တောင်ကိုရီးယား စစ်သင်္ဘောမှ ကျဆုံး စစ်သည်များ အတွက် နိုင်ငံတော်အဆင့် ဈာပနပြုလုပ်

alt

ပေါက်ကွဲ နစ်မြုပ်သွားသည့် တောင် ကိုရီးယား စစ် သင်္ဘောမှ ကျဆုံးစစ်သည် (၄၆)ဦး အတွက် ၀မ်းနည်း ကြေကွဲမှု နိုင်ငံတော်အဆင့် ဈာပန အခမ်းအနားကို (၅)ရက်ကြာ ပြုလုပ်သွားမည် ဖြစ်သည်။

ဧပြီလ (၂၉) ရက်နေ့မှ စတင်ကာ ဆိုး မြို့တော် တောင်ပိုင်း ပီအုန်တိ ရေတပ်စခန်း ဌာနချုပ်တွင် စတင် ကျင်းပသော ဈာပန အခမ်းအနားသို့ မတ်လ(၂၆)ရက်နေ့က နှစ်ပိုင်းကျိုးကာ နစ်မြုပ် သွားသည့် တန်ချိန် (၁၂၀၀) ရှိ Cheonan စစ်သင်္ဘောမှ ကျဆုံး စစ်သည်များ၏ မိသားစုများနှင့် စစ်ဖက် အရာရှိများ တက်ရောက် ခဲ့ကြသည်။

တိုင်တွင် တစ်ဝက်သာ လွှင့်ထူထားသည့် အလံများရှေ့တွင် ရေတပ်အကြီးအကဲ ကင်ဆန်ချန်းက သင်္ဘော နစ်မြုပ်ရခြင်း အတွက် အဓိက တာဝန်ရှိသူကို ဖော်ထုတ် လာနိုင်ပါက လုံးဝ ခွင့်လွှတ်မည် မဟုတ်ကြောင်း မိန့်ခွန်း ပြောကြား ခဲ့သည်။ ယင်း သင်္ဘောသည် စုံစမ်း စစ်ဆေးမှု များအရ သင်္ဘော ၀မ်းဗိုက်အနီး ပြင်းထန်သော ပြင်ပပေါက်ကွဲမှု တခုဒဏ်ကြောင့် နှစ်ပိုင်းပြတ်ကာ ရေအောက်သို့ နစ်သွားခြင်းဟု သိရသည်။

ပြီးခဲ့သည့် သီတင်းပါတ်အတွင်းက တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက တော်ပီဒိုတစင်း ထိမှန်သည်ဆိုသော အချက်မှာ အလွန်ဖြစ်နိုင်သည့် ကိစ္စတခု ဖြစ်ကြောင်း ပြောကြားခဲ့ရာ ယင်းကိစ္စတွင် ပတ်သက်မှုရှိကြောင်း စွပ်စွဲမှုများကို ငြင်းဆိုနေသည့် မြောက်ကိုရီးယား၏ လက်ချက် ဖြစ်နိုင်ကြောင်း ယူဆမှုများ ပိုမို ကျယ်ပြန့်လာခဲ့သည်။ Cheonan ကိစ္စမှာ ခေတ်သစ်ကိုရီးယား ရေတပ်မတော် သမိုင်းတွင် အကြီးမားဆုံး ဆုံးရှုံးမှု တခုလည်း ဖြစ်လာသည်။

သင်္ဘောမှ ရေတပ်သား (၅၈)ဦးကိုမူ အချိန်မီ ကယ်တင်နိုင်ခဲ့သော်လည်း ကျန်(၄၆)ဦးအနက် (၄၀)၏ အလောင်းများကိုသာ ပြန်လည် ရရှိခဲ့သည်။ ယခု ဈာပန အခမ်းအနားမှာမူ ပျောက်ဆုံးနေသူ များကိုပါ သေဆုံးပြီဟု အတည်ပြုကာ ရေတပ်သား (၄၆)ဦးလုံး အတွက် ရည်စူး ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here