ညှိုးတဲ့တေဇာ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ဇာတိမာန် ဟူသော စကားကိုကြားရသည့် အခါတိုင်းတွင် ကျနော်၏ စိတ်ဝိဉာဉ်သည်

ငွားငွားစွင့်စွင့် ပွင့်လန်းလျက် ရှိသော ပဒုမ္မာ ကြာပွင့်ဆီသို့ ခိုဝင်လိုပါလျက် ပန်းမာလ်ကင်းသော၊ လူသူူကွယ်ရာ တောအုပ်တွင်းသို့ ညှိုးငယ်စွာ ပျံသန်း ပြေးလွှားပုန်းအောင်း သွားရသော ပျားပိတုန်းပမာ ရှိလေ၏။

ဇာတိမာန် ဟူသည် အမျိုးကိုမှီ၍ တက်ကြွအပ်သော စိတ်ထားဟု ဆိုကြပါ၏။ ကျနော့်မွေး ဇာတိ တိုင်းပြည်ကား သာကီဇာနည်တို့ မင်းလုပ်ခဲ့သော နေပြည်ဟုလည်း ရှေးဆိုရိုးရှိပြန် ပါ၏။ တိုင်းကားပြည်ကြီး ရွှေထီးဆောင်းစဉ် ကာလကို ပြန်ပြောင်း တမ်းတကြရင်း “ယိုးဒယား နဲ့ တိုင်းခြား ကိုပါ တိုက်ခိုက်ကာ အောင်ခဲ့တာ ”ဟူ၍လည်း မကြာခဏ ဟစ်ကြွေးလေ့ ရှိပါ၏။ ထို့ပြင်တဝ မျက်မှောက် ကာလတွင်လည်း ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် သစ်ကြီးဆီသို့အောင်မြင်စွာချီတက် နိုင်လျက်ရှိကြောင်း နားနှင့် မဆန့်အောင် ကြားနေရ ဆဲဖြစ်ပါသည်။ ကျနော်သည် ဇာတိမာန်နှင့် ပတ်သက်လာလျှင် အခြားအခြားသော သာကီနွယ်တို့ နည်းတူ မာန်တက်ချင်သူ ဖြစ်လေရာ “ ငါတို့လူမျိုးသည် အထက်က ဆိုသကဲ့သို့ မြတ်သော အမျိုးအနွယ်ဟူသည် ဟုတ်မှန် သေးပါ၏လော” ဟု စေ့ငုမိသည့် အခါတိုင်း နှလုံးစိတ်ဝမ်း မချမ်းမသာဖြစ်ရမြဲ။

စိတ်ဝိဉာည် ပျားပိတုန်း လူဖြစ် ရှုံးသည်ဟု ခံစားရခြင်း၏ အကြောင်းရင်း များစွာအနက် ကျနော် မျက်မြင်ဒိဋ္ဌ ကြားသိခဲ့ရသည့် “ အောင်ချို”အမည်ရှိ လူငယ်တယောက်၏ ဘဝ ဇာတ်လမ်းသည်လည်း တခုအပါအဝင် ဖြစ်လေသည် ။

အောင်ချိုကား အသက် နှစ်ဆယ့်ငါးနှစ် ဝန်းကျင်၊ မော်လမြိုင်ဇာတိ မွန်မြန်မာကပြား လူငယ်လေး ဖြစ်သည်။ မွေးချင်းငါး ယောက် အနက် သူသည် တတိယမြောက်ဟု ဆိုပါသည်။ အကိုအကြီးဆုံးမှာ ဘန်ကောက် တွင် လက်သမား လုပ်သည်ဆို၏။ သူ့အထက် အမကား မော်လမြိုင်တွင်ပင် အိမ်ထောင် ရက်သားကျခဲ့ပြီး ယခု အချိန်တွင်မူ လင်သား ဆုံးပါးသွား လေသဖြင့် မုဆိုးမ ဘဝနှင့် ရှိနေသည် ။ သူ့အောက်က အငယ်နှစ်ယောက်မှာ မမာမကျန်း ဖြစ်နေသော မိခင်ကြီးနှင့် အတူနေထိုင်လျက် မော်လမြိုင်မှာ ကျောင်းတက်နေကြဆဲ ။ အငယ် နှစ်ယောက်နှင့် မိခင်ကြီးအတွက် အောင်ချိုကပင် ထောက်ပံ့ ပေးနေရသည်။ ကျနော်နှင့် အောင်ချို တွေ့စဉ် ကသော် သူ ဖူးခက် ကိုရောက်နေသည်မှာ ဆယ်နှစ်ခန့်ရှိခဲ့ပြီ။

ဖူးခက်မြို့မှာ ကျနော်ဖွင့်ထားသော ဈေးဆိုင်ကို ဝင်ထွက်သွားလာရင်း အရောင်းတာဝန်ခံ အာကာတို့နှင့် အလွမ်းသင့်ရာက ကျနော်နှင့်ပါ ရင်းနှီးလာသည်။ နောက်ပိုင်းတွင် အိမ်ခန်း ငှား မနေတော့ပဲ တကိုယ်ရည် တကာယ သမားပီပီ ကျနော့်ဆိုင် အပေါ်ထပ် အခန်းလွတ် မှာလာနေသည်။ သူ အလုပ် နားသည့်ရက် များတွင် ဆိုင်အလုပ်ကို ဝိုင်းကူသည်။ ဆိုင်တာဝန်ခံ အာကာ သည်လည်း ထိုင်းစကားကို လည်လည်ပတ်ပတ် မပြောတတ်လေရာ မြန်မာ လုပ်ငန်းခွင်များသို့ လှည့်လည်ရောင်းချသော ထိုင်း ဈေးကား ၊ထိုင်း ဖောက်သည်တို့ ဈေးဝယ် လာသည့်အခါ မြန်မာ့ပစ္စည်းတို့ကို ထိုင်းလို ခေါ်ပြောတတ်သော အောင်ချို့ကိုပင် အားကိုးရသည်။ ထို့ပြင် အိမ်မခန် အရပ်က ကျနော် သီးခြားနေသော့ အိမ်မှာ ရေပိုက်ပျက်လျှင် မီးပျက်လျှင် ပြင်ဆင်ပေးသည်။ သူသည် သေတ္တာမှောက် အကုန်လုပ်တတ်သည်။ ဖူးခက် ရောက်မျက်နှာဖြူတို့ အိမ်အသစ် ဆောက်လိုလျှင်၊ ပြင်ဆင်လိုလျှင် အောင်ချိုက ပုတ်ပြတ် စံနစ်ဖြင့် လက်ခံ ဆောင်ရွက်ပေးသည်။ သူ့လက်အောက်မှာ အလုပ်သမား ဆယ်ယောက်ခန့်ရှိသည်။ အောင်ချို့ အဖေမှာ လက်သမားဆရာ ဖြစ်၍ အဖေကို ဝိုင်းကူရင်း လက်သမား အတတ်ကို သူတတ်မြောက် ခဲ့ဟန်တူသည်။

အောင်ချိုကား ဖူးခက်သို့မရောက်မီ စံခလပူရီ အမည်ရှိ ထိုင်းနယ်စပ် မြို့ကလေးရှိ ထိုင်းရဲ တပ်ကြပ်ကြီး တယောက်ပိုင် ကြက်ခြံတွင် နှစ်နှစ်ခန့် အလုပ်လုပ်ခဲ့သည်ဟု ဆိုပါသည်။ ထိုစဉ်က သူ့အသက်မှာ ဆယ့်ငါးနှစ် ဝန်းကျင်ပင် ရှိဦးမည်။ အောင်ချိုသည် လစာဟူ၍ မယ်မယ်ရရ မရခဲ့။ သူနေ့စဉ် မှီဝဲရာကား တလုံးကို နှစ်ဘတ်ခန့် တန်သော ကြက်ဥတည်း။ လေး၊ ငါး၊ ခြောက်လ ဆက်တိုက် လုပ်ခ မရသည့်အခါ အောင်ချိုသည် ကြက်ခြံမှ ထွက်ပြေးလျက် ရာဘာခြံ တခုတွင် ဝင်ရောက်လုပ်ကိုင် နေရာမှ ကြက်ခြံပိုင်ရှင် ထိုင်းရဲ တပ်ကြပ်ကြီးက ပြန်တွေ့သွားပြီး မျက်နှာတခုလုံး စုတ်ပြတ်သတ် ရုံမက ပါးစပ်ထဲမှ သွေးအန်သည်အထိ ရိုက်နှက်ကန် ကျောက်ခြင်းခံရကာ ကြက်ခြံကို ပြန်ရောက် သွားပြန်သည်။ ကြက်ခြံတွင် နောက်ထပ် တနှစ်ကျော် ကြာရပြန်သည်။နောက် တကြိမ်တော့ ထိုင်းရဲ၏ ကြက်ခြံမှ အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့ပြီး ဖူးခက်သို့ ရောက်လာသည်။

ငယ်ငယ်ရွယ်ရွယ် နှင့်ပင် လောကဓံ၏ ထုထောင်း ရိုက်ပုတ်မှုကို ခံစားခဲ့ရခြင်း ကြောင့်ပင် ဖြစ်ပေမည်။ အောင်ချိုသည် ကြက်ဥကို အမုန်းကြီး မုန်းလေ၏။ တခါတရံ ဖူးခက်မှ ကုန်တိုက် ကြီးများတွင် ကျနော်ကြက်ဥ ဝယ်သည့်အခါ “ ဦးလေးရာ၊ စားစရာ ရှားလွန်းလို့ ကြက်ဥမှ ဝယ်စား ရသလား ” ကျနော့်ကို တအံ့တဩ မေးတတ်၏။ ထို့အပြင် ကျနော့် မိတ်ဆွေထိုင်းရဲ များ ဖုန်းဆက်၍ ကျနော့်ထံမှ အရက်ဘီယာ အလှူခံသည့် အခါများတွင် ကျနော်က တောင်းတာ များလွန်းသဖြင့် တလုံးစ နှစ်လုံးစ လျှော့ရန် ထိုင်းစကား လည်လည်ပတ်ပတ် ပြောတတ်သော အောင်ချို့ကို ဈေးဆစ်ခိုင်းရသည်။ ကျနော် ထိုင်းဘာသာစကားကို လုံးစေ့ပတ်စေ့ နားမလည် သော်ငြား ထိုအခါမျိုးတွင် အောင်ချိုသည် ထိုင်းရဲတို့ကို အလိုကို ဆန့်ကျင် ပြောဆို ရဲခြင်းမရှိကြောင်း သိသိသာသာ ပျက်နေသော သူ့မျက်နှာ ကိုကြည့်ကာ အကဲခတ် နိုင်လေသည်။

ရက်စွဲ အတိအကျ မမှတ်မိသော လွန်ခဲ့သော ခြောက်လခန့်က နေ့တနေ့တွင် အိမ်မခန် လမ်းမကြီးပေါ်တွင် အောင်ချို ကားတိုက် ခံရသည်။ လာဝိုင် အရပ်က ကိုချာလီတို့အိမ် အလှူမှာ ကျနော် မုန့်ဟင်းခါး စားနေရင်း အောင်ချို့သတင်း ဖုန်းဝင်လာခြင်း ဖြစ်သည်။ လုပ်ငန်း ခွင်ရှိရာသို့ မော်တော် ဆိုင်ကယ်ဖြင့်အသွား နောက်မှကားက သူ့ကို ဝင်တိုက်သွားသည် ဟု ဆိုပါသည်။ တိုက်သော ကားမှာ မရပ်ပဲ ထွက်ပြေးသွားပြီး အောင်ချိုမှာ ဆေးရုံပေါ်တွင် သတိမေ့ နေသည်ဆို၏။ ကျနော်က စားလက်စ မုန့်ဟင်းခါး ကို လက်စသတ်၍ အောင်ချို ရှိရာ ဆေးရုံ သို့သွားရန် ပြင်ဆင်နေဆဲမှာပင် အောင်ချိုပြန်လာ နေပြီဟု ဖုန်းဝင် လာပြန်ပါသည် ။ ကျနော့် ဈေးဆိုင် အပေါ်ထပ်က အောင်ချို့ အိပ်ခန်းသို့ ကျနော် ရောက်သည့်အခါ အိပ်ရာပေါ်မှာ မှေးနေသော အောင်ချို့ကို တွေ့ရသည်။ ဆိုင်ကယ်ပေါ်မှ လွှင့်စင် ကျသွားပြီး ကတ္တရာ လမ်းမနှင့် ဦးခေါင်း ရိုက်မိထားသည်ဟု သူ့ ဘေးမှာ ထိုင်နေသော သူ့ သူငယ်ချင်းက ဆိုပါသည် ။ အမှန်စင်စစ် ဦးခေါင်းဒဏ်ရာရရှိ သူအား ဆေးရုံတွင် နှစ်ရက်တန်သည် သုံးရက်တန်သည် ခေါင်းမူးနေခြင်း ရှိမရှိ အစာ အန်ခြင်း ရှိမရှိ စောင့်ကြည့် ရသင့်သော်လည်း တာဝန်ကျ ဆရာဝန်က မြန်မာမှန်း သိသည်နှင့် သတိရလျှင်ရခြင်း ပြန်လွှတ်လိုက် ဟန်တူလေ၏။

အောင်ချိုသည် နောက်နေ့တွင်လည်း ဘာမှ စကားမေးမရ၊ အူကြောင်ကြောင် ဖြစ်နေလေ၏။ သူက ကျနော့်ကို ပြန်၍ “ဦးလေး ကျနော် ဘာဖြစ်နေတာလဲ၊ ဘာကြောင့် ဦးလေးတို့အခန်း ကို ကျနော် ပြန်ရောက် နေတာလဲဟုသာ ထပ်ချည်းတလဲလဲ မေးရှာသည်။ လေးငါးရက်နေမှ ပုံမှန်အခြေအနေ ပြန်ရောက်သည်။ သူ့ဖြစ်ပုံနှင့် ပတ်သက်၍ အမ်မခန် ဖက်ကို ဆိုင်ကယ်ဖြင့် အသွား နောက်မှ တစုံတခုက သူ့ကို အုန်းကနဲ နေအောင် ဝင်တိုက် လိုက်သည်ဟုသာ ပြောနိုင်တော့သည်။ အောင်ချို့ကို တိုက်သွားသည့် ကားကိုလည်း မစုံစမ်းဖြစ်တော့ပါ။ စုံစမ်းနိုင်သည့်တိုင် ယာဉ်မောင်း လိုင်စင်မရှိပဲ မော်တော်ဆိုင်ကယ် မောင်းသည့် အောင်ချိုအဖို့ လျော်ကြေးရရန် အကြောင်း မမြင်ချေ။ ဖွတ်သည်ထက် ညစ်စရာ ဖြစ်လာ ပြန်သည်ကား ရှိစုမဲ့စု ငွေဖြင့် ဝယ်ထားသော ဆိုင်ကယ်ကို အခင်းဖြစ်ပွားရာ နေရာတွင်ရဲက သိမ်းသွားပြန်သဖြင့် ဆိုင်ကယ်ပါဆုံးမည့် အခြေအနေ ဆိုက်လာခြင်းပင်။ ရဲစခန်းကို လိုက်လျှင်လည်း ကားတိုက် ခံရသော လူနာအမှု ပြန်ပတ်ပေတော့မည်။ ကျနော်အသိ မိတ်ဆွေ ထိုင်းရဲများ အကူအညီဖြင့် သူ့ဆိုင်ကယ် ပြန်ရွေးပေးမည့် အကြောင်း အောင်ချို့ကို စကားကမ်းသော်လည်း စကားပြန် မရချေ။ အချိန်မှီ ပြန်မဆပ်နိုင် မည့်အရေးကို သူတွေး ပူပန်ဟန်ရှိလေ၏။

ဤသို့လျှင် ဆယ့်ငါးရက်ခန့် အကြာတွင်မူ အောင်ချိုကို တိုက်သွားခဲ့သည့် ကားသမား သည် ကျနော့်ဆိုင်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့သည်။ ရောက်လာရသည့် အကြောင်းကား အောင်ချို့ကြောင့် ပျက်စီးသွားသည့် ကားရှေ့ပိုင်းအတွက် လျော်ကြေး ရလိုမှုတည်း။ ကြားစကသော် ကျနော့် နားကိုပင် ကျနော် မယုံနိုင်ချေ။ တခုခု မှားယွင်း နေလေသလော။ လူမှား နေလေသလော။ သေချာ ဂဃနဏ စုံစမ်းသိရှိ လာရသည့်အခါ လျော်ကြေးလာ တောင်း ကြောင်း သေချာလေသည်။ အကယ်၍ အောင်ချို့နေရာတွင် ထိုင်း လူမျိုးတယောက် ဖြစ်ပါမူ ကားတိုက် ခံရမှုအတွက် သေချာပေါက် လျော်ကြေး ရပေလိမ့်မည်။ ယခုမူကား တိုက်သွားသော ကားက အတိုက်ခံ ရသော လူနာကို လျော်ကြေးအဖြစ် ထိုင်းဘတ် ရှစ်ထောင် တောင်းနေလေ၏။ အောင်ချိုကား ထိုင်းဘတ် ရှစ်ထောင် ပေးလျော်နိုင်သော အခြေအနေ မရှိလေရာ လျော်ကြေး ကို လျော့ပေါ့ ပေးပါမည့် အကြောင်း တိုးလျှိုး တောင်းပန်သော်ငြား ကားပိုင်ရှင်မှာ တပြားသားမျှ မလျော့ဟ ဆိုကာ တင်းခံ နေလေသည်။

အဖြစ်အပျက် အလုံးစုံကို ကြားနေမြင်နေ ရသော ကျနော့်မှာ မခံမရပ်နိုင် လွန်းသဖြင့် ကားမောင်းသူနှင့် ကျနော် ထိပ်တိုက် ရင်ဆိုင်ရန် အောင်ချို့ကို ပြောသော်လည်း

ဦးလေး ဝင်ပါရင် ပိုဆိုးကုန်မယ်

ဟု ဆိုလေသဖြင့် ကျနော့်မှာ ရှေ့မတိုးသာပြန်ချေ ။ နောက်ဆုံးတွင်ကား အောင်ချိုက အမှုဖွင့်လိုလျှင် ဖွင့်စေတော့ ၊ မလျှော်နိုင်ပါဟု တင်းခံ လိုက်သဖြင့် တဖက်မှ အသံတိတ်သွား လေသည်။

နောက်သုံးလခန့်အကြာတွင်မူ အောင်ချိုတယောက် သူ့ဇာတိ မော်လမြိုင်သို့ အပြီးပြန် သွားပါလေတော့သည် ။သူပြန်ခါနီး အချိန်၌ “ ဦးလေးရယ်၊ အဖေ သေတုန်းကလည်း အလောင်းတောင် မမြင်လိုက်ရပါဘူး၊ အခုလည်း အမေက မမာမကျန်းနဲ့ ၊တခုခု ဖြစ်သွားရင် ကျနော် ဖြေနိုင်မှာ မဟုတ်ပါဘူး၊ ဗမာပြည်မှာပဲ ရရာ အလုပ် လုပ်စားပါတော့မယ်” လေသံတိုးတိုး ငြိုးငြိုးငယ်ငယ် ပြောသွားခဲ့သည်။

ကျနော် ရောက်နေသော ဖူးခက်မြို့ကြီးတွင် မြန်မာတို့၏ ဘဝသည် လွန်ခဲ့သော အနှစ်လေး ဆယ်ဝန်းကျင် ကသော် ဤသို့မဟုတ်ဟု ဆိုကြပါ၏။ ကျနော့်ထံမှ မြန်မာပစ္စည်း လက္ကား ဝယ်နေသူသော ဦးသိန်းအောင်သည် လွန်ခဲ့သောအနှစ် လေးဆယ်ခန့်က ဖူးခက်သို့ရောက်ကာ ထိုင်းအမျိုး သမီးတဦးနှင့် အကြောင်းပါခဲ့သူ ဖြစ်သည်။ သူထိုင်းနိုင်ငံ ရောက်ခဲ့ပုံနှင့် ပတ်သက်၍

ဆရာ၊ ကျနော်က ဆင်ကြယ်တံဆိပ် ဖိနပ်ကို သူများနည်းတူ စီးချင်တာနဲ့ ထိုင်း ရောက်လာတာပါပဲ ဆင်ကြယ်ဖိနပ် စီးချင်တာကို အိမ်က ဝယ်မပေးတာနဲ့ စိတ်ဆိုးပြီး အိမ်ကိုထွက်လာ လိုက်တာ ထိုင်းကို ရောက်လာတာပါပဲ။ အဲဒီတုန်းက ဗမာပြည်မှာ အလုပ်အကိုင် ပိုကောင်းတယ် ဆရာရဲ့။ ငွေရှာရတာလည်း ထိုင်းမှာထက် လွယ်တယ်။ ဗမာငွေ တကျပ်ကို ထိုင်းငွေ သုံးလေးဘတ် တန်တယ်ဆရာ ။ကျနော်တို့ခေတ်က မြန်မာဆို ထိုင်းအမျိုးသမီး တွေက သိပ်သဘောကျကြတာ ဆရာရဲ့။ ထိုင်းတွေဗမာကို အထင်ကြီးနေရတဲ့ အချိန်ပေါ့။ အခုတော့ ဆရာရယ် ၊ ထိုင်းမှာဗမာ တယောက်သေတာ ခွေးတကောင် သေတာလောက်တောင် အရေးမပါ တော့ပါဘူး

ဟု ဆိုဘူးလေသည်။ နှစ်ပြည်ထောင် အခြေအနေတို့ကား မိုးနှင့်မြေပမာ များစွာ ခြားနားခဲ့လေပြီ ။ ။

ဇာတိမာန် ဟူသောစကားကိုကြားရုံဖြင့်ပင် လိပ်ပြာနှင့် နှိုင်းယှဉ်အပ်သည့် ကျနော်၏စိတ် ဝိဉာည်သည် ငွားငွားစွင့်စွင့် ပွင့်လန်းလျက် ရှိသော ပဒုမ္မာကြာပွင့် ဆီသို့ ခိုဝင် လိုပါလျက် ပန်းမာလ်ကင်းသော၊ လူသူူကွယ်ရာ တောအုပ်တွင်းသို့ ညှိုးငယ်စွာ ပျံသန်း ပြေးလွှားပုန်း အောင်းသွားရသော ပျားပိတုန်းပမာ ရှိလေ၏။

မင်းဒင်

LEAVE A REPLY

Please enter your comment!
Please enter your name here