ဘန်ကောက်မြို့လယ် နှိမ်နင်းမှုများ အပေါ် ထိုင်းအစိုးရ ကာကွယ် ပြောကြား

alt

စစ်တပ်အနေနှင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများအား အင်အားသုံး ဖြိုခွင်းမှုများအတွင်း သေဆုံးသူ အရေအတွက်များ တိုးပွားလာခြင်းကို​ ထိုင်းအစိုးရ ခေါင်းဆောင်များက ကာကွယ် ပြောဆိုနေဆဲ ဖြစ်သည်။

ဘန်ကောက်မြို့တော် အလယ်ခေါင်ရှိ စီးပွားရေး အချက်အခြာ ဇုန်ကို ပိတ်ဆို့ကာ​ နှိမ်နင်းမှုများ ပြုလုပ်နေခြင်း ကြောင့် ဆန္ဒပြသူများ သေဆုံး နေသော်လည်း​ ယခု လုပ်ရပ်သည် လိုအပ်သဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်​ အဘီဆစ် ဗီဂျာဂျီဗာက နိုင်ငံပိုင် ရုပ်မြင်သံကြား မှတဆင့် ပြောကြားခဲ့သည်။​

အဘီဆစ်က ထိုနှိမ်နင်းမှုများအား နောက်မဆုတ် နိုင်ကြောင်း၊ အနီဝတ်​ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ များအား ယခုအတိုင်း လွှတ်ထားပါက​ နိုင်ငံတည်ငြိမ်မှု လုံးဝပျက်ပြား သွားနိုင်ကြောင်းပါ​ ထည့်သွင်းပြောဆို သွားသည်။ မေလ (၁၃)ရက်နေ့ မှစပြီး ဘန်ကောက်တွင် နိုင်ငံရေး​ အဓိကရုဏ်း များအတွင်း အနည်းဆုံး လူပေါင်း (၂၃)ယောက် သေဆုံးကာ (၁၉၄)ဦး​ ဒဏ်ရာများ ရရှိခဲ့သည်။ ဆန္ဒပြသူများဖက်မှ ခေါင်းဆောင် တဦးဖြစ်သူ​ ဂျတူပွန် ပရွမ်ပန်က ယခုလက်ရှိ အခြေအနေကို မည်သို့ အဆုံးသတ်မည် ဆိုသော​ အချက်အား မမေးသင့်ကြောင်း၊ နှစ်ဖက် ယှဥ်ပြိုင်မှုအတွင်း​ အသတ်ခံ နေရသူများသည် မိမိတို့သာဖြစ်ကြောင်း သတင်းထောက်များအား​ ပြောကြားခဲ့သည်။

အစိုးရသည် မေလ(၁၃)ရက်နေ့မှစကာ ဘန်ကောက်မြို့လယ်ရှိ​ အနီဝတ်များ တပ်စွဲထားရာ ဒေသကို စစ်ပွဲဇုန်အဖြစ် သတ်မှတ်ကာ​ လက်ဖြောင့်တပ်သားများ အသုံးပြုပြီး ချေမှုန်းမှုများ​ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ အရေအတွက်မှာ တစထက် တစ မြင့်တက်လာနေဆဲဟု​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here