မှားသူ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် (လှိုင်းဘွဲ့ )

ကျွီ……….ဝုန်း

ဟာ. .

ဟိုက်…ငါ့ဆရာတော့ လုပ်ချလိုက်ပြန်ပြီ။

မရှေး ၊ မနှောင်း ဆိုသလို အသံ ၃ သံက ဒီလို ထွက်လာတယ်။ ကားနောက်ခန်းမှာ တွယ်လိုက်လာတဲ့ စပယ်ယာက ခုန်ဆင်းပြီး ရှေ့ကို အပြေးလေးပဲ သွားကြည့်တော့ ခေါင်းချင်းဆိုင်ပြီး ဘေးတိုက် တိုက်ထားတဲ့ ကားနှစ်စီးကို တွေ့လိုက်ရတယ်။

ဟာဗျာ… ခင်ဗျားတို့ ဘယ်လိုလုပ်တာလဲ။

သူရဲ့ ရေရွတ်သံ။

ကားနှစ်စီးမှာ တစ်စီးက ကျွန်တော်ကိုယ်တိုင် ကိုယ်တိုင်စီးလာတဲ့ ဘတ်စ်ဖြစ်ပြီး နောက်တစ်စီးကတော့ တန်ဖိုးကြီး စလွန်းကားတစ်စီး။

ကျွီ…..ဝုန်း

ဆိုသော အသံက ကားနှစ်စီးမှာ စလွန်းကားလေးရဲ့ ဘရိတ်သံ ဖြစ်ပြီး “ ဟိုက်…ငါ့ဆရာတော့ လုပ်ချလိုက်ပြန်ပြီ။ ဆိုတဲ့ အသံကတော့ စပယ်ယာလေးရဲ့ အသံဖြစ်တယ်။ “ ဟာ. . .” ဆိုတဲ့ အသံကတော့ ကျွန်တော့်ပါးစပ်ထဲက တအံ့တဩ အလန့်တကြား ခုန်ပေါက်ကျသွားတဲ့ ဝါကျတစ်လုံး။ အာမေဋိတ် တစ်ခု။

ကျွန်တော် အိမ်ပြန်လာရာ တစ်လျှောက်မှာ ဒီမြင်ကွင်းက မျက်လုံးထဲက မထွက်။ ဘာလို့များလဲ ၊ ဘာကြောင့်လဲ ၊ ဘာအတွက်ကြောင့်လဲ ၊ ဘာ.. .၊ ဘာ. . တွေနဲ့ ခေါင်းထဲမှာ မူးနောက်နေတယ်။ လူက မဖြစ်သင့်တာ တစ်ခုကို မြင်လိုက်ရတယ် ၊ မဖြစ်သင့်တာ တစ်ခုကိုပါ ကြားလိုက်ရတော့ ရင်ထဲမှာ အစိုင်အခဲလေး တစ်ခုက တိုးတိုက် ခုန်ပေါက်နေသလို။

~ ~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ဖေကြီး ပြန်လာပြီဟေ့။

အိမ်ရောက်တော့ သားက ကျွန်တော့်ကို ဆီးကြိုတယ်။ ဒါပေမဲ့ မျက်နှာ မကောင်းပဲ ပြန်လာရတော့ သူ နည်းနည်းတော့ အရှိန်သတ်သွားတယ်။ အိမ်ပေါ်က သမီးကြီးရော ၊ သူတို့ဖာသိဖာသာ တိတ်တိတ်လေးထိုင်နေကြတယ်။ ရေချိုးပြီးလို့ ထမင်းစားတော့လည်း ထမင်းက သိပ်မဝင် ရင်ထဲမှာ အစိုင်အခဲက ပိုပဲ ကြီးထွားလာသလို ၊ ကျွန်တော့်မျက်နှာကို အကဲခတ်ရင်း ဇနီး လုပ်သူက ထမင်းပန်းကန်တွေ သိမ်းသွားတယ်။

အိမ်ရှေ့ခန်းမှာ ထိုင်ပြီး ဂျာနယ်ကို လက်ထဲမှာ ကိုင်ထားရင်း ဖွင့်မဖတ်မိ ၊ လက်ထဲက စီးကရက်ကိုလည်း မီးညှိတဲ့ တစ်ခါပဲ ဖွာပြီး ဆက်မဖွာမိ။

ကျွီ……….ဝုန်း

ဟာ. .

ဟိုက်…ငါ့ဆရာတော့ လုပ်ချလိုက်ပြန်ပြီ။

ဆိုတဲ့ အသံနဲ့ နောက်ဆက်တွဲ အဖြစ်အပျက်များကိုပဲ မျက်လုံးထဲ မြင်နေမိတော့တယ်။

ကိုဝေ . . ၊ လက်ထဲက ဆေးလိပ်က လက်ကို မီးလောင်တော့မယ်။

ဟင်. .။

လက်ထဲက စီးကရက်ကို ကြည့်လိုက်တော့ ဟုတ်ပ ဖင်ဆီခံ အထိ မီးစွဲနေပြီ ၊ တစ်ဖွာသာ ဖွာလိုက်ရတယ်။ စီးကရက်ကို ပြာခွက်ထဲ ထည့်လို်က်ပြီး ဂျာနယ်ကို လက်ထဲကလည်း ချလိုက်တယ်။

ကိုဝေ ဘာဖြစ်နေတာလဲ။ နေမကောင်းလို့လား။

ဇနီး ထားက ကျွန်တော့် အခြေအနေကို ကြည့်ပြီး မေးတယ်။

မဟုတ်ပါဘူး ထားရယ်။ အခု ပြန်လာမှ အဖြစ်အပျက်လေးတစ်ခုကြောင့်ပါ။

ဘာဖြစ်လို့လဲ ပြောပြပါလား။ ထားတို့လည်း သိရတာပေါ့။ ထားတို့က တစ်နေ့ တစ်နေ့ အိမ်ထဲမှာပဲလေ။

ေဩာ်. . . အင်း။

အသံရှည်ဆွဲရင်း ကျွန်တော်ပြောလိုက်တော့ ထောင့်နားမှာ စာအုပ်ကိုင်ပြီး စာလုပ်ချင်ယောင်ဆောင်နေတဲ့ သမီးကြီး နဲ့ သားက အနားကို ရောက်လာတယ်။ ကျွန်တော်လည်း အဖြစ်အပျက်ကို စပြောပြမိတယ်။

x x x x x အဲဒီအဖြစ်အပျက်တွေကို ကိုယ့်မျက်စိနဲ့ကို သေချာ မြင်လိုက်တာ။

တကယ်တော့ သူက လမ်းမှန်တယ်။ ဟိုဘက်က စလွန်းကားလေးက လမ်းမှားတာ။ လမ်းမကြီးမှာ သူမောင်းလာတာကို ဟိုက လမ်းတိုလေးကနေ ထွက်လာတယ်။ ဒါပေမဲ့ ဘရိတ်လေးကွာ ၊ ဘရိတ်လေး တစ်ချက်အုပ်လိုက်တာနဲ့ တိုက်မိစရာ မရှိပါဘူး။

ပြီးတော့ ကားလေးနဲ့ ကားကြီးလေ။ ကားကြီးဆိုတာ ကားရှေ့မှာ ဘန်ကာ အမာတွေနဲ့ ကားထားပြီးသား သူက ဘာမှမဖြစ်ဘူးပေါ့။ ဟိုက ကားလေးလည်း ဖြစ် ၊ လမ်းကလည်းမှားနေတော့ ကားက တော်တော်ဖြစ်သွားတယ်။ ဒါပေမဲ့ စည်းကမ်းအရတော့ ကားလေးက မှားနေတယ်လေ။ ကားလမ်းမကြီးပေါ်က ကားတွေ မရှိမှ သူက လမ်းသွယ်လေးက ထွက်ပြီး ကားလမ်းမကြီးပေါ်ကို တတ်ရမှာ။

အခုတော့ အလျင်လိုပြီး လမ်းသွယ်လေးကနေ ကားလမ်းမကြီးကို အမြန်ဝင်ချင်လို့ ခေါင်းထွက်လာတော့ နဂိုကတည်းက သူများ မှားရင် ဘယ်တော့မှ ခွင့်မလွှတ်တတ်တဲ့ ၊ မရှောင်တတ်တဲ့ သူက ဘရိတ်မနင်းပဲ ဒဲ့ကို တိုက်ချလိုက်တယ်။

ဘယ်သူလဲ၊ ကိုစိုးဝင်း လား။

ကျွန်တော် စကားခဏ နားတော့ ထား က ဝင်မေးတယ်။

အမှန်ပဲပေါ့ ထားရယ်။ သူပဲပေါ့။ သူများမှားတာကိုမှ သူက ခွင့်မလွှတ်တတ်ဘူးလေ။ အခုတော့ တခဏလေး အလျင်လိုမှုကြောင့် ကားလေးခဗျာ တော်တော် ခံလိုက်ရတယ်။

ကိုစိုးဝင်းက သဘောတော့ ကောင်းမဲ့ပုံပါ။ ပျော်လည်း ပျော်တတ်တယ်ဆို ။ ဒါပေမဲ့. . .

ကျွန်တော်လည်း ပြန်ပြန်မြင်နေတဲ့ အဖြစ်အပျက်တွေကို စိတ်ထဲက ဖျောက်ရင်း ထား စကားကို ဆက်ပေးလိုက်တယ်။

ဟုတ်ပါတယ်၊ သူက အကုန်ကောင်းပါတယ်။ ဒါပေမဲ့. . . ဒီလို သူများမှားတာကို ခွင့်မလွှတ်တတ်တာပဲ ဆိုးတာ။

ဒီတော့ ဘာဖြစ်သွားလဲ ဖေဖေ။

သားငယ်က ဆက်မေးတယ်။

ေဩာ်..ဒီတော့ ကားကြီးနဲ့ ကားလေး ဆိုပေမဲ့ လမ်းကြောင်းအရတော့ ကားလေးက မှားနေတော့ ကားလေးကပဲ ရှုံးတာပေါ့လေ။ ဒါကြောင့် သူ့ကို အလျော်ပေးရတာပေါ့။ ဒီတော့ အလျော် နှစ်သောင်းနဲ့ တည့်သွားတယ်။ ဒါပေမဲ့ သူက အလျော်သာ ရတာ။ ဘာမှ ဖြစ်တာ မဟုတ်ဘူး။ ကားလေးကသာ တော်တော် ဖြစ်သွားတာ. . ။ ဒါနဲ့ပဲ ပြီးသွားတာပါပဲ။

ေဩာ်. . .။

ဇနီးသည် ထားက အာမေဋိတ် တစ်လုံးနဲ့ ပြီးပေမဲ့ ကျွန်တော်ကတော့ နောက်ဆက်တွဲ သူတို့ ပြောနေတာကို အရင်းအတိုင်း ကြားနေရတာတွေကို အတိုးဆင့်ပြီး ထပ်ကြားနေမိတယ်။

ဆရာ အလျော် ဘယ်လောက်ရလဲ။

နှစ်သောင်းကွ။

ဒါဆို ဆရာတော့ ဒီည မိန်းမအတွက် ရှယ်ဝယ်သွားပြီပေါ့။

ဒါပေါ့.. ငါ့သားလေးအတွက်လည်း သေနတ်လေး ဝယ်သွားဦးမယ်။

ဒါပေမဲ့ ဆရာရယ်။ ဆရာ ဘရိတ်လေး တစ်ချက်အုပ်လိုက်တာနဲ့ မတိုက်မိပါဘူး။ သနားတော့လည်း သနားပါတယ် ဆရာရယ်။

ဟကောင်ရ၊ ဘာမှ သနားစရာ မလိုဘူး။ သူတို့ ဒီလို စည်းမရှိ ၊ ကမ်းမရှိ မောင်းမှာ စိုးလို့ ယာဉ်စည်းကမ်း ဆိုပြီး ထုတ်ထားတာလေ။ အခု သူက မှားတာလေ။ လောကမှာ “ မှားသူ ဆိုတာ ခံရတာပဲ။

ဘာမှ သနားမနေနဲ့။

ဟုတ်ပါပြီ . . . ဟုတ်ပါပြီ။

ကိုစိုးဝင်း ဆိုသော သူက မျိုးရိုး အရ ကားမောင်းစားလာသူ တစ်ယောက်။ ဒါပေမဲ့ သူရဲ့ ကံကြမ္မာလေးကတော့ ကောင်းတယ် ပြောရမယ်။ ပိုက်ဆံရှိသော မိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ မိန်းကလေးမျိုးရိုးက ပွဲရုံလုပ်တယ်။ ဒါပေမဲ့ သူက ဒါတွေကို စိတ်မဝင်စား။ သူ စိတ်ဝင်စားတာ ကားလုပ်ငန်းပဲ။ အမျိုးမျိုးသိမ်းသွင်းပေမဲ့ မဖြစ်လာတဲ့ အဆုံး လွှတ်ထားလိုက်ရတော့တာ။

သူ့ကို ကောင်မလေး မိဘတွေက သူများကားတော့ မောင်းမနေနဲ့တော့ ကိုယ့်ကားကိုယ်မောင်း ဆိုပြီး ကားထောင်ပေးတယ်။ ကားလုပ်ငန်းနဲ့ အကျိုးပေး ၊ ဝါသနာလည်း ပါပုံများ ပြောပါတယ်။ ထောင်ပေးတဲ့ ကားတစ်စီးကို သူက သူများကိုလည်း ပေးမမောင်း ၊ သူကလည်း ကားမမောင်းပဲ ထိုင်မနေနိုင်။ ဒါကြောင့် ကိုယ်တိုင်မောင်းပြီး စုလိုက် ရင်းလိုက်နဲ့ ကားသုံးစီး ဖြစ်လာတယ်။ ဒါပေမဲ့လည်း သူ တခြားကားတွေကိုသာ အငှားယာဉ်မောင်းတင်တယ်။ သူကတော့ ကားမမောင်းရရင် မနေနိုင်။

ပြီးတော့ ကားလမ်းမပေါ်မှာ ယာဉ်စည်းကမ်းအရ ပျက်ကွက်သူတွေကိုလည်း သူ့ကို ဒဏ်ကြေးပေးရတဲ့ စနစ်နဲ့ သူက ဆုံးမတယ်။ လမ်းသွယ်လေးကနေ ခေါင်းထွက်နေလို့ကတော့ ပေါ်တင်ကို ဝင်တိုက်ပြီး လျော်ကြေးတောင်းတယ်။ ပြီးရင်တော့ သူပြောနေကြ စကားလေးအတိုင်းပါပဲ။

မှားသူ ဆိုတာ ခံရတာပဲ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ဗျိုင်းတွေကလည်း အတောင်ပံလေးတွေကို ပုတ်ခတ်ပြီး ကျော်ဖြတ်ပျံသန်းသွားကြတယ်။ စိမ့်စမ်းရေတွေ ကလည်း တစ်စက်ချင်း ပေါက်ခနဲ ကျကျလာပြီး အဆက်မပြတ် စီးကြတယ်။ စက္ကန့်တွေကလည်း တချပ်ချပ်နဲ့ မိနစ်တံကို တွန်းပို့ပြီး အချိန်ကာလကို မောင်းနှင်ဖြတ်သန်းတယ်။ ဒီကာလကြီးထဲက ကျွန်တော်တို့တွေလည်း အလျားလိုက် ဖြတ်ကူး ကျော်ဖြတ်ကြတယ်။

ဟာ. . . တယ်လှပါလား ကိုစိုးဝင်း။ ဘယ်သွားမလို့ လန်းထားတာလဲ။

ဟုတ်တယ် ဂိတ်မှူးရေ ၊ ကျွန်တော့်မိန်းမက ဒီနေ့ ဘုရားသွားချင်တယ် ဆိုလို့ ဒီနေ့ ကျွန်တော် ကားမမောင်းပဲ ဒရိုင်ဘာ တင်မလို့လေ။ ဒါကြောင့် ကျွန်တော် ဂိတ်ကို ကားလာပို့တာ။

ေဩာ်. . . ဒီနေ့ ဘာနေ့မလို ဘုရားသွားမှာလဲ။ အခါကြီး ရက်ကြီးလား။

မဟုတ်ပါဘူး ဂိတ်မှူးရာ။ မိန်းမရဲ့ အမေ ၊ ကျွန်တော့် ယောက္ခမကြီးက နေမကောင်းလို့လေ။ ဒါကို ယတြာချေမလို့ ဆိုလားပဲ။ မိန်းမက အတင်းခေါ်နေလို့ဗျာ။ ဒါကြောင့် ဒီနေ့ ကားမမောင်းပဲ နားပြီး လိုက်ပို့ရမှာဗျ။

ဒီလိုလား။ ကိုစိုးဝင်းတို့ကတော့ လန်တယ်ဟေ့။ မိန်းမကို ကြောက်ချက်ကတော့ ဟား. ဟား. .ဟား .။

မိန်းမကြောက်တာ မဟုတ်ပါဘူး ဂိတ်မှူးရာ ချစ်တာပါ။ ကျွန်တော့်ဘဝမှာ ချစ်စရာ ဆိုလို့ သူနဲ့ သားလေးပဲ ရှိတာလေ။ သူ့ကိုတော့ ပိုပြီး မြတ်မြတ်နိုးနိုး ချစ်ရတာပေါ့ဗျာ။ ပြည့်စုံနေတဲ့ ဘဝကနေ ကျွန်တော့်ကို ချစ်ပြီး ကားသမားမိန်းမ ဘဝကို ယူခဲ့တာလေ။ ဒါကြောင့် ကျွန်တော်ကလည်း မကောင်းတာ ဘာမှ မလုပ်ပဲ သူတို့အတွက်ပဲ စိတ်ထဲမှာ ရှိတာပေါ့ဗျာ။

သူက ဒီလို ပြောတော့ ခုနက ကျွန်တော် နောက်လိုက်မိတာကိုတောင်မှ ကျွန်တော် အားနာသွားမိတယ်။

ကဲ. . ဂိတ်မှူးရေ ၊ ကျွန်တော် ကားထားခဲ့ပြီး မောင်းမဲ့ လူ သူ့ဖာသာ လာမောင်းပါလိမ့်မယ်။ အခုက ကားလည်း လာထားရင်း ကျွန်တော် ဒီနေ့ နားတယ် ဆိုတာ ဂိတ်မှူးကို လာပြောတာ။ သွားပြီ ဂိတ်မှူးရေ။

ကောင်းပါပြီဗျာ

လည်ဂတုံး အဖြူရောင်နဲ့ အောက်က ပုဆိုး အပြာကွက်စိပ်နဲ့ လျှောက်သွားတဲ့ သူ့ကို ကျွန်တော် နောက်ကနေ ကြည့်ရင်း သူ့မိန်းမနဲ့ ကလေးအပေါ်တော့ တော်တော် သံယောဇဉ်ကြီးတာပဲလို့ တွေးနေမိတယ်။ အေးလေး . ကိုယ့်မိသားစု အပေါ်တော့ သူ ချစ်ရှာမှာပေါ့။ သူ ခင်တွယ်ရှာမှာပေါ့။

သို့သော် တစ်ပါးသူရဲ့ မတော်တဆ အမှားဆိုတာကို သူ နားလည်မှု နဲ့ လက်မခံနိုင်တာကိုတော့ သူ့ရဲ့ အဓိက အားနည်းချက်အနေနဲ့ တွေ့ရတယ်။ သူကလည်း သူများ အပေါ် ဘယ်တော့မှ အမှား မလုပ် ၊ သူ့အပေါ် အမှားလာလုပ်ရင်လည်း ဘယ်လိုမှ သည်းခံတတ်သူ မဟုတ်။ မှားနေကြောင်း လက်တွေ့ ချက်ချင်း ပြန်ပြ လိုက်ရမှ ကျေနပ်တဲ့သူ။

ကျွန်တော်ကလည်း သူတို့ မောင်းနေတဲ့ ကားဂိတ်မှူးဆိုတော့ သူတို့ ကားတွေ နောက်ဆုံးဝင်လာပြီ ဆိုတော့မှ ကျွန်တော်က ပြန်ရတယ်။ ဒီတော့ ပြန်အထွက်ကားတွေက တခြားလိုင်းတွေလည်း မရှိတတ်ကြတော့။ ဒါကြောင့် အိမ်ကို ကားပြန်သိမ်းတတ်တဲ့ ကိုစိုးဝင်း တို့လို လူတွေရဲ့ ကားကိုပဲ လိုက်စီးပြီး အိမ်နဲ့ လမ်းကြောင်းသင့်ရာကို ပြန်ရလေ့ရှိတယ်။

ဖြစ်ချင်တော့ ကိုစိုးဝင်းကလည်း ကျွန်တော့်အိမ်ရဲ့ ဟိုဘက် ရပ်ကွက်က မျှသာ ဒါကြောင့် သူ့ကား နောက်ကျတဲ့ ရက်တွေနဲ့ ကျွန်တော့်အလုပ် ပြန်ဖို့ အဆင်ပြေတဲ့ အချိန်ဆိုရင် ကျွန်တော် သူ့ကားနဲ့ပဲ ကားကြံုလိုက်ပြန်လေ့ရှိတယ်။ ဒါကြောင့် ကျွန်တော့်အိမ်အပြန် ခရီးတွေက သူ့နဲ့ အမြဲတမ်းလိုလို ဆုံနေတော့ သူ့ရဲ့ စိတ်ဓါတ်နဲ့ သူ့ရဲ့ သူများ အမှားအပေါ် ချက်ချင်း တုံ့ပြန်တတ်မှုကိုလည်း အံ့ဩစဖွယ် ရင်းရင်းနှီးနှီး တွေ့ရတတ်တယ်။

ဒီနေ့ အိမ်ပြန်ရောက်တော့ ထူးထူးဆန်းဆန်း အဖြစ်လေးကို ထားကို ပြောပြမိတယ်။

ထားရေ. .။ ကိုစိုးဝင်းကြီးကတော့ ဒီနေ့ ကားမမောင်းဘူးဟေ့။

ဟုတ်လားနေမကောင်းလို့လား။

မဟုတ်ဘုူးကွ။ သူ့ယောက္ခမ နေမကောင်းလို့ သူ့မိန်းမက ဘုရားသွား ယတြာချေချင်တယ် ဆိုလို့ လိုက်ပို့တာတဲ့လေ။

အင်း. . သူ့မိန်းမနဲ့ မိသားစု အပေါ်တော့ တော်တော် ချစ်တတ်တယ်နော်။

ဒါပေါ့ကွာ။ သူ့မှာ အကုန်ကောင်းပါတယ်။ သူများမတော်တဆ မှားတာလေးကို သူက သည်းမခံနိုင်တာလေးပါပဲ။

ဟိုတလောက သူ့သားလေး နေမကောင်းတုန်းကလည်း အလုပ်နားပြီး ပြာနေတာပဲဆို။

ဟုတ်တယ်။ အဲဒီတုန်းကလည်း သူ အလုပ်မဆင်းဘူး။ တကယ်ဆို သူက ကားမောင်းစရာမှ မလိုတာ အုံနာပဲကွာ။ ကားထောင်စားတာနဲ့ တင် ထိုင်နေလို့ရတယ်လေ။

အင်းလေ။ ဒါလည်း ရောဂါ တစ်မျိုးပါပဲ။ ကားမမောင်းရင် မနေနိုင်တဲ့ ရောဂါပေါ့။

ဘာပဲ ပြောပြောပါ။ သူ့မိသားစု ၊ သူ့မိန်းမနဲ့ သားအတွက်ဆိုရင်တော့ ပြာနေတာပဲဟေ့။

ေဩာ်..ဒီလောက်တော့ ရှိမှာပေါ့။ သူ့လည်း သူ့မိသားစုကို ချစ်ရှာမှာပေါ့။

ဟုတ်ပါတယ်။ ငါ့လိုပေါ့ကွာ။ ဒီအထဲမှာမှ မိန်းမကတော့ နံပါတ်တစ်ပဲဟေ့။ သူက အရင်ချစ်ခဲ့တာကိုး။

ပြောလာပြန်ပြီ ပေါက်ကရကတော့. . . ။

ဟား . . ဟား . .ဟား . .။

ဒီလိုပဲ ရပ်ကွက်ချင်းကလည်း ကပ် ၊ အိမ်အပြန်တွေမှာလည်း သူ့ကားနဲ့ ကားကြံု အမြဲတမ်းလိုလို လိုက်စီးနေကြဆိုတော့ အိမ်ရောက်ရင် သူ့အကြောင်းက အများဆုံး ပြောဖြစ်လေ့ရှိတယ်။ အိမ်က မိသားစု တစ်ခုလုံးကလည်း သူ့အကြောင်းကို အမြဲကြားနေရတော့ လူကိုသာ မမြင်ဖူးတာ သူ့ကို ရင်းနှီးနေကြပြီ။

ပြီးတော့ သူအမြဲပြောနေကြ စကားကိုလည်း တစ်အိမ်သားလုံး မနှစ်မြို့ပေမဲ့ ရင်းနှီးနေကြပြီ. . .

မှားသူ ဆိုတာ ခံရတာပဲ။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ဟာ. .မိုးကလည်းကွာ စွေလိုက်တာ အခုထိ မတိတ်သေးဘူး။ ပြန်ချင်နေပြီ ဆိုမှ. ။

ကျွန်တော့်ကိုယ့်ဖာသာ စိတ်ထဲက ရေရွတ်ရင်း ဂိတ်တဲလေးထဲကနေ အပြင်ကို လှမ်းကြည့်မိတယ်။ ခပ်သည်းသည်းရွာနေတဲ့ မိုးတွေက အပြင်ထွက်ပြီး တခြားကားစောင့်စီးရအောင် အခွင့်အရေးမပေး။

ဟူး……….

မိုးအေးအေးထဲမှာ လေပူတွေကို မှုတ်ထုတ်ရင်း မိုးအတိတ်ကို စောင့်နေမိတယ်။ ပြန်ချင်ပြီ။ ကားကြံုတွေကလည်း ရှိဖို့ မပေါ်တော့။ အရင်ပြန်နေကြ အချိန်ထက် နာရီဝက်လောက် နောက်ကျနေပြီ။

ဝူးးးးးးးးးး

ဟော။ ကားတစ်စီး ဝင်လာသံကြားလို့ ကြည့်လိုက်တော့ ကိုစိုးဝင်း ကား။ ဘာလို့ နောက်ကျနေပါလိမ့်။ ကျွန်တော်က သူ ပြန်သွားပြီလား။ ဒါမှမဟုတ် အောက်ဆိုက် ထပ်ဆွဲနေတာလား လို့ ထင်နေမိတာ။ ဂိတ်တဲရှေ့မှာ ကားရပ်တော့ စပယ်ယာက အပြေးအပိုင်းနဲ့ ဂိတ်တဲကို ပြေးဝင်လာရင်း . . .

လမ်းမှာ ကားပျက်နေလို့ ဂိတ်မှူးရာ။ ဒါကြောင့် တော်တော် နောက်ကျသွားတယ်။

သူတို့ မိုးရွာရွာမှာ ကားပြင်ခဲ့ရလို့ စိတ်ရှုပ်လာပုံရပေမဲ့ ကျွန်တော်ကတော့ ရုတ်တရက် ပျော်သွားတယ်။ ဘာပဲ ပြောပြော သူတို့နဲ့ ကားကြံုလိုက်စီးလို့ ရသွားပြီလေ။ ကားပေါ်က ကိုစိုးဝင်းကလည်း ဆင်းလာရင်း . . .

လူလည်း စုတ်ပြတ်နေတာပဲ ဂိတ်မှူးရေ။ ချမ်းလည်း ချမ်းနေပြီ။ ဂိတ်မှူး ပြန်မှာ မလား။ သွားမယ်ဗျာ။ တတ်. . .။

ဟုတ်ကဲ့

ဂိတ်တဲလေးကို ခပ်သွက်သွက်ပိတ်လိုက်ပြီး စွေပြီး ရွာနေတဲ့ မိုးရေထဲကနေ ပြေးပြီး ကားပေါ်တတ်လိုက်တယ်။ ကားထဲမှာ သူရယ် ၊ ကျွန်တော်ရယ် ၊ စပယ်ယာလေးရယ် သုံးယောက်သာ ရှိတယ်။ စပယ်ယာလေးကတော့ ချမ်းတာကို အကြောင်းပြပြီး နည်းနည်းထွေနေလေပြီ။ သူကတော့ မိန်းမက မသောက်နဲ့ ပြောလို့ ဖြစ်နိုင်သလို ၊ မိန်းမကို ချစ်သူ တစ်ယောက်ဆိုတော့ အရက်နဲ့တော့ အချမ်းမဖြေဘူး ၊ မိန်းမဖက်ပြီးပဲ အချမ်းဖြေမယ် ဆိုတဲ့ လူတစ်ယောက် ပုံစံမျိုး။

ကားထဲမှာ သုံးယောက်တည်းဆိုတော့ သူ့ကားမောင်းသူဘေးက ခုံလေးမှာပဲ ထိုင်ပြီး ကျွန်တော် ထွေရာ လေးပါး ပြောလာခဲ့တယ်။ သူကတော့ မိုးကလည်း မိလာသေး ၊ ကားက ပျက်နေလို့ ဆင်းပြင်ရသေး ဆိုတော့ အရင်ထက် ပိုတဲ့ အမြန်နှုန်းနဲ့ သူမောင်းတယ်။ ကားပျက်လာလို့ စိတ်လည်း ရှုပ်နေတဲ့ ပုံစံ။ အရင်လို ပျော်ရွှင်မှုတော့ မတွေ့။

မိုးကလည်း စွေကောင်းနေဆဲ။ လမ်းပေါ်က ကားတွေကလည်း ခပ်ကုတ်ကုတ်လေး ပြေးလွှားနေကြဆဲ။ လမ်းမီးများကလည်း မှိန်တွေတွေနဲ့ လင်းနေဆဲ ၊ သူ့ရဲ့ လက်ကိုင်ခွေ နဲ့ နင်းထားတဲ့ လီဗာကလည်း ဖိထားဆဲ။

ဟာ. .

သုံးယောက်လုံး တပြိုင်နက် အာမေဋိတ်ထွက်ကျတယ်။ ကျွန်တော်တို့ အိမ်မရောက်ခင် ငါးရပ်ကွက် အလိုလောက်မှာ လမ်းသွယ်လေး တစ်ခုတည်းက စလွန်းကား အသစ်လေး တစ်စီး အလျင်လိုမှုတွေကို တပ်ဆင်ပြီး လမ်းသွယ်လေးထဲက လမ်းမကြီးပေါ်ကို ထိုးတတ်လာတယ်။

ကိုစိုးဝင်း မောင်းနေတဲ့ ကားကလည်း အရင်သာမာန်တွေထက် မြန်နေတဲ့ နှုန်း ၊ စလွန်းလေးကလည်း လျင်မြန်စွာ ထွက်လာတဲ့ နှုန်း နှစ်ခုအရ သူ ဘရိတ်ကို နင်းလိုက်ပြီး ဘယ်ဘက်ကို ဆွဲလိုက်ရင်တောင်မှ တိုက်တော့ တိုက်မိမယ်။ ဒါပေမဲ့ ထိမိရုံပေါ့ ကြီးကြီးမားမားတော့ မဖြစ်နိုင်။

တောက်. . .စည်းမရှိ ၊ ကမ်းမရှိ။ မောင်းချင်တဲ့ ကား။ ကဲကွာ။

သူ ညာခြေထောက်က လီဗာပေါ်ကို ပိုပြီး အားသက်ရောက်သွားတယ်။ ကားတစ်စီးလုံးကလည်း မြန်နေတဲ့ အရှိန်ထက် ခြံထဲက လွှတ်လိုက်တဲ့ နွားသိုးရိုင်းကြီးလို ဇတ်ခနဲ ခေါင်းမော့ပြီး ထွက်သွားတယ်။ မိုးစိုစို ၊ လူကချမ်းချမ်း ၊ ကားပြင်ထားရလို စိတ်က ရှုပ်ရှုပ် ၊ စည်းကမ်းမလိုက်နာသူကို ခွင့်မလွှတ်တတ်တဲ့ စိတ်တွေ အကုန် ရှုပ်ကုန်ပြီး ကားက အရှိန်နဲ့ ထွက်လာတယ်။

ဟိုဘက်က စလွန်းကား ကလည်း လမ်းမပေါ်ခေါင်းထွက်ပြီးမှ အရှိန်နဲ့ လာနေတဲ့ ကားကို မြင်လိုက်ရတော့ လွတ်လို လွတ်ငြား အရှိန်ကို ပိုမြင့် မောင်းတယ်။ အင်းအားပြင်းသော အရာနှစ်ခု တိုက်မိကြတယ်။ သာမာန်ဆို ခေါင်းချင်းဆိုင် တိုက်မိရမှာ ဖြစ်ပေမဲ့ စလွန်းကားလေးက အရှိန်မြှင့်လိုက်တော့ သာမာန်ထက် မြန်သလို ဖြစ်သွားပြီး မောင်းသူ နေရာကို အရှိန်နဲ့ တိုက်မိသွားတယ်။

ကျွီ……….ဝုန်း

ဟာ. .

ဟိုက်…ငါ့ဆရာတော့ လုပ်ချလိုက်ပြန်ပြီ။

ထုံးစံ အတိုင်းပဲ စပယ်ယာလေးက အော်တယ်။ ကျွန်တော်ကလည်း ထုံးစံ အတိုင်းပဲ အာမေဋိတ် ထွက်သွားတယ်။ အတိုက်ခံရတာ ကားလေး ဆိုတော့ ပြီးတော့ အရှိန်တွေကြောင့် ဘေးကို ဒရွတ်တိုက် လွင့်ပြီး ဓါတ်တိုက်နဲ့ ထပ်တိုက်မိတယ်။

ဟာဗျာ…ခင်ဗျားတို့ ဘယ်လိုလုပ်တာလဲ။

ဒါက ကိုစိုးဝင်းရဲ့ ထုံးစံ အသံ။ ဒါပေမဲ့ တစ်ဖက်ကားထဲက ဘာမှလှုပ်ရှားဟန် မပြ။ ဘယ်သူမှ ဆင်းလာတာ မတွေ့။ ကျွန်တော်လည်း စိုးရိမ်သွားပြီး ကားပေါ်က ဆင်းပြီး မိုးရေထဲ ထွက်လိုက်တယ်။ ဒီတော့ ထွေနေတဲ့ စပယ်ယာလေးနဲ့ ကိုစိုးဝင်းလည်း ကားပေါ်က လိုက်ဆင်းလာတယ်။ ကျွန်တော်တို့ စလွန်းကားလေးနား ရောက်တော့. . .

ကားနောက်ခန်းက တံခါးပွင့်လာပြီး လူတစ်ယောက် ထွက်လာတယ်။ မိန်းမကြီးတစ်ယောက်။ သူ့ကို မြင်တော့ ကိုစိုးဝင်းက. . .

ဟင်. . ဒေါ်လေး။ ဘယ်လို ဖြစ်တာလဲ။

ဒေါ်လေးလို့ သူခေါ်လိုက်သူက ဘာမှ ပြန်မပြောနိုင်အား။ ခေါင်းမှ ကွဲသွားဟန်တူသော နေရာမှ သွေးတွေက လည်ပင်းကို မိုးရေတွေနဲ့ အတူ စီးကျလာတယ်။ ပြီးတော့ ရုတ်တရက်ဆိုတော့ ကြောင်တောင်တောင်။ ကိုစိုးဝင်း ပြေးပွေ့ပြီး. .

ဒေါ်လေး ၊ ဘာဖြစ်တာလဲ။ ဘယ်လို ဖြစ်တာလဲ။

မကြီး အသည်းအသန် ဖြစ်လို့လေ။ ဒါကြောင့် အငယ်မ ကို လာပြောတာ ၊ သူက မင်းက နောက်ကျနေလို့ မင်းကို မစောင့်တော့ဘူး။ အခုချက်ချင်း လိုက်မယ် ဆိုပြီး သူကိုယ်တိုင် ကားမောင်းလာတာ။ အခု . .အခု . . ။

ဗျာ.

ဒေါ်လေးဆိုသူ ပြောနေတဲ့

မကြီး

ဆိုတာ ကိုစိုးဝင်း ယောက္ခမ ၊

အငယ်မ

ဆိုပြီး ဒေါ်လေး ခေါ်တတ်သူက ကိုစိုးဝင်း မိန်းမ. . .၊ သူ အရူးတစ်ယောက်လိုပဲ သူ စလွန်းကားလေးဆီ ပြေးသွားတယ်။

ကားတံခါးကို ဆွဲဖွင့်လိုက်တော့ သူ ဒီဘက်က တိုက်ထားတာက သူ့သားလေးဘက် ၊ မောင်းသူဘက်က သူ့မိန်းမ ။ ဓါတ်တိုင်နဲ့ ကားရဲ့ ညှပ်အတိုက်ခံရသော လူသားနှစ်ဦး။ သားအသေ နဲ့ မယားအကြေ။ သူကတော့. . .

အား. . ဘယ်လို ဖြစ်ရတာလဲဗျာ..၊ ဘယ်လို ဖြစ်ရတာလဲ။

အော်ရင်း ၊ ဟစ်ရင်းနဲ့ ကိုစိုးဝင်း ခွေပြီး လဲကျသွားတယ်။ သူ့ဆီကို ပြေးသွားကြတော့ သူ့ရင်ခွင့်ထဲမှာ မိန်းမကို ပွေ့ထားရင်း သူ့သားလေး လက်ကို ဆုပ်ကိုင်ထားတယ်။ သူကလည်း သတိလစ်လို့။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ဟေ့…ဖြည်းဖြည်းမောင်းနော်..၊ မိုးတွေ ရွာနေတယ်။

ဟေ့ကောင် ရှေ့ကို ကြည့် ၊ သေချာကြည့်နော်။

လမ်းရှင်းလားဟေ့။

ဝူး………………..ဝူး…………………ဝူး………….။

သူ့ဖာသာ တစ်ယောက်တည်း ကားမောင်းနေတဲ့ လူတစ်ယောက်ကို ထား ၊ သားနဲ့ သမီးကို ပြရင်း . .

အဲဒါ ကိုစိုးဝင်းလေ။

သနားတော့ သနားပါတယ်။

အင်း

သူရဲ့ သူများအမှားအပေါ်မှာ သည်းမခံနိုင်တဲ့ စိတ်က သူ့ကို ပြန်ပြီး ခြယ်လှယ်သွားတာလေ။

ထား ၊ သားနဲ့ သမီးကလည်း ကိုစိုးဝင်းကို အခုလို အချိန်မှ မြင်ဖူးကြတော့တယ်။ ကျွန်တော် သူ့နဲ့ နီးရာကို ကပ်သွားလိုက်ရင်း . . .

ကိုစိုးဝင်း. . ။

ကျွန်တော် သူ့ကို ခေါ်လိုက်တော့. .သူက ဖြတ်ခနဲ့ လှည့်ကြည့်တယ်။ ပြီးတော့. . .

ဟာ . . ဂိတ်မှူး။ နေကောင်းတယ်မလား။

ေဩာ်..ကိုစိုးဝင်း ၊ ကျွန်တော့်ကို မှတ်မိသားပဲ။ ကျွန်တော် ကိုစိုးဝင်း စားဖို့ အသားကြော်တွေ ပေးထားခဲ့တယ်နော်။ စားလိုက်ဦး။

ဟာ. . မှတ်မိတာပေါ့ ဂိတ်မှူးကလည်း။ ဟုတ်ကဲ့. စားမယ် ဂိတ်မှူး။ ဘယ်လိုလဲ ညကျရင် ကျွန်တော့် ကားအသိမ်းနဲ့ အိမ်ပြန် လိုက်မှာ မဟုတ်လား။

ကျွန်တော့်ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားတယ်။ ခေါင်းငြိမ့်ပြရင်း. . .

ဟုတ်ကဲ့. . ကျွန်တော် လိုက်မှာပါ။

ဒါဆို စောင့်နေနော်။ ကျွန်တော် ဆက်မောင်းလိုက်ဦးမယ်။ ဝူး…… …….. ဝူး……. ……… ဝူး….. … ။

ေဩာ်… ကျွန်တော့် အိမ်အပြန် ကိုစိုးဝင်းကားကို ဘယ်တော့မှ မစီးရတော့ဘူးဆိုတာ အားလုံးလည်း သိကြပါတယ်။ ကိုစိုးဝင်းသာ ကျွန်တော့်အိမ်အပြန် ကိုစိုးဝင်း ကားကို မစီးနိုင်တော့ဘူး ဆိုတာ သတိမထားမိနိုင်တော့တာ။ ကျွန်တော်တို့ လှည့်ထွက်လာကြတယ်။

ဝူး…………ဝူး……………..ဝူး……..။

ကိုစိုးဝင်းရဲ့ ကားမောင်းသံတွေကတော့ ကျွန်တော်တို့ လှည့်ထွက်လာတဲ့ စိတ်ရောဂါ အထူးကု ဆေးရုံမှာ ပျံ့နှံ့ ကျန်နေခဲ့ရင်း…………………

ကိုဇော်

LEAVE A REPLY

Please enter your comment!
Please enter your name here