ဆန္ဒပြသူ များကြောင့် ဘန်ကောက် မြို့တော်ရှိ ဆေးရုံမှ လူနာများအား အရေးပေါ် ပြောင်းရွှေ့ရ

alt

ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တော်ရှိ အဓိက ဆေးရုံကြီး တခုမှ လူနာ​ များအား ဆန္ဒပြသူ များကြောင့် အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရ ကြောင်း သိရှိရသည်။

ဧပြီလ (၂၉)ရက် နေ့က ချူလာ လောင်ကွန်း (Chulalongkorn) ဆေးရုံ အတွင်းသို့ အစိုးရ ဆန့်ကျင်ရေး ရှပ်နီဝတ် ဆန္ဒပြသူများ အတင်း ဝင်ရောက် လာခဲ့သလို နောက်တနေ့ နံနက်တွင်လည်း ဆေးရုံအနီး စုရုံးမှုများ ပြုလုပ်နေပြီးနောက် ဆေးရုံမှ လူနာများအား ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြသူများအား လုံခြံုရေး တပ်ဖွဲ့များက အင်အားသုံး နှိမ်နင်းမှုများ စတင် ပြုလုပ်နေသည့် အချိန်တွင် ရဲနှင့်စစ်သားများ ဝင်ရောက် စီးနင်းရန် ခက်ခဲသည့် ဆေးရုံကို ဆန္ဒပြသူများက အသုံး ချခဲ့ခြင်းဟု ဆေးရုံမှ တာဝန်ခံများက စွပ်စွဲ ပြောကြားခဲ့သည်။ ဆန္ဒပြသူများက ရာထူးမှ နှုတ်ထွက် ပေးရန် တောင်းဆိုခြင်း ခံထားရသည့် ဝန်ကြီးချုပ် အဘီဆစ် ဝိချာချီဝ က ဆန့်ကျင်ရေး အင်အား စုများ၏ လုပ်ရပ်သည် ထိုင်းပြည်သူများ၏ လုံခြံုရေးကို ထိပါး ခြိမ်းခြောက်နေပြီး အကြမ်းဖက်မှု ဖြစ်လာပြီဟု ဝေဖန်ပြစ်တင် လိုက်သည်။

အစိုးရကို ဆန့်ကျင်ခြင်းကို အပြစ် မတင်လိုကြောင်း၊ သို့သော်လည်း မကျန်းမာသူ များအား ပြုစု စောင့်ရှောက်နေသည့် နေရာများတွင် အရှုပ်အထွေးများ ဖြစ်စေခြင်းသည် အလွန် ရုပ်ပျက်ကြောင်း အဘီဆစ်က ဆိုသည်။ မတ်လလယ်မှ စတင်ခဲ့သော ထိုင်းနိုင်ငံရေး အရှုပ်အထွေး များသည် ယခုအချိန်ထိ တင်းမာမှုများ ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပြီး လူပေါင်း (၂၇)ဦးထက် မနည်း ပဋိပက္ခများ အတွင်း သေကြေခဲ့ပြီး ဖြစ်သည်။

ရှပ်နီအင်အားစု ခေါင်းဆောင် တဦးဖြစ်သည့် ဝမ်တို ဂျရာကန် က ဆေးရုံအတွင်း ဆန္ဒပြသူများ ကျူးကျော် ဝင်ရောက်ခဲ့မှုအား ဝန်ခံခဲ့ပြီး ထို့အတွက်လည်း အနူးအညွတ် တောင်းပန်ပါကြောင်း ပြောကြားခဲ့သည်။ ဆေးရုံမှ ဝန်ထမ်းများ၏ အဆိုအရ ဆန္ဒပြသူ (၁၀၀)မျှသည် ဆေးရုံ အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here