မြန်မာ့ အင်တာနက်ကို အင်ထရာနက် သို့​ ပြောင်းလဲ​တော့မည်

alt

မြန်မာ ပြည်တွင်းမှ လက်ရှိ သုံးစွဲနေသည့် အင်တာနက် ကွန်ယက် များအား နိုင်ငံတကာရှိ အင်တာနက် ကွန်ယက် များနှင့် ချိတ်ဆက်ခြင်း မရှိဘဲ သီးခြား ရပ်တည်မည့် အင်ထရာနက် စံနစ်ကို မကြာမီ လပိုင်း (ဇွန်၊ ဇူလိုင်လ) များ အတွင်း စတင်​မိတ်​ဆက်​ တော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ အင်ထရာနက်စနစ်အား မြန်မာနိုင်ငံ၏ ပထမဆုံး နည်းပညာမြို့တော်ဖြစ်သော ရတနာပုံ ဆိုက်ဘာစီးတီးမှ လုံးဝ​ ထိန်းချုပ်သွားမည်ဖြစ်သည်။ ထိုအစီအစဉ်ကို ၂၀၀၈ ခုနှစ်မှ စတင်၍ အကောင်အထည်ဖေါ်ခဲ့ကာ ၂၀၀၉ နှစ်အကုန်တွင် မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံတကာ အင်တာနက် ဆက်ကြောင်းများအား စတင်ရွှေ့ပြောင်း ချိတ်ဆက်နိုင်ခဲ့ပြီး လက်ရှိ သုံးစွဲနေသည့် အင်တာနက်​ ဆက်ကြောင်းကြီး များအား ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရတနာပုံ ဆိုင်ဘာတက်ခ် သို့ပြောင်းလဲ ချိတ်ဆက်ခဲ့သည်။

ထိုအချိန်က အင်တာနက်လိုင်းများ ပြတ်တောက်မှုများကို

ရတနာပုံ တယ်လီပို့မှ ဝန်ဆောင်မှု ပေးလျှက်ရှိသော အင်တာနက် ဝန်ဆောင်မှုများမှာ ၁.၂.၂၀၁၀ နေ့ နံနက်ပိုင်း မှစ၍ Backbone Device အချို့ ချို့ယွင်းမှုကြောင့် ဆက်သွယ်မှု ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး

ဟု ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိခဲ့သည်။

နောက်ပိုင်းတွင် ရတနာပုံ တယ်လီပို့ ကုမ္မဏီ လီမိတက်မှ အင်တာနက် ဝန်ဆောင်မှု များအား ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာ စံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် DDoS (Distributed Denial-of-Service) စံနစ်ဖြင့် ပြည်ပမှ Cyber Attack ပြုလုပ်မှုများကြောင့် အင်တာနက် လိုင်းများ နှေးကွေးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါတွင် အဆိုပါ တိုက်ခိုက်မှု များမှ ကာကွယ်ရန် အတွက် စက်ပစ္စည်း အသစ်များနှင့် Solution များကို တပ်ဆင် အသုံးပြုပြီး ဖြစ်ရာ အင်တာနက် ဝန်ဆောင်မှုများအား ပုံမှန်အတိုင်း ပြန်လည် ဝန်ဆောင်မှု ပေးလာနိုင်ပြီ ဖြစ်သည်ဟု သိရသည်။ နောက်ပိုင်း ကာလများတွင်လည်း DDoS စံနစ်ဖြင့် Cyber Attack ပြုလုပ်မှုကို ကာကွယ်နိုင်ပြီ ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့ ကုမ္မဏီ လီမိတက်မှ တာဝန်ရှိသူ တဦးက ထုတ်ဖော်​ ပြောကြားခဲ့သည်။​ ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ရတနာပုံ တယ်လီပို့က ဝန်ဆောင်မှု ပေးနေတဲ့ အင်တာနက် ဆားဗစ်တွေကို DDoS စံနစ်နဲ့ အဆက်မပြတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီစံနစ်ဟာ IP အတုအယောင်တွေနဲ့ အခြားသူတွေ ဝင်မရအောင် လုပ်တာ ဖြစ်တဲ့အတွက် ပြည်တွင်းက သုံးတဲ့သူတွေ သုံးမရတဲ့ အထိ Server တွေ Down ကုန်ပါတယ်။ ဒီကိစ္စတွေကို ဖြေရှင်းဖို့အတွက် ပြည်တွင်း အိုင်တီ ကုမ္ပဏီတွေ၊ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ကာကွယ်ဖို့ နည်းလမ်းတွေကို စဉ်းစား ရှာဖွေခဲ့ပါတယ်။ စဉ်းစား ရှာဖွေပြီးတဲ့ အခါမှာ လိုအပ်တဲ့ စက်ပစ္စည်းတွေကို မှာယူခဲ့ပြီး ယခုလို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်

ဟု ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူ တဦးက အင်တာနက်​ ဂျာနယ်သို့​ ပြောကြားခဲ့သည်။

ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်မှ အင်တာနက် ဝန်ဆောင်မှုများအား Cyber Attack ပြုလုပ်ခံရခြင်းမှာ ပထမ​ အကြိမ်ဖြစ်ကြောင်း​ ​သ​တင်း​ထုတ်​ပြန်​ ခိုင်း​ခဲ့​ပြီး ယခုကဲ့သို့ Cyber Attack ကိုကာကွယ်ရန် ရတနာပုံ တယ်လီပို့အနေဖြင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်တွင်းအိုင်တီ ကုမ္ပဏီများနှင့် ပြည်ပမှ ပညာရှင်များမှ ပူးပေါင်း၍ ဖြေရှင်း ဆောင်ရွက်ခဲ့သည် ဟုလည်း ပြည်တွင်း မီဒီယာများတွင် ပြောင်းလဲ​ ရေးသားစေခဲ့သည်။

ယခုအခါ ရန်ကုန်မြို့မှ​ တဆင့် အဓိကမြို့ကြီးများ ဖြစ်သော မန္တလေး နှင့် နေပြည်တော်တို့ကို ဖိုင်ဘာ​ ဆက်ကြောင်းများ တပ်ဆင်မှု ပြီးစီးသွားပြီ ဖြစ်သဖြင့် ထိုမြို့ကြီးများတွင် မြန်နှုန်းမြင့် အင်တာနက် လိုင်းများ သုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြီးခဲ့သည့် ဧပြီ​ လဆန်းပိုင်းက တရားဝင် ကြေညာခဲ့သေးသည်။

အင်တာနက် အမြန်နှုန်းကို ၁ ဂစ်ဂါဘိုက်မှ ၁၀ ဂစ်ဂါဘိုက် အထိ အမြန်နှုန်းများ မြင့်တက်လာမည် ဖြစ်ကြောင်း ထိုဖိုင်ဘာ ဆက်ကြောင်းမှာ ပြင်ဦးလွင်ရှိ ရတနာပုံ ဆိုက်ဘာစီးတီးမှ တိုက်ရိုက်​ ဆက်သွယ်ထားခြင်းဖြစ်ကာ ထိုမှတဆင့် တနိုင်ငံလုံး ကျယ်ပြန့်စွာ ဖြန့်ကျက် ဆက်သွယ်ဦးမည်ဟု ထိုအချိန်က ထည့်သွင်း ပြောဆို​ ခဲ့သည်။ ယခုအခါ အဆိုပါ ပြောင်းရွှေ့သည့် လုပ်ငန်းစဉ်များ​ ပြီးဆုံးခဲ့ပြီဖြစ်၍ စမ်းသပ်သည့် အဆင့်သို့​ ရောက်ရှိနေပြီ​ ဖြစ်ကြောင်းလည်း ထပ်ဆင့် သိရှိရသည်။

အင်ထရာနက်စနစ်သည် ချိတ်ဆက်ထားသော network အတွင်း၌သာ အသုံးပြုနိုင်ပြီး ပုဂ္ဂလိက​ လုပ်ငန်းများတွင်သာ အသုံးပြုသော စံနစ်မျိုး​ ဖြစ်သည်။ အင်တာနက်ကဲ့သို့ ကမ္ဘာတလွှား ချိတ်ဆက်နိုင်မည်​ မဟုတ်ဘဲ အ​ဆို​ပါ စံနစ် ချိတ်ဆက်ထားသည့် ကွန်​ယက် အတွင်းတွင်သာ အသုံးပြု နိုင်သည့် စံနစ်ဖြစ်သည်။ အင်ထရာနက် စံနစ်ကို ယခင်က​ ပုဂံ ဆိုက်ဘာတက်ခ်​ စတင်ခဲ့ကာ Mail4u အဖြစ် အသုံးပြုခဲ့ဖူးပြီး ဝင်လာသည့်စာများကို စစ်ဆေး​ ကြပ်မတ်​ ခဲ့ဘူးသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုနိုင်သည့် စံနစ် (၄)မျိုး ရှိပြီး မြန်မာ့ ဆက်သွယ်ရေး MPT ၏ Satellite Terminal စနစ်၊ ဒီဂျစ်တယ် တယ်လီဖုန်း လိုင်းကြိုး​ ရှိပါက အသုံးပြု၍ ရနိုင်သည့် ADSL စံနစ်နှင့် ဘရော့ဘင်း broadband စံနစ်၊ မြန်မာ​ တယ်လီပို့၏ ADSL စံနစ်နှင့် ဘရော့ဘင်း broadband စံနစ် အပြင် ဗိုလ်ချုပ်ကြီး ရွှေမန်း၏သား ဦးတိုးနိုင်မန်းနှင့် ၎င်း၏ ဇနီး ဇေဇင်လတ် (ဇေကမ္ဘာ ဦးခင်ရွှေ၏ သမီး) တို့ပိုင်ဆိုင်သည့် Red Link Communications Ltd ကုမ္ပဏီပိုင် Broadband Wi Max ဝိုင်ဖိုင် စံနစ်မှာ နောက်ဆုံး အသုံးပြုခွင့် ပေးခဲ့သည့် စံနစ်များ ဖြစ်သည်။

အများပြည်သူ အသုံးပြုနိုင်သော အင်တာနက်ဆိုင်များ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ကစ၍ မြန်မာနိုင်ငံတွင် အသုံးပြုခွင့် လိုင်စင်ချပေးခဲ့ရာ ယခင်နှစ် ဒီဇင်ဘာလထိ တစ်နိုင်ငံလုံး ဆိုင်ပေါင်း ၆၇၂ ဆိုင် မှတ်ပုံတင်ထားပြီး ယခုအခါ ရန်ကုန်မြို့တွင် အင်တာနက်ဆိုင်ပေါင်း ၅၀၀ ခန့် ရှိနေပြီဟု သိရှိရသည်။ ထိုအင်တာနက်ဆိုင်များအား မြန်မာ အင်ဖို တက်ခ် မှ နှစ်စဉ် ကြေး၊ လစဉ်ကြေးများ ကောက်ခံနေရာ ယခင်က နှစ်စဉ်ကြေး မြန်မာငွေ ၅သိန်း ( US $ 500 )၊ လစဉ်ကြေး ၅သောင်း ( US $ 50 ) ကောက်ခံနေရာမှ ယခင် နှစ် နိုဝင်ဘာလမှစ၍ အင်တာနက်ကြေး လျှော့ချခဲ့ရာ နှစ်စဉ်ကြေး၂သိန်း ( US $ 200 ) နှင့် လစဉ်ကြေး ၃သောင်း( US $ 30 )ခန့် ကောက်ခံနေသည်ဟု သိရှိရသည်။

စစ်အစိုးရက ယခုလက်ရှိ အင်တာနက် စာပို့စနစ် (အီးမေးလ်)ကို တရားဝင် ခွင့်ပြုထားခြင်း မရှိသေးသောကြောင့် အသုံးပြုသူများမှာ အီလက်ထရောနစ် အက်ဥပဒေနှင့် ငြိစွန်းလျှက်​ ရှိနေသည်။ မြန်မာ စစ်အစိုးရ၏ အီလက်ထရောနစ် ဥပဒေအရ ထောင်ဒဏ် ၁၅ နှစ်နှင့် ငွေဒဏ်ပါ ချမှတ်နိုင်သည်။ ယခုအခါ အီလက်ထရောနစ် ဥပဒေအရ ထောင်ဒဏ် ကျခံနေရသူများလည်း ရှိသည်။

ယ​ခု​​ကဲ့​သို့ အင်ထရာနက်​ စနစ်အား​​ ပြောင်း​လဲ​ရန်​ ​စ​နစ်​တ​ကျ​ ​စီ​မံ​​လာ​ခြင်း​သည်​ ​ပြည်​ပ​သို့​ ​သ​တင်း​​ အ​ချက်​အ​လက်​များ​ ​စီး​ဆင်​းမှု​ကို​​ ပိတ်​ပင်​ ထိန်း​ချုပ်​နိုင်ရန်​ ​အ​တွက်​ ​စီ​မံ​ခြင်း​ ​ဖြစ်​ကာ​ ​မ​ကြာ​မီ​ ​ကျင်းပ​မည့်​ ​၂၀၁၀​ ​ရွေး​ကောက်​ပွဲ​ ​မ​တိုင်​ခင်​၊​ ​ကျင်း​ပ​သည့်​ ကာ​လ​ နှင့်​ ​ကျင်း​ပအ​ပြီး​ ​အ​ခြေ​အ​နေ​များ​အား​ ​ပြည်​ပ​သို့​ ​မ​ရောက်​ရှိ​စေန်​ ​ကြို​တင်​၍​​ ​လက်​​​ဦး​မှု​​ ရ​ရှိ​ရန်​ ​ဆောင်​ရွက်သည့်​ ​လုပ်​ရပ်လည်း​ ​ဖြစ်​သည်​။​

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူ ၂ သိန်းခွဲခန့်ရှိကာ​ နည်းပညာ ထိန်းချုပ်မှုနှင့် အသုံးပြုမှု စရိတ် ကြီးမြင့် ခြင်းကြောင့် အင်တာနက်ကို နိုင်ငံသားများ အလွယ်တကူ သုံးစွဲ​နိုင်ခွင့် မရစေရန် ကန့်သတ်ထား​ရှိ​ခြင်း၊ အင်တာ နက်သုံးစွဲသူ (Netizen) များကို စစ်အစိုးရက ရန်သူဟု သတ်မှတ်ထားကြောင်း ပြင်သစ် အခြေစိုက် RSF က ပြီးခဲ့သည့် မတ်​လ​ ​၁၂​​ရက်​ သောကြာ နေ့တွင် ထုတ်ပြန်သော “အင်တာနက်၏ ရန်သူများ ၂၀၁၀ အစီရင်ခံစာ” ၌ ဖော်ပြထားပြီး အင်တာနက်မှ တဆင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အဆိုးဝါးဆုံး ချိုးဖောက်သော နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) ၏ အစီရင်ခံစာတွင် ဖော်ပြထားခဲ့​သည်​။

ယခုအစီရင်ခံစာတွင် မြန်မာနိုင်ငံ​ အပါအဝင် အင်တာနက်၏ ရန်သူ နိုင်ငံများမှာ ဆော်ဒီအာရေးဗီးယား၊ တရုတ်၊ မြောက်ကိုရီးယား၊ ကျူးဘား၊ အီဂျစ်၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ ဆီးရီးယား၊ တူနီးရှား၊ တာခမန်နစ္စတန်နှင့် ဗီယက်နမ် တို့ဖြစ်သည်။​

LEAVE A REPLY

Please enter your comment!
Please enter your name here