နယူးယောက် မြို့လယ် ဗုံးခွဲရန် ကြံစည်သူ လုံခြုံရေး ပျော့ကွက် များကြောင့် လွတ်မြောက်လု နီးပါးဖြစ်ခဲ့

alt

မေလ(၂)ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက် မြို့လယ်ရှိ လူစည်ကား ရာ တိုင်းစကွဲယားတွင် ကား ဗုံးခွဲရန် ကြံစည်ခဲ့သည့် တရားခံမှာ လုံခြံုရေး ပျော့ကွက်များကြောင့် ထွက်ပြေး လွတ်မြောက် လုနီးနီး ဖြစ်သွား ခဲ့သေးကြောင်း သိရသည်။

၎င်းသည် မေလ(၃) ရက်နေ့ ညပိုင်းက နယူးယောက်ရှိ JFK​ လေဆိပ်မှ တဆင့် ဒူဘိုင်းသို့ ထွက်ပြေးရန် ပြင်ဆင်ခဲ့ရာ တားမြစ် လူစာရင်း စီစစ်မှု လျော့တိလျော့ရဲ ဆောင်ရွက် ခဲ့ခြင်းကြောင့် လေယာဉ် ပေါ်အထိ တက်ခွင့် ရနေခဲ့သည်။ အထူး ရဲတပ်ဖွဲ့ဝင်များသည် အသက် (၃၀) အရွယ် ဖေဆယ်ရှာဇက် အား လေယာဉ်ပေါ်တွင် တက်ရောက် ဖမ်းဆီးခဲ့ရခြင်း ဖြစ်သည်။ FBI​ က လုံခြံုရေး ဟာကွက်များကြောင့် ဖေဆယ်သည် လွတ်မြောက်လုနီးနီး ဖြစ်သွား ခဲ့ကြောင်း ထုတ်ဖော် ဝန်ခံခဲ့သည်။ 

Emirate လေကြောင်း အမှတ်(၂၀၂)နှင့် လိုက်ပါရန် ပြင်ဆင်ခဲ့သည့် ဖေဆယ်သည် ပါကစ္စတန်တွင် မွေးဖွားပြီး လွန်ခဲ့သော လပိုင်းကမှ အမေရိကန် နိုင်ငံသား​ အဖြစ်ခံယူ ထားခြင်း​ ဖြစ်သည်။ ၎င်းက ဒေါ်လာ​ (၁၈၀၀)​ ပေးကာ ဝယ်ယူထားသည့် Nissan Pathfinder ကားဟောင်းထဲ၌ ဖောက်ခွဲရေး ပစ္စည်းများ​ ထည့်ကာ ယူဆောင်သွားပြီး တိုင်းစကွဲယား တွင် ဗုံးထောင် ထားခဲ့ကြောင်း ဝန်ခံ​ ထွက်ဆို​ထားသည်။ FBI​ ထောက်လှမ်းရေး တပ်ဖွဲ့ကမူ ဖေဆယ်နှင့်အတူ ယခုကိစ္စတွင် ပူးပေါင်း​ ပါဝင်သူများ ရှိနေ ဦးမည်ဟု ယူဆ​ထားသည်။ ဖေဆယ်​ ထောင်ခဲ့သော ကားဗုံးမှာ မပေါက်ကွဲမီ ဗုံး ရှင်းလင်းရေး တပ်ဖွဲ့များက စနက်တံ ဖြုတ်နိုင်ခဲ့ပြီးနောက် လုံခြံုရေး ကင်မရာ မှတ်တမ်းများ​ အတိုင်း ဖေဆယ်အား လိုက်လံ​ ရှာဖွေခဲ့ခြင်း​ ဖြစ်သည်။

ယခုအခါ အစုလိုက် အပြံုလိုက် သေစေနိုင်သည့် ဖောက်ခွဲရေး ကိရိယာများကို ကိုင်တွယ်​ ခဲ့ခြင်း အတွက် တရားစွဲဆိုမှု ခံထားရသည့် ဖေဆယ်သည် အိမ်ထောင်ရှင် တဦး​ ဖြစ်ပြီး ၎င်းတွင် ကလေးနှစ်ဦးလည်း​ ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here