နိုင်ငံတကာ ရွေးကောက်ပွဲ အကဲခတ်များ​ကို လက်ခံဖို့ စစ်အစိုးရကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း

alt

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) ရဲ့ မေလ ၉ ရက်နေ့က မြန်မာနိုင်ငံ ရွေးကောက်ပွဲ အတွက်

နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေ၊ အထူးသဖြင့် အာဆီယံ အဖွဲ့တွေ လာရောက်ခွင့် ပြုမပြု မေးမြန်းတဲ့အခါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲ အတွေ့အကြုံ များစွာရှိပြီး ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်တွေ သေသေချာချာ ပြဋ္ဌာန်း ဆောင်ရွက်နေတာမို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ ထင်ရှားနေတဲ့အတွက် နိုင်ငံတကာ အဖွဲ့တွေ လာရောက်ဖို့ မလိုကြောင်း ပြန်ကြား ခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဒေသတွင်းနဲ့ နိုင်ငံတကာက စောင့်ကြည့် လေ့လာသူတွေကို ဖိတ်ကြားဖို့ တိုက်တွန်း တောင်းဆို ပြောဆို လိုက်ပါတယ်။

ထို့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ မစ္စတာ မာတင် နာဆက်ကီက မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဘယ်ရွေးကောက်ပွဲမဆို နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှုကို ရရှိလိုရင် ရှင်းလင်းရမယ်၊ ခြုံငုံ ပြည့်စုံပြီး အုပ်စုအားလုံးတို့ ပါ၀င်တဲ့ ရွေးကောက်ပွဲ စံနစ် ဖြစ်ရပါမယ်။ ဒါကို ကုလသမဂ္ဂက ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်သလို ဒီနေ့လည်း ထပ်ပြီး တိုက်တွန်း လိုတာက မြန်မာ အာဏာပိုင်တွေ အနေနဲ့ ဒေသန္တရ အပါအဝင် ပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ပုဂ္ဂိုလ်တွေကို လက်ခံပါ။ ဒါမှလည်း ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှု ရရှိမှာပါ။ ဒီအချက်က ရှင်းပါတယ် ဟု ပြောဆိုခဲ့သည်။

EU အနေနဲ့ မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း စစ်အစိုးရက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံ ဆိုင်ရာ EU အထူးသံတမန် မစ္စတာ ပီယာရို ဖက်ဆီနို ပါ၀င်တဲ့ လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်လိုတဲ့ အကြောင်း ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က EU နိုင်ငံခြားရေး ကောင်စီကနေ တရားဝင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး၊ ဥရောပ သမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် ပီယာရို ဖက်ဆီနို (Pierro Fassino) နဲ့အဖွဲ့ မြန်မာနိုင်ငံကို သွားဖို့ ပြင်ဆင်နေစဉ်မှာ အခုလို နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့များကို မလိုအပ်ကြောင်း ပြောဆိုခဲ့ခြင်းသည် EU က ကိုယ်စားလှယ် စေလွှတ်ဖို့ စီစဉ်နေခြင်းကို စစ်အစိုးရက တဘက်လှည့်နဲ့ လက်မခံ ပယ်ချလိုက်ကြောင်း ပြောဆိုနေသကဲ့သို့ ဖြစ်နေကြောင်း သုံးသပ်သူများက ပြောဆိုနေကြသည်။

ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ သက်ဆိုင်သူ အားလုံး ပါဝင်ခွင့် မရှိအောင် ကန့်သတ် ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်း ဥပဒေတွေကို စစ်အစိုးရက ထုတ်ပြန်ပြီးတဲ့နောက် အဲဒီ ကန့်သတ်ချက်တွေကို EU ဥရောပ သမဂ္ဂက ကန့်ကွက် ရှုတ်ချထားပြီး ဖြစ်ကာ ယခုနှစ်မကုန်မီ ရွေးကောက်ပွဲ ကျင်းပရန် အချိန် နီးကပ်လာ နေသော်လည်း ပြည်တွင်း၌ သတင်းလွတ်လပ်ခွင့် လုံးဝမရှိခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများသည် တရားမျှတမှု မရှိခြင်း၊ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့များကိုလည်း ဝင်ခွင့်မပြုခြင်း တို့ကြောင့် လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိနိုင်မည် မဟုတ်ကြောင်း ရန်ကုန် နိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန်သုံးသပ် နေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here