ဆိုမာလီယာ ပင်လယ် ဓားပြများ လက်မှ ရေနံတင်​ သင်္ဘောအား ရုရှား​ရေတပ်​ ကယ်တင်

alt

ရုရှား ရေတပ်မတော်သည် ဆိုမာ လီယာ ပင်လယ် ဓားပြများ လက် ကျရောက် နေသည့် ရုရှား ရေနံတင် သင်္ဘော တစင်းအား ကယ်တင် လိုက်နိုင်ကြောင်း သိရသည်။

မေလ(၆)ရက်နေ့က ရုရှား ရေတပ်မှ မရိန်း စစ်သည်များသည် အေဒင် ပင်လယ်ကွေ့ အတွင်း ထိန်းသိမ်း ခံထားရသည့် သင်္ဘောအား ဝင်ရောက် စီးနင်းကာ ပင်လယ် ဓားပြ (၁)ဦးအား သတ်ဖြတ် ပြီး ကျန်(၁၀)ဦး ကိုမူ ဖမ်းဆီး ရမိလိုက်ကြောင်း ရေတပ်က ကြေညာသည်။ မာရှယ် ရှာပိုရှနီကော့ စစ်သင်္ဘောမှ မရိန်းတပ်ဖွဲ့သည် ဓားပြများနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား ခဲ့သေးကြောင်း သိရသည်။

ယခုအခါ ရေနံတင်သင်္ဘောနှင့် သင်္ဘောသား (၂၃)ဦးလုံး ဘေးအန္တရာယ် မရှိဘဲ ပြန်လည် ထွက်ခွာလာပြီဟု ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက အတည်ပြု ပြောကြားခဲ့သည်။ မော်စကို တက္ကသိုလ်ဟု အမည် ပေးထားသည့် ရေနံတင် သင်္ဘောပေါ်မှ ဖမ်းဆီး ရမိသော ပင်လယ်ဓားပြ (၁၀)ဦးသည် တရား စွဲဆိုမှုများနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။ ဆိုမာလီ ပင်လယ် ဓားပြများသည် အရှည် (၇၅၅)ပေရှိသော ရေနံတင် သင်္ဘောကြီးအား မေလ(၅)ရက်နေ့ နံနက်ပိုင်းက ပြန်ပေး ဆွဲခဲ့ခြင်း ဖြစ်သည်။ ယင်းတွင် ရေနံတန်ချိန် ရှစ်သောင်း ခြောက်ထောင်ကျော် ပါရှိပြီး အမေရိကန် ဒေါ်လာ သန်း(၅၀) မျှထိ တန်ဖိုးရှိကြောင်း သိရှိရသည်။

ရုရှား မရိန်းတပ်ဖွဲ့သည် မော်စကို တက္ကသိုလ် သင်္ဘောကြီးအား ဝင်ရောက် စီးနင်းမှု မပြုမီ ရေတပ်မှ ရဟတ်ယာဉ် တစင်းက သင်္ဘောအား ခြေရာခံနိုင်ခဲ့သည်။ ပထမဆုံး စပစ်သည့် ပင်လယ် ဓားပြကို အသေပစ် ခဲ့ရကြောင်း မရိန်းတပ်ဖွဲ့ ခေါင်းဆောင်က ဆိုသည်။ ယင်း ရေနံတင် သင်္ဘောကို ကယ်တင်ပြီးနောက် နာဇီ ဂျာမနီတို့အား ချေမှုန်း နိုင်ခဲ့သည့် (၆၅)နှစ် ပြည့် အခမ်းအနားအား ကျင်းပရန် ဆိုမာလီတွင် ကင်းလှည့်နေသည့် ရုရှား ရေတပ်ဖွဲ့ အားလုံး အမိမြေသို့ ပြန်လာနေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here