ရှပ်နီတို့၏ စစ်ရေးစီမံမှုခေါင်းဆောင် ထိုင်းအစိုးရတပ်ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရ

alt

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆင်နွှဲနေသည့် အနီဝတ် အင်အားစုများ၏ စစ်ရေးစီမံမှု ခေါင်းဆောင်ဖြစ်သူသည် အစိုးရတပ်များ၏ ပစ်ခတ်မှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ထိုင်းအစိုးရသည် နှစ်လတာ ကြာမြင့်လာသည့် နိုင်ငံရေး အရှုပ်အထွေးများကို အကြမ်းနည်းဖြင့် ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ရာ စစ်တပ်က ပစ်ခတ်မှုများ ပြုလုပ်လာခဲ့သည်။

အနီဝတ်များက ဆာဒေါင်းဟု ချစ်စနိုး ခေါ်ဝေါ်ကြသည့် အငြိမ်းစား ဗိုလ်မှူးချုပ် ခါတီယာ ဆာဝါဒီပိုသည် မေလ(၁၄)ရက်နေ့က ရင်ဘတ်တွင် သေနတ်ထိမှန်ပြီးနောက် ဟွာချူးဆေးရုံတွင် ကုသမှု ခံယူနေရသည်။ အနီဝတ်များက ဆာဒေါင်း၏ အခြေအနေသည် အလွန်စိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။ ဘန်ကောက်တွင် အစိုးရအနေနှင့် ဆန္ဒပြမှုများ ရုတ်သိမ်းပေးရန် သတ်မှတ်ထားသည့် နောက်ဆုံးရက် ကျော်လွန်သွားပြီးနောက် စစ်ဖက်သုံး သံချပ်ကာယာဥ်များဖြင့် တပ်ဖြန့်ကာ ဆန္ဒပြသူများအား လူစုခွဲ ဖယ်ရှားရန် စီစဥ်လာခြင်းဖြစ်သည်။ စစ်ဖက်ကမူ မိမိတို့၏ Operationသည် ဆန္ဒပြသူများ ပိတ်ဆို့ထားသည့် ဧရိယာများကိုသာ ရှင်းလင်းရန် စီစဥ်ထားကြောင်း ပြောကြားခဲ့သည်။ ဆန္ဒပြသူများအနေနှင့် ယင်းနေရာများမှ ထွက်ခွာသွားရန် ခွင့်ပေးထားကြောင်း၊ သို့သော်လည်း မည်သူ့ကိုမျှ ထိုနေရာသို့ ၀င်ရောက်ခွင့် ပေးမည်မဟုတ်ဘဲ လက်ဖြောင့်စနိုက်ပါ တပ်ဖွဲ့များက ၀င်ရောက်သူတိုင်းကို ပစ်ခတ်မည်ဖြစ်ကြောင်း စစ်တပ်က ရာဇသံပေးထားသည်။

မျက်မြင်များက ရိုင်ဖယ်သေနတ်ကိုင် စစ်သားများသည်လည်း ဆန္ဒပြသူများ စုဝေးနေသည့် နေရာများကို ဝန်းရံပိတ်ဆို့ကာ ဖိအားပေးမှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဗီဂျာဂျီဗာသည် ဆန္ဒပြမှုများအား ရပ်တံ့ရန် အလွန်အကျွံ နည်းလမ်းများကိုလည်း လိုအပ်သလို သုံးစွဲသွားမည်ဟု ကတိပေးထားပြီးဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here