အင်တာတောင်း

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် (လှိုင်းဘွဲ့ )

လဆန်းဆိုသော လကုန်ပြီး နောက်ရက်များတွင် ပီဖင်းဂိုးလေး ရှိရာ အင်တာနက်သို့ ကိုရွှေမြန်မာများ ကြိတ်ကြိတ်တိုး​ လာကြသည်။ ဘုရားပွဲလာ​ ပရိတ်သတ် တို့ တိုးဝှေ့သည့်နှယ် စည်ကားလှ၏။ ပီဖင်းဂိုးလေး အလုပ် လုပ်ရာ ဆိုင်သည် မြို့သစ် ဆင်ခြေဖုန်းတွင် ဖြစ်ပြီး။ ဆိုင်ရှင် သဘောကောင်းသော ကြောင့်လား လူဆင်းရဲတွေပေါ်

စာနာကြင်နာစွာ ဆက်ဆံဖေါ်ရွေ တတ်သော ကြောင့်လား မသိ။ ဆိုင်ရှေ့ ခြံဝင်းရှေ့တွင် အုပ်စုဖွဲ့ ထိုင်စောင့်ကာ နိုင်ငံခြား တယ်လီဖုန်း ခေါ်ဖို့ စောင့်နေ တတ်ကြသည်။

 အများစုမှာ လူမွဲအခြေခံ လူတန်းစားများသာ ဖြစ်၏။ ဒီအဖြစ် အပျက်တိုင်းကို လဆန်း ရက်တိုင်းတွင် မြင်နေကျမို့ သိပ် မထူးသော်လည်း ဒီတလ လဆန်း မှာတော့ ဒီမထူးသော မြင်ကွင်းများမှ ကြေကွဲဖွယ် စိတ်ကူးလေးများကို တွေးမိလာသည်မို့ ပီဖင်းဂိုးလေး ရင်ဖွင့်မှတ်တမ်း တင်လိုက် ရပါတော့သည်။ အင်တာနက်ဆိုင်လေး ရှိရာသို့ လဆန်းတိုင်း ရောက်လာလေ့ ရှိသူများတွင် အများစုမှာ နွမ်းပါးကြသည်။ အချို့မှာ အတော့်ကို ဆင်းရဲကြသည်။ နွမ်းပါးခြင်းမှာ စားနိုင်သောက်နိုင်ယုံ အဆင့်ရှိပြီး တနေ့စာ တနေ့ မှန်နိုင်သူဟု ဆိုပြီး ဆင်းရဲလွန်းသူ ဆိုသည်မှာ တနပ်စာသာ အဆင်ပြေပြီး နောက်တနပ်စာ အတွက် မရေရာသော ပိုင်ဆိုင်မှုဟူသည် ဘာမှ မရှိရှာသော ဂုဏ်ဆိုသည်လည်း နားမလည်၊ ငွေရလျှင် ဘာမဆို လုပ်ဖို့ စိတ်ကူးကောင်း စိတ်ကူးမည်ဖြစ်သော အင်မတန် ဆင်းရဲ ချို့တဲ့လွန်းသည့် ပုံစံရှိသူများဟု ပီဖင်းဂိုးလေး ဉာဏ်မီသလောက် ပိုင်းခြားမှတ်သား ထားမိသည်။လဆန်းရက် လခ ထုတ်ပြီးကာစ ရက်တို့မှာ နိုင်ငံခြားရှိ မြန်မာ အလုပ်သမားများ ( အချို့ကတော့ ကျွန်ခံ နေရသူများဟု ပြောကြသည်) ထံကနေ ပြည်တွင်းမှာ ရှိတဲ့ သားချင်း ဆွေမျိုးများအတွက် ငွေ၊ ပိုက်ဆံ ပို့ပေးဖို့ လာရောက် တောင်းရမ်း ကြပါသည်။ နည်းအမျိုးဖြင့် တောင်းပန်ကြ ၊ ငိုပြကြ၊ ညည်းညူပြကြပြီး ပြည်ပမှ အလုပ်သမား တို့ သနားကြင်နာ ပါစေကြောင်း ပြောကြဆိုကြသည်။

တချို့ကတော့ မိသားစု ပုံမှန်သဘောဖြင့် သားတွေ သမီးတွေကို ခေါ်လာ။ အိမ်သူ ဇနီးဖြစ်သူက သူ့ခင်ပွန်းကို ဖုန်းဆက်ပြီး သားသမီး လေးတွေ အသံကို နားထောင်ခိုင်း၊ တီတီတာတာ အသံလေးတွေနဲ့ ဖခင်ဖြစ်သူ ကြည်နူးနေပြီ ဆိုတဲ့ အချိန်ကျမှ ဇနီးဖြစ်သူက ဝင်ပြီး၊ ငွေကို ကြိုးစားရှာဖို့ အကြောင်း ၊ လဆန်းတိုင်း မဖြစ်မနေ ငွေအရောက်ပို့ဖို့ ဆိုတဲ့ အကြောင်း၊ မြန်မာပြည်မှာက ဘယ်လို အနေခက် အသေခက်တယ် ဆိုတဲ့ အကြောင်း၊ ငွေရှာဖို့ မလွယ်သလောက် ငွေထွက်ဖို့ကျ ဟောကနဲ ဟောကနဲ ဆိုတဲ့ အကြောင်းတွေကို ပြောပြီး ဘယ်နေ့ အရောက် ငွေပို့ပေးပါ ဆိုတဲ့ ဓါတ်ပြားဟောင်းကြီး အသံကို အပ်ကြောင်းထပ်မျှ ကြားရတော့ တာပါပဲ။

အခု လဆန်းဟာ မြန်မာပြည်မှာ ရှိတဲ့ ကျောင်းတွေ ပြန်ဖွင့်တော့မယ့် ကာလဖြစ်သည်မို့ ပိုက်ဆံ တောင်းလာကြသူ အင်တာနက် ပရိတ်သတ် အများစုမှာ ပညာသင်စရိတ် ထောင်းလွန်းတဲ့ အကြောင်းတွေကို ပြောပြီး ခင်ပွန်းဖြစ်သူ ၊ အဖေ ဖြစ်သူ၊ အမေ ဖြစ်သူတို့ထံမှ ပိုက်ဆံတောင်းသည်။ “ ကျောင်းတွေ ဖွင့်တော့မယ် ယောင်္ကျားရဲ့။ တော့်သားနဲ့ သမီးက ပုံမှန် ကျောင်းအပ်ခတင် သောင်းဂဏန်းကျမှာ။ ခါတိုင်း သင်နေကျ အပြင် ဆရာမကလည်း အသင်အပြလေး ကောင်းလို့ ဆက်သင် ပေးရအုံးမယ်။ သူက အိမ်လည်း နီးတော့ စာကို သေချာ သင်ပေးနိုင်တယ်လေ။ ဒါပေမယ့် အခုနှစ် အတန်းတက်လာတဲ့ အတန်းပိုင် ဆရာမက သူ့ဆီ အပြင်ကျူရှင် မအပ်တဲ့ ကျောင်းသားဆို တော်တော် ရက်စက်တယ် ကြားတယ် ယောင်္ကျားရေ။ အဲတော့ သူ့ဆီလည်း ကလေးကို ကျူရှင် အပ်ရအုန်းမယ်. သူ့ကျူရှင်ကတော့ မဖြစ်မနေမို့ သဘောလောက်ပဲ သွားတက်မှာပါ ။ အဓိက က ကျူရှင် လခ ပေးနေရင် ပြီးရောပေါ့ တော်ရေ။ အဲဒီတော့ အခုလ ပိုက်ဆံ ပိုပို့နိုင်အောင်လုပ်။ နို့မို့ဆို တော့်ကလေးတွေ ကျောင်းမတက်နိုင်ပဲ ဖြစ်နေအုံးမယ် ……..အတန်းပိုင် ဆရာမ နှိပ်စက်တာ ခံနေရအုန်းမယ်။ ” အဲဒီလို အခြေအနေကို တင်ပြပြီး ပိုက်ဆံ တောင်းသူက တောင်းပါသည်။

နောက်တဦး ကျတော့” ကိုအောင်ဆန်းဦးရေ ကျူပ်တို့ သားအမိကို ဒီလ တော့ မဖြစ်မနေ ပိုက်ဆံပို့မှ ရမယ် တော်ရေ့၊ ရှင့်ဘာသာ ရှင် အဲဒီမှာ အလုပ် အဆင်ပြေတာ မပြေတာ ကျူပ်တို့ မသိဘူး။ အရင်လတွေ တုန်းက ရှင် မပြေလည်လို့ ကျူပ်ဘာသာ ရတဲ့နည်းနဲ့ ရှာစား ခဲ့လို့ ကလေးတွေ ထမင်း မငတ်တာ။ အခုလတော့ ပိုက်ဆံပို့မှကို ရမယ်။ ကလေးတွေ ကျောင်းအပ်ရတော့မယ်။ စာအုပ် စာတမ်းကြေးတွေ ကလည်း များ။ နောက်ပြီး ရှင့် သမီး အငယ်ဆုံးမ ကျောင်းအပ်ဖို့ အသက် တလ လိုနေတာကို ကျမ လိုက် ညှိနေတာ။ အိမ်နားကျောင်း က ကျောင်းအုပ်ကတော့ တလ လိုတဲ့ ကလေးဆို လေးသောင်းတဲ့ နှစ်လ လိုရင် ခြောက်သောင်း တဲ့။ ..တရပ်ကွက်ကျော် ကျောင်းက ကျောင်းအုပ် ဆရာမကြီးကတော့ စာနာလို့ အသက် တလ လို ကလေးဆို သုံးသောင်းပဲ ယူမယ်လို့ ပြောရှာပါတယ်။ ဘယ်ကျောင်း အပ်အပ် စောက်ပြားတော့ ပေးရမှာပဲ………. ဟဲ့ ပိုက်ဆံ မပေးရင် သူ အအပ် မခံတော့ ကိုယ့်ကလေး တနှစ် နောက်ကျတာ ပေါ့ သေနာရဲ့။ ဗမာပြည် ပိုက်ဆံ မပေးရင် ဘာမှ လုပ်မရဘူး။ တော့် နိုင်ငံလိုမျိုး ထင်နေသလား။ ဟွန့်……ဘာဥပဒေ ဟိုစည်းမျဉ်း၊ ဒီစည်းကမ်းတွေနဲ့ ကျဉ်းလိုက် ကျပ်လိုက်တာ လွန်ရော။ ပိုက်ဆံလေးများ ထိုးမပေးလိုက်နဲ့ ဟိုဒင်းတောင် လာယက် ပေးတော့မလား မှတ်ရတယ်။ စောက်ခွက်ကြီးကို ဖြီးလို့ ….. အဲသလို ဝန်ထမ်းတွေ ကြီးစိုးနေတဲ့ ပြည်မှာ တော့် ပိုက်ဆံ ပို့မပေး လို့ ကတော့ တော့်သားတွေ တော့်လို ပညာမတတ်၊ သူများကျွန်ပဲ ဖြစ်လာမှာပဲ။ ပို့ဖြစ်အောင်သာ ပို့ ယောင်္ကျားရယ်။ ပြည်ပ ရောက်ပြီး တယ်လီဖုန်းထဲ ကနေ ဒီအစိုးရ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောမနေနဲ့။ ပုဆိုးခြံုထဲက ရှင့် ဟိုဒင်းကို ပြ မနေနဲ့၊ အတွင်းမှာ ကျူပ်တို့ သားအမိ ထမင်းနပ်မှန် အောင်သာ ရှာကျွေး …. ကြားလား ယောင်္ကျား” အဲဒီလိုမျိုး တောင်းတဲ့သူက တောင်းပါသည်။

တချို့ ကျတော့လည်း ညီအကိုတွေ သမီး၊ ယောင်းမတွေ က ပြည်ပရောက် ညီအကိုထံကို လာဆက်ပြီး ပြည်တွင်းက သူတို့ ဘဝ ရပ်တည်မှု ခက်ခဲနေသည့် အကြောင်းတွေ ပြောပြပြီး ငွေတောင်းသည်။ “ ညီလေး…ရေ ဒီလ အကိုကြီးတို့ အိမ် ခေါင်မိုးလေး မိုးချင်လို့ပါကွာ။ လုံးကနဲ ကုန်မှာမို့ အကိုတို့ မတတ်နိုင်ဘူး ညီလေးရယ်။ ကူညီပါကွာ။ ကိုကြီးတို့လည်း နာဂစ် ခံရပြီး ကတည်းက ဖြစ်သလို နေခဲ့ရတယ်ကွာ….. သက်ကယ်လေး ကြားညှပ်လိုက် သွပ်ဟောင်းလေး အုပ်မိုးလိုက် ပလတ်စတစ်လေး နဲ့ လိုက်ကာလိုက်နဲ့ ဖြစ်သလို နေလာခဲ့ရတာ။ အခုနှစ် မိုးကလည်း ဖေါက်ပြန်မယ် ထင်တယ် ညီလေးရယ်။ ခုနွေ အတော်ပူနေပုံ ထောက်တော့ မိုးတွင်းကျ အတော်ဆော်မယ့် သဘောပဲ။ အဲဒါ အကိုကြီးတို့ မိုးလုံ လေလုံလေး အိပ်ချင်လို့ပါ ညီလေးရယ်။ ကိုကြီးတို့ကို နည်းနည်းလောက် ချေးပါလားကွာ။ ကိုကြီးတို့ အဆင်ပြေတဲ့ အချိန်ကျ ညီလေး မိန်းမ ဆီကို ပြန်ဆပ် လိုက်ပါမယ်။ ကူညီပါ ညီလေးရာ၊ အမေကလည်း မှာရှာတယ်။ သူ့သားငယ်လေးက ညီအကိုမောင်နှမတွေကို ကူညီစောင့်ရှောက်တဲ့ သူတော်ကောင်း အစစ်ပါတဲ့၊ ညီလေး ကူညီပါနော် နော် ” အဲ့လိုမျိုး ကြားတော့ ပီဖင်းဂိုးလေးတောင် အိမ်ခေါင် မလုံ့တလုံ ဖြစ်နေသော အင်တာနက် ဆိုင်လေးကို လှမ်းကြည့်မိပါသည်။

တချို့ကတော့ လဆန်းတိုင်း တောင်းနေကျ ပုံစံအတိုင်း လာတောင်းကြသည်။ …. အမေရယ် သမီး ဒီလ အိမ် ငှားစပေါ် ထပ်တင် ရတော့မယ် အမေ။ သမီးကို အမြန်ပို့ပေးပါဦး၊ အမေမှ မကူရင် သမီးတို့ နေစရာ အိမ်ဖယ်ပေး ရတော့မယ်အမေရဲ့ ……” သနားစဖွယ် ရှိုက်သံလေးတွေ ပါသေးတယ်။

သားရေ သားညီလေး အခု အဖမ်း ခံထားရတယ် သားရယ် အမေ ပြောတယ်။ သကြင်္န်တွင်းတုန်းက သားညီလေးက ခွင့်ရတယ် ဆိုပြီး ပြန်လာတယ် သားရယ်။ သကြင်္န်ပြီးသွားတော့ အမေက ပြန်လွှတ်တယ်။ သား … ခွင့်ကစိ နေလောက်ပြီ။ ပြန်တော့ လို့ ၊ အဲဒါ သား ညီလေးက ပြဿနာ မရှိပါဘူး ဆိုပြီး ပေကပ်နေတယ် သားရယ်။ အဲဒါ ငါးရက်လောက် နေတော့ သူ့တပ်က ဗိုလ်မှူးနဲ့ စစ်သားတွေ လိုက်လာပြီး ဖမ်းခေါ်သွားတယ် သားကြီးရယ် ဟီး …. အီး ….. အမေ ပြောပါတယ် တပ်ထဲကို မဝင်ပါနဲ့ ဆိုတာ သူ့သဘောနဲ့ သူဝင် သွားပြီး အခု စစ်ပြေးဖြစ်လို့ အဖမ်းခံရပြီ၊ အမေ သူ့တပ်ကို လိုက်သွားပြီး ညှိနှိုင်းကြည့်အုံးမယ် သားရဲ့ ။ လာဖမ်းတုန်းက ပါလာတဲ့ ရဲဘော် တယောက်က ပြောတော့ တပ်မှူးကို ပိုက်ဆံလေး နည်းနည်းပါးပါး လိုက်ကန်တော့ လိုက်ရင် အဒေါ့်သား ထောင် မကျနိုင်ဘူး တဲ့။ အဲဒါ အမေ့ကို ပိုက်ဆံ နှစ်သိန်းလောက် အရေးတကြီး ပို့ပေးပါလား သားကြီးရယ်။ နို့မို့ဆို သားညီလေး ထောင်ကျတော့မယ် သားရဲ့ အဟီး…. အင့် အင့် ………..”ပီဖင်းဂိုးလေးတောင် စစ်သားတွေ ဘဝကို ဘယ်လိုနားလည် ကိုယ်ချင်းစာပေးရင် ကောင်းမလဲလို့ စိတ်မကောင်း ဖြစ်မိပါသေးတယ်။

ဒီတယောက် ကျတော့ တမျိုး။“ အဖေကြီး တော့်သား လုပ်ပုံကျုပ် စိတ်သိပ်တိုတယ်။ ကျုပ်တို့မှ မကူလည်း တော့်သား ထောင်ကျမှာ။ ဘာရယ်တော် အရွယ်လေးမှ မရောက်တရောက် အတော် ချိုထ တယ်။ ဖအေတူပဲ နေမှာပေါ့။ သောင်းကို သောင်းကျန်းလွန်းတယ်။ သကြင်္န်ပျော်တယ် ပျော်တယ်နဲ့ အခုကြည့် တော့်သားက အသက်မှ ၁၈ ။ မူးကြောင် မူးကြောင်နဲ့ ဘယ်မဏ္ဍပ်က ကလက်တက်တက် မိန်းမကိုခေါ်ချ လာတယ် မသိဘူးတော်ရေ။ ရှင့်သား ခိုးပြေးလာတယ် ဆိုတဲ့ ဟာမလေးက ၁၅ နှစ်တောင် မပြည့်သေးဘူး။ ကျုပ်တို့ အခု ပြဿနာ တက်နေပြီ။ ကလေးမ ဘက်က တိုင်မယ်၊ တောမယ်နဲ့ ခြိမ်းခြောက်နေတယ်။ ကြည့်ရတာ ငွေညှစ်ချင်တဲ့ ပုံပဲ။ ကလေးမ လေးက အသက်သာ ၁၅ လောက်ရှိတာ။ လင်က ဘယ်နှယောက် ရပြီး ပလဲ မသိဘူး။ ဒီလိုပုံမျိုး ငွေညှစ်နေတဲ့ ပုံပါပဲ အဖေကြီးရယ်။ ကျုပ်တော့ စိတ်သိပ်ညစ်တာပဲ ဒီကလေးတွေ လုပ်ပုံနဲ့ အဲဒါ သေနာ ရဲစခန်းကို ဖို့ဘို့။ မသထာရေစာ စားနေကျ ရ.ယ.က တွေ မြိုဘို့ ဆို့ဘို့ ပေးရအုန်းမယ်။ ပိုက်ဆံ ပိုပို့ပါ အဖေကြီး။ စိတ်ညစ်မနေနဲ့ အဖေတူသား ချိုထောင်တွေ ။ မျိုးရိုးကို လိုက်တယ် တကယ်ပဲ။

သို့ဂလိုလည်း တောင်းပါသည်။ ……….သမီးရေ အလုပ် အဆင်ပြေလား သမီး။ အလုပ်ကြိုးစားပါ သမီးရယ်။ အော် အမှု ကိစ္စလား။ စိတ်မပူပါနဲ့ ကလေးရယ်။ သမီး အကို ဘက်က မမှားဘူး သမီးရဲ့ …စည်ပင် ဌာနက သူတို့ အပြစ်ရှာချင်သလို ရှာ ဖမ်းချင်သလို ဖမ်းတာပါ။ နောက်ဆုံး သမီး အကို နောက် ဆိုက်ကား တစီး ထပ်ပြီး ရှာယုံပဲပေါ့။ ဆိုက်ကားလေး နယ်ကျော် နင်းမိတာနဲ့ ဆိုက်ကား သိမ်းမယ် ဒါဏ်ရိုက်မယ်နဲ့ ပိုက်ဆံတော့ ကုန်သွားတာပေါ့ ဆိုက်ကား အုံနာကလည်း ပြန်သိမ်း သွားပြီ။ အမေတို့ ဝဋ် ရှိသရွေ့တော့ ခံရမှာပေါ့။ ဟမ် …ဘယ်သူ့ကို မေးတာလဲ အိမ်ဘေးနားက အဲဒီ အသုပ်သည်မ လား။ ပြောမနေပါနဲ့တော့ သမီးရယ်။ မသူတော်တွေ ခေတ်ကောင်းတဲ့ အချိန်ဆိုတော့ အရင်ကသာ ခေါက်ဆွဲသုပ် အထမ်းနဲ့ လှည်းရောင်းခဲ့တဲ့ လမ်းဘေး ဈေးသည်မ။ အခုတော့ ကြံ့ဖွံ့ စည်းရုံးရေးမှူးဆိုလား ဖြစ်နေပြီ သမီးရဲ့။ သူ့အိမ်တဲစုတ်လေးက အခု တိုက်ကြီးဖြစ်သွားပြီး သမီးရဲ့။ သူ့ဝင်ငွေနဲ့ ဆောက်တာ ဘယ်ဟုတ်မလဲ သမီးရယ်။ မြို့တော်ဝန် ဆိုလား ဘာလား မသိတဲ့ ကြံ့ဖွံ့ အကောင်ကြီးကြီး တကောင်က ဆောက်ပေးတာတဲ့ နှစ်ထပ်တိုက်ကြီး ဖြစ်သွားပြီး။ အဲဒီကောင်မ က မာနတွေ ကြီးလိုက်တာ …အေ။ မာန ကြီးချင်လည်း ကြီးချင်စရာပဲပေါ့။ တယ်လီဖုန်းတွေ ငါးသိန်းတန် ဖုန်းတွေ ချပေးပြီးဆိုလည်း သူပဲ ဦးဆုံးရတယ်။ ဖုန်းလိုချင်တဲ့သူက သူ့ကို ဖါးရပြီ။ ဥပဒေ နဲ့ ပါတ်သက်ပြီး အဖမ်းအဆီး ခံရတယ် ဆိုလည်း သူ့သွားပြော အဆင်ပြေတယ် သက်သာတယ်။ ဒီတော့ သူ မာနတံခွန် ထူပြီပေါ့ ….အေရယ်။ အမေတို့ တလမ်းလုံး ကတော့ သူ့မိသားစုဆို အော်ကြော့လန်ပဲ။ အခုလည်း အဲဒီကောင်မက ကြိမ်းဝါးနေသေးတယ်။ ကြံ့ဖွံ့ပါတီ အာဏာရတော့မှာတဲ့။ ပါတီထောင် လိုက်ပြီတဲ့။ အဲဒါ သူနဲ့ ပြဿနာဖြစ်နေတဲ့ ကုလား ဘာဘူတော့ ပြောင်းပြေးဖို့ ပြင်နေလေရဲ့။ သူ အာဏာရလာရင် ဘယ်သူ့ကိုတော့ ပြင်ညာပေးမယ် ဘယ်သူ့ကိုတော့ စောင့်ရှောက်မယ်ဆိုပြီး အသုပ်သည်မက စည်းရုံး ခြိမ်းခြောက်ရေးတွေ လုပ်နေပြီသမီးရေ။ ဘယ်သူတွေ ဘာလုပ်လုပ် ဘယ်မင်းပဲ အုပ်ချုပ် အုပ်ချုပ် အမေတို့ကတော့ ကိုယ့်ထမင်း ကိုယ်ရှာစားမှ ရမယ်ကွယ်။ ဥပဒေ ဆိုတာ ဖရိုဖရဲနဲ့ အမေတို့ တိုင်းပြည်တော့ လာမယ့် လေးငါး ဆယ်နှစ် အတွင်း ငြိမ်းချမ်းအုံးမယ် တော့ မထင်ဘူး။ အိမ်ဘေးနားက အသုပ်သည်လို ပညာမတတ် ။ အာဏာပြတတ်တာ တခုပဲ သိတဲ့ လူမျိုးတွေ အာဏာ ရလာအုံးမယ် ဆိုတော့ အမေတို့ ကျောကော့ပြီး ခံနေရအုံးမှာပဲ။ လောလော ဆယ် သမီးရေ သမီး အဖေ ဆေးရုံတက်တုန်းက အမေ ပေါင်ထားလိုက်ရတဲ့ နားကပ်လေး ပြန်ရွေး ချင်တယ်ကွယ် ။ သမီး ကူညီပါအုံး ..”..အဲဒီလိုလေး ကြားရပြန်တော့ အမေတခု သမီးတခုသာ ဖြစ်တဲ့ သူတို့ သားအမိအပြင် အမေ တယောက်နဲ့ တပြည်လုံး ထောင်ကျ ဖြစ်နေတဲ့ မြန်မာပြည် လူထု အကြောင်းပါ ဆက်စပ် စိတ်မကောင်း ဖြစ်မိ နေသေးတယ်……..။

တချိူ့ကတော့ သကြင်္န်တွင်း ဗုံးပေါက်တဲ့ အကြောင်းတွေ ဘယ်မဏ္ဍပ်မှာ သူရှိနေတုန်း ဗုံးက ဘယ်လိုပေါက်တာ ဆိုတဲ့ အကြောင်း၊ သူလည်း အသက်လုပြီး ဘယ်လို ပြေးခဲ့ရတယ် ဆိုတဲ့ အကြောင်း၊ လူတွေရှုပ်ထွေး ဆူညံပွက်နေတဲ့ လူတွေကြားထဲ ဂျိမ်းစ်ဘွန်း ကားမောင်း သလို မောင်းထွက်လာတဲ့ သူနာပြုကား ရဲကားတွေ တက်ကြိတ်သွားတာ မခံရအောင် ဘယ်လိုရှောင်ပြေးထွက်ခဲ့ရတယ် ဆိုတဲ့ အကြောင်းတွေ၊ နောက်ပြီး သူ့ရပ်ကွက်ထဲက ဘယ်သူ့ သားကတော့ ဗုံးစမှန် ဒါဏ်ရာရခဲ့ပေမယ့် ဆေးရုံကြီးကို မသွားပဲ အိမ်မှာ ကြိတ်ကု ခဲ့တဲ့ အကြောင်း။ ဘာလို့ ဆေးရုံကို မသွားသလဲဆိုတော့ ပိုက်ဆံ မတတ်နိုင်တာရယ်။ ဆေးရုံဆိုတာ လူထုကို နှိပ်စက် ငွေညှစ်တဲ့ နေရာပဲ လို့ ပြင်းပြင်းထန်ထန် ယုံကြည်တဲ့ သူတို့ မိဘတွေက ဆေးရုံကို မပို့ပဲ ကြိတ်ပြီး ဆေးကုနေတဲ့ အကြောင်း ။ ဆယ်ရက်လောက် အကြာမှာတော့ ဒါဏ်ရာနေရာက ပုပ်လာပြီး အပြင်းဖျား ဆုံးသွားတယ် ဆိုတဲ့ အကြောင်း၊ ဗုံးကြောင့် သေဆုံးသူ ဆယ်ဂဏန်း မက ရှိတယ် ဆိုတဲ့ အကြောင်း သူတို့ ရပ်ကွက်ထဲတယ် ဘယ်နှစ်ယောက် ဗုံးထိ လာပြီး အခုဆို သေသွားတာ ဘယ်နှစ်ယောက်တောင် ရှိနေပြီ ဆိုတဲ့အကြောင်း ဘယ်သူတွေ ဗုံးခွဲသလဲလို့ ထင်မြင်တဲ့ အကြောင်းတွေ ပြောရင်း သူလည်း လောလောဆယ် ပိုက်ဆံလိုနေလို့ ပိုက်ဆံ ပို့ပေးပါဦးဆိုတဲ့ အကြောင်း ပြောရှာပါတော့တယ်။ အင်း …. သူလည်းပဲ တောင်းတာပါပဲ။ တောင်း…….တောင်း ……..တောင်း နေကြရသော မြန်မာပြည်သားများ ဘဝ ဆိုးဝါးလှချည်လား။

ဒါကြောင့် ပီဖင်းဂိုးလေး ကျနော်က နာမည်ပေး ကင်ပွန်းတပ် တခု လုပ်လိုက်ချင်တော့တယ်။ ကမ္ဘာမှာ ဆက်သွယ်ရေး အရ အသုံးအဝင်ဆုံး နည်းပညာရှာမှီး သူများအတွက် အသုံးအဝင်ဆုံး အင်တာနက်ဆိုတဲ့ ကွန်ယက်ကြီးဟာ ကျုပ်တို့ မြန်မာပြည်ထဲလဲ ရောက်ရော ဟိုပိတ် သည်ဆို့တွေကြောင့် နည်းပညာလည်း မရှာနိုင်၊ လွတ်လပ်တဲ့ သတင်းစီးဆင်းမှုလည်း ခွင့်မပြုတဲ့ နိုင်ငံထဲမှာ နက်နဲတဲ့ သဘောနဲ့ အင်တာ မနက် နိုင်တော့ဘဲ ……..ပြည်တွင်းက စစ်ကျွန် မြန်မာ တိုင်းရင်းသား တွေက ပြည်ပက သားချင်း နိုင်ငံခြားကျွန် ရွှေမြန်မာတွေ ဆီကနေ လှမ်းပြီး ပိုက်ဆံတောင်းဖို့တခုသာ အသုံးဝင်တော့လို့ အဲဒီ အင်တာနက် ဆိုတာကို အင်တာ တောင်း လို့ပြောင်း ခေါ်ကြရတော့မယ် ထင်ပါရဲ့ ….။

ရိုးဖြောင့်စွာဖြင့်

ပီဖင်းဂိုး (မြို့သစ်)

 

LEAVE A REPLY

Please enter your comment!
Please enter your name here