်။

ဂျက်ဆီကာ၏ အသက် အရွယ်သည် ယင်းကဲ့သို့ စွန့်စားမှုမျိုး ပြုလုပ်ရန် ငယ်လွန်းကြောင်း ဝေဖန်မှုများ ရှိနေသည့်တိုင် သူမသည် မကြောက်မရွံ့ဖြင့် ပင်လယ် ခရီးကြမ်းအား ဖြတ်သန်းကာ ကမ္ဘာ့ အသက်အငယ်ဆုံး ရွက်လှေဖြင့် ကမ္ဘာပတ်သူ အဖြစ် အောင်မြင်စွာ စံချိန်သစ် ရေးထိုးလိုက်နိုင်ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here