ရုပ်ရှင်သရုပ်ဆောင် စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ အဆိုတော်​ ဦးသုမောင် ကွယ်လွန်

alt

စွယ်စုံရ ဘက်စုံထူးချွန်သော ရုပ်ရှင်သရုပ်ဆောင် စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ ဦးသုမောင်သည် ၁၆..၅.၂၀၁၀ ည ၉းဝဝနာရီ တွင် သုခကမ္ဘာ ဆေးရုံတွင် ကွယ်လွန် သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဦးသုမောင်အား ၁၉၅၁  ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ စာရေးဆရာ ဒါရိုက်တာ ဦးသာဓု၊ အမိ ဒေါ်ခင်ညိုတို့ က မွေးဖွားခဲ့ပြီး၊ မွေးချင်း (၄) ယောက်တွင် တတိယမြောက်ဖြစ်ကာ အမည်ရင်းမှာ မောင်ဗလ ဖြစ်သည်။ ပထမဆုံးဝတ္ထုတိုကို ၁၉၇၀ခုနှစ်က ဝတ်မှုံဂျာနယ်တွင် ”သနပ်ခါးရေကျဲကျဲ” ဝတ္ထုတိုကို ”အုပ်စိုး” အမည်ဖြင့် ရေးပြီး စာပေနယ်သို့ ဝင်ရောက်ခဲ့ကာ ၁၉၇၄ တွင် ”အချစ်” အမည်ရှိ လုံးချင်း​ ဝတ္ထုကို စတင်​ ရေးသားခဲ့သည်။ ၁၉၇၄ – ခုနှစ်တွင်ပင် ”နှောင်းတမြေ့မြေ့” ရုပ်ရှင်ကား၌ ဇာတ်ဝင်နောက်ခံ တေးတစ်ပုဒ် ဖြစ်သော ”ပန်းဦးပန်မယ့် သူ” သီချင်းကို စတင်သီဆိုပြီး တေးဂီတလောကသို့ ရောက်ရှိခဲ့သည်။ ၁၉၇၄ ခုနှစ် တွင်ပင် ချစ်စံနမူ၊ နှောင့်တမြေ့မြေ့၊ အကြင်တို့​ လင်မယား​ စသော ရုပ်ရှင်​ ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ပြီး ”သုမောင်”အမည် ထင်ရှားခဲ့သည်။

စာရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော်​ သုမောင်သည် ရုပ်ရှင် ဇာတ်ကားကြီးပေါင်း (၄၀) ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး၊ ရုပ်ရှင်  နောက်ခံတေး၊ ရေဒီယိုတေး၊ တိပ်ခွေဆီးရီး စသည်ဖြင့် တေးသီချင်း ပုဒ်ရေပေါင်း (၂၀၀၀) ကျော် သီဆို ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်အေးအေးမေ (အေးဘုံ)၊ သားသမီးများ ဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ၊ ထိန်ထိန်သာ၊ ထိပ်ထား​ ​စ​သည့် သားသမီး​ ၄ယောက် ကျန်ရစ်ခဲ့သည်။ ဦးသုမောင် ကွယ်လွန်ခဲ့ခြင်းအား လူထုအသံဝိုင်းတော်သားများက ကျန်​ရစ်​သူ မိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ကြေကွဲ နှမြောတသ ဝမ်းနည်းမိပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here