ကမ္ဘာပျက်ခြင်း

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် (လှိုင်းဘွဲ့ )

အေးချမ်းစွာ ရှာဖွေ စားသောက် နေထိုင်ခဲ့သော သူတို့ အတွက် နောက်ဆုံး အချိန်အခါသည်ကာ မျှော်လင့် မထားဘဲ ကျရောက် လာလေပြီ။ ပထမဆုံး ဝေါခနဲ အသံကျယ်ကြီးကို ကြားလိုက်ရပြီးနောက် သူတို့နေထိုင်ရာ အရပ်တွင် စူးရှပြင်းထန်သော အလင်းရောင် ထွက်ပေါ်လာသည်။

ကောင်းကင်အမိုးကြီး ပွင့်ထွက်သွားသလိုပင်။ ထိုအလင်းရောင် ထွက်ပေါ်လာရာ မိုးကောင်းကင်ကို ထိတ်လန့်ခြင်း ကြီးစွာဖြင့် မော့ကြည့်လိုက်မိသည်။ တစ်ခြားသူများ အားလုံးလည်း ထိုအလင်းရောင်ကြီးကြောင့် တအံ့တဩ ဖြစ်လို့နေကြသည်။ လှုပ်ရှားဖို့ကို မေ့နေသည်အထိ အလင်းရောင် ထွက်ပေါ်လာရာသို့ မော့ကြည့်နေမိသည်။ ဘာတွေဆက်ဖြစ်မလဲ တွေးနေချိန်မှာပဲ သူတို့နေထိုင်ရာ အရပ်တစ်ခုလုံး အမှောင်ဖုံးလွှမ်းသွားတော့၏။

သူတို့ရဲ့ ကောင်းကင်ပေါ်မှ အမျိုးအမည် မဖော်ပြနိင်စွမ်းသော ကြီးမားသည့် အရာဝတ္ထုများ ပြုတ်ကျလာသဖြင့် အမှောင်ဖုံးလွှမ်းသွားခြင်းဖြစ်သည်။ ကျရောက်လာသော ထိုအရာဝတ္ထုများမှာ လေးလံလွန်းလှသဖြင့် တော်တော်များများ မည်သို့ အသက်ထွက်သွားမှန်းတောင် မသိနိင်တော့ဘဲ သေဆုံးသွားတော့သည်။ အရာဝတ္ထုများ ပိမိနေသဖြင့် ကယ်ပါယူပါ အော်သံများသည်လည်း ဆူညံပွက်လော ရိုက်နေလေသည်။ သို့သော် မည်သူကမှ တစ်ဦးကို တစ်ဦး ကယ်တင်ပေးဖို့ရန် မဖြစ်နိင်တော့ပေ။

မောင်နီ လည်း စားလက်စမုန့်ကို ပစ်ချကာ အသက်ဘေးအတွက် ခြေဦးတည့်ရာ ပြေးရတော့၏။ မည်သည့်အရပ်သို့ ရောက်သွား နိင်မည်ကိုပင် စဉ်းစားချိန် မရလေပြီ။ ကျယ်ဝန်းလှသော ဤအရပ်တွင် ခြေဦးတည့်ရာ ပြေးလွှားနေကြသော ဘဝတူ များစွာကိုလည်း ပြေးရင်းလွှားရင် တွေ့ရပြန်သဖြင့် သွေးပျက်မတက် ခြောက်ခြားလွန်းလှသည်။ သူ့မိဘများနှင့် သူ့မိသားစုလည်း သေဆုံးသွားကြပြီလား ထွက်ပြေးလွတ်မြောက် သွားပြီလား မသိနိင်တော့ပြီ။

ပြေးရင်းလွှားရင်း သူဇနီးနှင့် သားငယ်ကို ရှာဖွေကြည့် မိသည်။ အချိန်ယူကာ ရှာဖွေဖို့ ဆိုသည်မှာတော့ မဖြစ်နိင်ပေ။ လောလောဆယ် မိမိ အသက်ဘေးအတွက် ခြေဦးတည့်ရာသို့ ပြေးနေမိတော့သည်။ သူမည်သို့ပင် အားကုန်စိုက်ကာ ပြေးသော်လည်း မလွတ်မြောက်နိင်ရှာတော့ပေ။ အမှောင်တွေ ဖုံးလွှမ်းပြီးသည့် နောက်တွင် ပြင်းထန်သော လှုပ်ခါမှုတို့စတင်လာသည်။ သူတို့နေထိုင်ရာ အရပ်တွင် တော်လဲသံများ ထွက်ပေါ်ကာ အိုးထိန်းစက်ကဲ့သို့ ချာချာလည် လေပြီ။

အားးးး

ကယ်ကြပါအုံးးးး

လှုပ်ခါခြင်းတို့သည် တစ်စထက်တစ်စ တိုး၍သာ ပြင်းထန်လာသဖြင့် ရပ်တည်ခြင်းငှာ မစွမ်းသာတော့ပေ။ သွေးပျက်ခြောက်ခြားစွာ ထွက်ပေါ်လာသော အော်သံတို့သည်လည်း ဆူညံလွန်းသော တော်လဲ သံများအောက်တွင် နစ်မြုပ် နေလေသည်။ တစ်ဦးကိုတစ်ဦး အော်ခေါ်ကြသည် မိမိတို့ အားကိုးရာကို တိုင်တည်မြည်တမ်းကြသည် သို့သော် တစ်ဝေါဝေါ မြည်ဟီးနေသော တော်လဲ သံများအောက်တွင် မိမိရဲ့ အသံကိုပင် ပြန်ကြားဖို့ရန် မဖြစ်နိင်တော့ပေ။ သူတို့နေထိုင်ရာ အရပ်တွင် သေခြင်းတရားသည် နီးကပ်စွာ ရှိနေလေပြီ။

အိုးထိန်းစက်ကဲ့သို့ ချာချာလည်နေမှုကြောင့် သူတို့အရပ်မှ ဆွေမျိုးများ အဝေးကို လွင့်စင်ကုန်ကြတော့သည်။ ကုပ်ကပ် တွယ်ကပ်ထားသော သူ့လက်တို့ ညောင်းညာ လွန်းလှပြီ။ မကြာခင် တွယ်ကပ်ထားသော သူ့ခြေလက်တို့ပြုတ်ထွက်ကာ သူသည်လည်း လွင့်ထွက်သွားရတော့မည်။ သေခြင်းတရားကို သူမြင်လိုက်ရလေပြီ။ အချိန်သိပ်မကြာခင်မှာပဲ သေရတော့မည်ဟု စိတ်ဒုန်းဒုန်း ချလိုက်မိသည်။ သူချစ်သော မိသားစု ၊ သူနေထိုင်ရာ အရပ် ၊ သူ့ဆွေမျိုးများ နှင့် သူနှစ်သက်သော အစားအစာများ အားလုံး ချန်ရစ်ခဲ့ရတော့မည်။

ဝမ်းနည်းလွန်းသဖြင့် သူ့မျက်ရည်တို့ အဆက်မပြတ် တသွင်သွင် ကျဆင်းလေပြီ။ သူတို့အတွက် ကပ်ဘေးကြီးက ဆိုးရွားလွန်းလှသည်။ တဝေါဝေါမြည်သံများ ကြားနေရသဖြင့် သွေးပျက်မတတ် ဖြစ်နေရသည်။ ဘာတွေဖြစ်ကုန်ပြီလဲ။ အပြောင်းအလဲများသည် မြန်ဆန်လွန်းလှသည်။ စောစောက အေးချမ်းရှင်းလင်းနေသော သူတို့ရဲ့ နေရပ်သည် ခုတော့ အရာဝတ္ထုများဖြင့် ပြည့်နှက်နေလေပြီ။ ထိုအရာများအောက်တွင်တော့ သူတို့ရဲ့ အိမ်နီးချင်းများ ဆွေမျိုးများ ပိပြားနေမှန်း တွေးလိုက်မိသည်။ သူသည်လည်း ဘယ်အချိန်တွင် အသက်ထွက်ရတော့မလဲ စောင့်စားနေရတော့သည်။

ထိုအချိန်တွင် မမျှော်လင့်ဘဲ ချာချာလည်မှုတို့ ရုတ်တရက် ရပ်တန့်သွားသည်။ တော်လဲ သံများပါ ငြိမ်သက် သွားသဖြင့် သူထိတ်ခနဲ ဝမ်းသာသွား၏။ ရုတ်ခြည်းတိတ်ဆိတ်သွားပုံသည် အံ့ဩဖွယ် ကောင်းလွန်း လှသည်။ စောစောက ထွက်ပေါ်ခဲ့သော တဝေါဝေါဖြင့် တော်လဲသံ များသည် ခုတော့ ဒီနေရာတွင် မည်သည့်အဖြစ်အပျက်မှ မဖြစ်ခဲ့သလို တိတ်ဆိတ်သွားသည်။ မုန်တိုင်းမလာခင် တဒင်္ဂတိတ်ဆိတ်ခြင်း ဖြစ်နိင်သည်ဆိုကိုပင် သူမတွေးတတ်ခဲ့လောက်အောင် ပျော်ရွှင်သွားမိသည်။

ဒါဆို သူမသေနိင် တော့ဘူးပေါ့။ အိုးးးး ကံကောင်း လိုက်တာ ။ သေခြင်းတရားဆီမှ ကံသီကာ လွတ်မြောက် ခဲ့သဖြင့် သူ စိတ်မထိန်းနိင်စွာ ခြေဦးတည့်ရာ ပြေးလွှားလိုက်တော့သည်။ ဝမ်းသာလွန်းစွာ ဟေးးး ခနဲ အားပါးတရ အော်လိုက်မိပြီးမှ သူ့ဆွေမျိုးများ အတွက် သတိရမိသဖြင့် ချက်ချင်း အသံပြန်ပိတ်လိုက်ရ၏။ သူ့လို ခံစားရ၍ထင်သည် ဟိုနေရာ ဒီနေရာများမှ မသေဘဲ ကျန်ခဲ့သူတို့၏ ဝမ်းသာအားရ အော်သံများ ထွက်ပေါ် လာသည်။

ထို့အတူ နေရာအနှံ့တွင် ငိုကြွေးသူတို့ ရှိနေလေသည်။ ခြေလက် ပိမိသူတို့ရဲ့ ညည်းညူသံများလည်း နေရာ အနှံ့မှ ထွက်ပေါ်နေသည်။ ကပ်ဘေးမိသူနှင့် လွတ်မြောက်လာသူတို့ရဲ့ ခြားနားသော အခြေအနေဖြစ်သည်။ မည်သူမဆို မိမိအသက်ကို တန်ဖိုးထားကြသည် မဟုတ်လား။ ခုတော့ သူလွတ်မြောက်ခဲ့လေပြီ။ သူ့မိသားစုကိုတော့ လောလောလတ်လတ် ရှာဖွေ၍ မရနိင်သေးပေ။ နေရပ်တစ်ခုလုံး အခြေအနေတွေ ရှုပ်ထွေးနေလေသည်။ ဘာပဲဖြစ်ဖြစ် အနီးစပ်ဆုံး တစ်ဦးဦးကို သူဆွဲထုတ် ကယ်တင်ရမည်။ အနီးအနား ကြည့်မိချိန်တွင် ခြေလက် ပြတ်ပြီး လူးလိမ့်အော်ဟစ်နေသူကို တွေ့လိုက်ရသည်။ သူကယ်တင်ပေးဖို့ရန် အနားသို့ တိုးကပ်သွားမိသည်။

ထိုအချိန်တွင် ဆိုးရွားလွန်းသော ကပ်ဘေးကြီး ဒုတိယ အကြိမ် ပေါ်ထွက် လာပြန်တော့သည်။ ဒီတစ်ကြိမ် တွင်တော့ မြင့်ရာ အရပ်မှ ရေများ တစ်ဝေါဝေါဖြင့် စီးဆင်းလာခြင်းဖြစ်သည်။ ရေလုံးကြီးများ ရောက်လာပုံမှာ မြန်ဆန်လွန်းလှသဖြင့် သူဘေးဘက်ရှိ အမြင့်တစ်နေရာသို့ အလျင်အမြန် ပြေးတက်လိုက်ရသည်။ ရေများ အဆက်မပြတ် ဝင်ရောက်လာမှုကြောင့် တစ်ဖြည်းဖြည်း မြင့်တက်လာသဖြင့် ပို၍မြင့်ရာဆီသို့ အတင်းကုပ်ကပ် တွယ်တက်နေမိသည်။

နားခိုရာ နေရာတစ်ခုကို ရောက်သွားသဖြင့် ရေပြင်ကြီးကို ကြည့်လိုက်နေမိသည်။ ထိုရေများထဲတွင်တော့ သေဆုံးသွားသူတို့ ပေါလော မျောပါနေသည်ကို တွေ့လိုက်ရသဖြင့် သူ့ခြေလက်တို့ အားအင်ကုန်ခမ်း မတတ်ဖြစ်သွားရသည်။ အစုအဝေးလိုက် သေဆုံး မျောပါနေသည်ကို မြင်လိုက်ရသဖြင့် ကြောက်ရွံ့ထိတ်လန့်လွန်းစွာ ရှိုက်ကြီး တစ်ငင် ငိုကြွေးနေမိသည်။ သူသည်လည်း မကြာခင် ထိုအစုအဝေးထဲတွင် ပါဝင်ရတော့မည် ထင်သည်။

အဆက်မပြတ် ဝင်ရောက်လာသော ရေလုံးကြီးများကြောင့် သူတို့နေထိုင်ရာ အရပ်တစ်ခုလုံး ရေမြုပ်သွားလေပြီ။ သူခိုကပ်နေသော နေရာဆီသို့ မကြာခင် ရေများရောက်လာတော့မည်ကို ခန့်မှန်းမိသဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေမိသည်။ ပြေးစရာ နေရာ မရှိတော့မှန်း သူသိနေလေပြီ။ ဒီတစ်ကြိမ်တွင်တော့ သေခြင်းတရား ထံမှ သူလွတ်မြောက်ဖို့ရန် မဖြစ်နိင်တော့ပေ။ သေချာနေသော သေခြင်းတရာကို ထိုင်စောင့်နေရသူရဲ့ ခံစားချက်သည် သွေးပျက်ဖွယ်ရာသာ ဖြစ်သည်။ ခြောက်ခြားတုန်လှုပ် ဖို့လည်း ကောင်းလှသည်။ တစ်ဖြည်းဖြည်းနှင့် ရေများ ပို၍မြင့်တက်လာသည်မှာ သူခိုလုံရာ နေရာအထိပင် ရောက်လာတော့မည်။ အပေါ်သို့ ထပ်တက်ဖို့ရန်လည်း မလွယ်ကူတော့ပေ။

တစ်စထက်တစ်စ မြင့်တက်လာသော ရေများကို ကြည့်ရသည်မှာ ခြောက်ခြားဖို့ ကောင်းလွန်းလှသည်။ သေမင်းသည် သူ့ခံတွင်းကို ဖွင့်ဟရင်း သူ့အနားသို့ တိုးကပ်လာသလို ခံစားလိုက်ရသည်။ အစွယ်ဖြူဖြူများကိုပင် မြင်လိုက်ရသလိုလိုပင် ….။ ရှင်သန်ဖို့ အတွက် နောက်ဆုံးအနေဖြင့် အပေါ်ထပ်တက်ရန် နေရာရှာနေချိန်တွင် သူ့ခြေထောက် အေးခနဲ ဖြစ်သွားသဖြင့် ငုံ့ကြည့်လိုက်မိသည်။

အိုးးးး ရေတွေ

သေမင်းရဲ့ လက်အေးကြီးဖြင့် သူ့ခြေထောက်ကို ဖမ်းဆုပ်ကိုင်ခံလိုက်ရသလို သူ့နှလုံးသား ထိတ်ခနဲဖြစ်ကာ အမြင်အာရုံများ ပြာထွက်သွားသည်။ သူသေရတော့မှာပါလား။ နောက်ဆုံးလက်ကျန် အင်အားကို ညစ်ထုတ်ကာ ကြောက်လန့်တစ်ကြား အပေါ်သို့ ထပ်မံကုတ်တက်ရန် ကြိုးစားနေချိန်မှာပဲ သူ့ခန္ဓာကိုယ် တစ်ခုလုံး ရေထဲကို မျောပါသွားတော့သည်။ သူ့ရဲ့ ထိတ်လန့်တကြား အော်သံ သည်လည်း ဆူညံစွာ ဝင်ရောက်နေသော ရေလုံးကြီးများရဲ့ အသံအောက်တွင် နစ်မြုပ်သွားလေပြီ။

မကြာခင် ရေများ စီးဝင်လာမှု ရပ်တန့်သွားသော်လည်း သူတို့အရပ်သည်ကား တစ်ခဏအတွင်းတွင် ပင်လယ်ပြင်ကြီး ဖြစ်သွားလေပြီ။ မှီတွယ်ရာ အရာဝတ္ထုတစ်ခုခုကို ဖမ်းကိုင်ဖို့ရန် ကြိုးစားသော်လည်း ပင်လယ်ပြင်ကြီး သဖွယ် ဖြစ်နေသော ရေပြင်ကျယ်ကြီး ထဲတွင် သူ့ခန္ဓာကိုယ် သေးသေးလေးမှာ အဆီးအတားမရှိ မျောလွင့်နေလေသည်။ သူ့လိုပဲ သေအံ့ဆဲဆဲ မှီတွယ်ရာ တစ်ခုခုကို ဖက်တွယ်ထားသော ဘဝတူများကိုလည်း ဖျတ်ခနဲ ဖျတ်ခနဲ တွေ့လိုက်ရသည်။

ထိုအချိန်တွင် တော်လဲသံများ နောက်တစ်ကြိမ် ထပ်မံကြားရကာ သူတို့နေထိုင်ရာ အရပ်သည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်ပြန်လေသည်။ ရေများ ဘောင်ဘင်ခတ်နေသော လှိုင်းထန်လွန်းသည့် ပင်လယ်ပြင်ကျယ် ထဲတွင် သေဆုံးသွားသော သူ့ခန္ဓာနှင့် မျိုးနွယ်စုများ အားလုံး မျောပါနေကြတော့သည်။

နောက်ဆုံးတွင် ဆိုးရွားလွန်းသော ကပ်ဘေးကြီးကြောင့် သူတို့အားလုံး သေဆုံးခဲ့လေပြီ။ အသက်ရှင် ကျန်ရစ်ခဲ့သူ ဆို၍ မည်သူမှ မရှိတော့ပေ..။

………………………………….။

…………………………………………………….။

………………………………………………………………………….။

အခန်း(၂)

ကျကျန်နေသော အကျင်္ ီတစ်ထည်ကို ထပ်ထည့်ရန် အဝတ်လျှော်စက် အဖုံးကို ဖွင့်လိုက်မိချိန် ရေထဲတွင် မျောပါနေသော ပုရွတ်ဆိတ်များကို တွေ့လိုက်ရသည်။ သူ သေသေချာချာ မကြည့်မိလိုက်သဖြင့် အဝတ်လျှော် စက်ထဲတွင် သေဆုံးသွားသော ပုရွတ်ဆိတ်များဖြစ်သည်။ လွန်ခဲ့တဲ့ တစ်ပါတ်ခန့်က နောက်ဆုံး လျှော်ခဲ့ ပြီးချိန်တွင် အံကျအောင် ပြန်မပိတ်ခဲ့မိသဖြင့် ဝင်နေသော ပုရွတ်ဆိတ်များ ဖြစ်ဟန်တူသည်။ ရာသီဥတု ပူပြင်းနေသဖြင့် အေးပြီး မှောင်နေသော အဝတ်လျှော်စက်ထဲ ဝင်နေပုံရသည်။ ပုခုံးတစ်ချက်တွန့်ကာ အဖုံးကို ပြန်ပိတ်လိုက်၏။ အဝတ်လျှော်စက်သည်ကား တာဝန်ကျေစွာ လည်နေ လေပြီ။

………………………………………………………………………….။

မြစ်ကျိုးအင်း

http://www.myitkyoeinn.com

LEAVE A REPLY

Please enter your comment!
Please enter your name here