အမြင့်ပျံ တေးသီငှက်၏ ခြေရာ များစွာ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ခေတ်ကြီးကိုက ပြိုင်ဆိုင်မှုတွေ များတယ်၊ တိုးတက်မှုတွေ အရှိန်အဟုန် ပြင်းပြင်း ရိုက်ခတ်နေတဲ့ ဒီနေ့ကာလမှာ သက်ရှိသက်မဲ့တို့ စိတ်ဖိစီးမှု အာရုံတွေကို တစိတ် တဒေသ ဖြေလျော့ စေနိုင်တာ ဂီတလို့ဆိုယင် မှားနိုင်မယ် မထင်ပါဘူး။

စာရေးသူတို့ ငယ်စဉ် ကတည်းက သူ့ကို လူမမြင်ဖူးပေမဲ့ သူ့ ဂီတတွေကို ပင်နေဆိုနစ်၊ ဟီတာချီ စတဲ့ Only ကက်ဆက်တွေနဲ့ ရင်းနှီး နေခဲ့ဖူးတယ်။ သူ့ကို အမေရိကား ရောက်ပြီး များမကြာမီမှာ သူ ဒီနိုင်ငံမှာ အခြေကျ အနေကျနေတာ သိလိုက်ရတော့၊ အမိမြေကို သူ စွန့်ခဲ့တဲ့ နောက်ပိုင်း မြန်မာ့ ဂီတလောက က အခြားသော အဆိုတော်တွေ သူ့ သီချင်းတွေနဲ့ လူတလုံး သူတလုံး ဖြစ်လာ ကြပြီး သူ့ကို မမီလိုက်တဲ့ ယနေ့ခေတ်က လူငယ်တွေအတွက် စကားစမြည်ပြောပြီး မေး၍ ရေးရပါတယ်၊ သူဟာ အမြဲတစေ အုံးအုံးကျွက်ကျွက် ဖြစ်နေတတ်တဲ့ မြန်မာ စတီရီယို လောကရဲ့ ခေတ်ဦးမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပြီး သူ့ဘဝ ကောက်ကြောင်း တွေဟာ အံ့မခန်း ဒင်းကြမ်း ပြည့်နေတော့ တယ်။ သူဆိုတာ လာရှိုး သိန်းအောင် လို့ ခေါ်တဲ့ ဂျင်မီဂျက်(Jimmy Jack )ပါ၊ လွတ်လပ်ရေး ရပြီးခါစ ကွန်ဗင့် ကျောင်းတွေဟာ ကိုလိုနီစံနစ် အငွေ့အသက်တွေက ရိုက်ခတ်နေသေးကာ ခရိယာန် ဘာသာလည်း သက်ဝင် ယုံကြည်တော့ သူ့နာမည် ဂျင်မီ သူ့အဖေ နာမည် ဂျက်(Jack)နဲ့ ပေါင်းစပ်ပြီး ဂျင်မီဂျက် ဖြစ်လာ သူပါ။ အမေရိကားမှာ နယ်တကာ ဆန့်လို့ သွားနေတဲ့ သူ့ကို အမေရိကားရောက် ပရိတ်သတ်တွေ အနေနဲ့ ထူးမဆန်းတော့ ပေမဲ့ နိုင်ငံတကာရောက် မြန်မာ့ဂီတ ပရိတ်သတ်တွေ အနေနဲ့ ပိုမို မြင်သာအောင် ခြေခင်း လက်ခင်း သာတဲ့ တနေ့မှာ သူ့ အကြောင်းကို စာရေးသူနဲ့ ခရေစေ့ တွင်းကျ စကားစမြည် ပြောဖြစ်ကြတယ်။

သူ့ အဖေ ဖြစ်သူဟာ ဗမာ့ လွတ်လပ်ရေးကို အရယူရာမှာ ပါဝင် တိုက်ခိုက်ပေးခဲ့တဲ့ အိန္ဒိယ အမျိုးသားပါလို့ သူပြောပြတဲ့ အချိန်မှာ ရိုးသားမှုအတိ အရိပ်အငွေ့တွေ သူ့ဆီမှာ ဝေ့ နေတာ တွေ့နေရတယ်။ အမေ ဖက်ကတော့ စာရေးသူ တို့လို ကချင်သွေး ပါတဲ့ မြစ်ကြီးနား ဖက်ကပါ။ သူ့ ချက်မြုပ်ကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့လို့ ဆိုပါတယ်။ အရွယ် ရောက်တော့ နမ္မတူ ကွန်ဗင့်ကျောင်းမှာ ဘော်ဒါနေရင်းနဲ့ ကွာယာ(Choir)လို့ ခေါ်တဲ့ ဓမ္မတေးတွေ သံစုံ ကျူးရင့်တာတွေ လိုက်ဆိုရင်းနဲ့ အဆိုပညာကို သက်ဝင်တယ်လို့ တခုတ်တရ ပြောပြပါတယ်။ နောက်ပိုင်း လာရှိုးပြန်ရောက်ပြီး ဘက်ပတစ် နှစ်ခြင်းခရိယာန် ဘုရားကျောင်းမှာ ဓမ္မတေးတွေ သီဆို ကျူးရင့်ကာ မေမြို့ (ခ) ပြင်ဦးလွင် စိန်မိုက်ကယ်လ် ကျောင်း ရောက်တော့ ဆရာမကြီးတယောက်က သီချင်းဆိုနည်းတွေ သင်ပေးတယ်လို့ ပြောပြပါတယ်။ ဒီလိုနဲ့ မြန်မာပြည် စတီရီယို ခေတ်ဦးမှာ ကိုယ်တိုင် ခုတ်ထွင်း ပြီး လုပ်ရတဲ့ အကော့စတစ် (acoustic) ဂစ်တာတွေနဲ့ လာရှိုးတခွင်မှာ ဝါသနာတူ သူငယ်ချင်း ၃၊၄ ယောက် စုပြီး မင်္ဂလာဆောင်တွေ ဧည့်ခံပွဲတွေ သူတို့တတွေ မင်းမူနေတယ်လို့ ဩဇာသံ ပါတဲ့ ရယ်သံ လွင်လွင် တချို့နဲ့ သူ့ဘဝကို ထုဆစ်လို့ ပြတယ်။ ဒီလိုနဲ့ ၁၉၆၂ ခုနှစ် ရောက်တော့ သူတို့ တီးဝိုင်းက ဂစ်တာတီးတဲ့ သူငယ်ချင်း တယောက် အဆက်အသွယ်နဲ့ မြို့တော်ဟောင်း ရန်ကုန်က မြန်မာ့အသံ ( Burma Broadcasting Service ) မှာ Local Talents Variety Show လို့ ဒေသတွင်း လူငယ်များကို ပင်ကိုယ် အစွမ်းအစ မြှင့်တင်ပေးတဲ့ အစီစဉ်တခု ကနေ တနိုင်ငံလုံးက ဝါသနာရှင်တွေ အတွက် ပြိုင်ပွဲလုပ်ရာမှာ သူ ဝင်ပြိုင်တော့ First Class အဆင့် A နဲ့ ပထမ ရခဲ့ပါတယ်။ အဲတာ တင်လား မဟုတ်သေး ပြန်ဖူး၊ သူ ပထမဆုံး အင်္ဂလိပ်လို ကိုယ်တိုင် စပ်ခဲ့တဲ့ သီချင်းနဲ့ ကိုယ်ပိုင် တီးဝိုင်းနဲ့ ဆုရခဲ့တာတဲ့၊ ဒီကနေ အခွင့်အလန်း ပွင့်လာပြီး မြန်မာ့အသံက စနေနေ့ ညပိုင်းမှာ လွှင့်တဲ့ အစီစဉ်မှာ ဂျင်မီဂျက် နာမည်နဲ့ပဲ ဖျော်ဖြေခွင့် ၁၅မိနစ်ပေးတယ်လို့ သူ ပြောပြတော့ သူ့စိတ်ကူးတွေ မြန်မာ့အသံရှိရာ ပြည်လမ်းမဆီ ရောက်နေ သလားလို့ သူ့ စိတ်အလျဉ် ကို စာရေးသူ လိုက်ဖတ်နေမိတယ်။

နောက်တော့ ဒီအစီစဉ် အတွက် အင်္ဂလိပ်လို ကိုယ်တိုင် ရေးဆိုနေခဲ့ပြီး တီးခတ်ပေးတဲ့ သူတွေကတော့ သူငယ်ချင်းတွေ ဖြစ်ပြီး နောင်တချိန် မြန်မာ့ စတီရီယို လောကကို တခေတ် ထွန်းစေခဲ့သူတွေ မြန်မာပြည် သိန်းတန် (လိဒ်)၊ ဗစ်တာခင်ညို (ရစ်သမ်)၊ ဒရမ်မာ ပလေးဘွိုင်း သန်းနိုင်တို့ ဖြစ်ကြတယ်၊ အဲလို အပါတ်စဉ် B.B.S မှာ စနေနေ့ဆိုတဲ့ သီချင်းတွေ ကို အဲဒီခေတ်က ရန်ကုန်မြို့ရဲ့ သမ္မတ ရုပ်ရှင်ရုံတို့ ပလေဒီယမ် ( နောင် ပပဝင်းရုံ၊ ယခု ထရိတ်ဒါးဟော်တယ် နေရာ ) ရုပ်ရှင်ရုံ တို့မှာ အဲဒီခေတ်က ဖွင့်လေ့ ရှိတယ်လို့ သူက ဆိုတယ်။ ဒီအချိန်မှာ အယင်လို လားရှိုးနဲ့ ရန်ကုန် ခပ်စိပ်စိပ် လွန်းထိုး သွားမနေတော့ပဲ၊ ရန်ကုန် တဖက်ကမ်းမှာ ရှိတဲ့ ဒလ သင်္ဘောကျင်းမှာ A.E Marine Engineering ကျောင်းလာ တက်နေတယ်လို့ ပြောပြပါတယ်။ ဒါနဲ့ အနောက်တိုင်း ဂီတ မြန်မာသံစဉ် သီချင်းတွေကို ဘယ်တုန်းမှာ စ,ရေးစပ်ခဲ့လည်း မေးတော့ အဲဒီ ကာလမှာပဲ ရေကြောင်း အင်္ဂျင်နီယာ ကျောင်းသား ဘဝနဲ့ ရန်ကုန်တက္ကသိုလ်ထဲ သွားယင်း လူငယ်တို့ ဘဝ ခံစားမှုတွေရပြီး သူ့ရဲ့ပထမဆုံး မြန်မာစာသားနဲ့ ရေးတဲ့သီချင်း နာမည်ကျော် “မုန်းမုန်းမေ့မေ့” သီချင်းကို ရင်ဘတ်နဲ့ ရင်းပြီး ကွန်ဗိုကေးရှင်း ရှေ့မှာ ရေးစပ်လို့ ရခဲ့တယ်လို့ ပြောပြပါတယ်။ အင်္ဂလိပ်လို သီချင်းတွေ ရေးစပ်သီကုံး အဆိုများ ခဲ့တဲ့ ဂျင်မီဂျက်ကို ဒီအချိန်က အဆို လောကမှာ ဩဇာရှိတဲ့ ရေနံမြေ ဦးသက်ဝေက မြန်မာသီချင်း ဆိုတတ်ပါ သလားလို့ မေးယူရလို့ မုန်းမုန်းမေ့မေ့ ဆိုပြတော့ အံ့ဘနန်း ဖြစ်ခဲ့ရဖူးတယ် နောက်တော့ ဗွီအိုအေ ကိုပို့လို့ ဗွီအိုအေ အသံလွှင့်ဋ္ဌာန အကြိုက် ထိပ်တန်းသီချင်း ဖြစ်ခဲ့ရတယ်။

ဂီတလောကထဲ ဘယ်လို ဝင်လာလည်း မေးပြန်တော့ ဒီအချိန် တေးဂီတလောကမှာ ထဲထဲဝင်ဝင် ရှိနေတဲ့ အကော်ဒီယံ အုန်းကျော်ဟာ  လားရှိုးမှာ ရှေ့တန်းပြန် စစ်သားတွေကို လာရောက် ဖျော်ဖြေရင်း ဂျင်မီဂျက်ရဲ့ အမေ ဖြစ်သူက ညစာ စားပွဲတခုမှာ အကော်ဒီယံ အုန်းကျော်နဲ့ စကားစမြည် ပြောရင်း သူ့သားလည်း သီချင်းဆို ဝါသနာ ပါကြောင်း ပြောပြခဲ့တယ်လို့ နွေကျောင်းပိတ် အိမ်အပြန်မှာ သူ သိခဲ့ရတယ်။ ကျောင်းတွေဖွင့်လို့ ရန်ကုန် ပြန်ရောက်တော့ တရက်သားမှာ အကော်ဒီယံ အုန်းကျော်ဆီ သွားတွေ့မယ်ဆိုပြီး သူငယ်ချင်း ဖြစ်တဲ့ ဗစ်တာခင်ညိုနဲ့ သွားတွေ့ပါတယ်။ အကော်ဒီယံ အုန်းကျော်နဲ့ တွေ့ပြီးတော့ အကော်ဒီယံ အုန်းကျော် က သူ့တပည့် တယောက်ခေါ်ပြီး ဂျင်မီဂျက် ကို အသံ သွင်းပေးဖို့ ညွှန်ကြားပါတယ်။ အသံစမ်းမဲ့ ရက် ရောက်တော့ အကော်ဒီယံ အုန်းကျော် ကိုယ်တိုင် ဂျင်မီဂျက် ဆိုတာကို လာကြည့်လို့ သူတို့ လောကသားတွေ ပြောစမှတ် ပြုခဲ့ကြရတယ်။ ဂျင်မီဂျက်ရဲ့ ပထမဆုံး စီးရီးကို အကော်ဒီယံ အုန်းကျော် က အခမဲ့သွင်းပြီး ဖြန့်ချီပေးလို့ “နန်းလေး” စီးရီး ထွက်လာပါတယ်။ အကော်ဒီယံ အုန်းကျော် အဲလို လုပ်ပေးခဲ့လို့ သူ့မှာ ကျေးဇူးရှိတယ်လို့ လောကပါလ တရားကို ခိုင်ကျည်စွာ သိနေတဲ့ အသိနဲ့ ရယ်ရယ်မောမော သူ ဆက်ပြောတယ်။ ဒီအချိန်မှာ စီးရီး တခွေလုံးကို မူပိုင် ရောင်းယင် မြန်မာငွေ ရ၅ကျပ်လောက် ရယင်ပဲ ပျော်နေပြီလို့ ခေတ်ကို အရောင်ဟပ်တဲ့ စကားတွေနဲ့ ပြောပြန်တယ်။ အခုခေတ်လို ပြောရယင် အခွေပေါက်တယ်ပေါ့…ဗျာ။ အဲဒီလိုနဲ့ တေးဂီတ လောကထဲကို မြန်မာပြည် စတီရီယို ခေတ်ဦးမှာ ကော်ပီ မဟုတ်ပဲ ကိုယ်ပိုင်သံစဉ်တွေ ရေးစပ် ဆိုခဲ့သူ တဦးမှာ ဂျင်မီဂျက် (ခေါ်) လားရှိုး သိန်းအောင် တယောက် ပထမဆုံး အပါအဝင် ဖြစ်ခဲ့ရတယ်။

အိုးလ်မော်ဒယ်ကြီး အခုမှတ်မိ သလောက် ဒီခေတ်က ဘယ်သူတွေ စတီရီယို စပြီးဆိုနေလည်း မေးတော့ တကယ်တန်း စ,တာက ရုပ်ရှင်မင်းသား ဝင်းဦး၊ ညွန့်ဝင်းတို့ ပါခဲ့ပြီး၊ မောင်မောင်သန်း ( တိမ်ပြာသောနေ့ )၊ ကြည်တိုး (ဝင်းဦး၏ ညီ)၊ ဆန်နီတင်ထွဋ်၊ မေမြို့ခင်မောင်မြင့် တို့လည်း စဆိုနေပြီး ပြီးဖြစ်ကြောင်း မြန်မာ့ စတီရီယို သမိုင်းကို တူးဆွပြီး ပြောပါတယ်။ တချိန်ထဲမှာလည်း မြန်မာ့အသံမှာ ကိုအံ့ကြီး၊ အကော်ဒီယံ အုန်းကျော် တို့လည်း သီဆိုနေပြီး ဂျင်မီဂျက် အနေနဲ့ ထိုသူတွေသာ မြန်မာ့ စတီရီယို လောကကို စတင် ခဲ့တယ်လို့ ထင်မြင်ယူဆကြောင်း ပြောပါတယ်။ တကယ် အနောက်တိုင်း သီချင်းတွေကို စတာက ပြည်လှဖေတို့ ခေတ်ကတည်းက စတင်နေကြောင်း ဖြည့်စွက် ပြောပါတယ်။

သူ့ထက်အယင် တက္ကသိုလ် ထွန်းနောင် သူနဲ့ခေတ်ပြိုင် မင်းမင်းလတ် (ရက်ပ်ပါ အနဂ္ဂ၏ အဖေ)၊ တက္ကသိုလ် အေးမောင် (ပလေးဘွိုင်း)၊ ပုလဲ (ပလေးဘွိုင်း သန်းနိုင်၏ ဇနီး)တို့ တေးစီးရီးတွေ ထွက်လာပြီး ပလေးဘွိုင်းသန်းနိုင် ကတော့ ပလေယာ ဒရမ်မာ အဖြစ်နဲ့သာနေပြီး တပုဒ်စ နှစ်ပုဒ်စ သာ ဆိုနေကြောင်း ပြောပြပါတယ်။ စီးရီးထုတ်တိုင်း ကုန်ကျ စရိတ်တွေ ကိုတော့ လားရှိုးမှာ နေထိုင်တဲ့ အမေဖြစ်သူထံ ပြန်ပြန်တောင်းပြီး အခွေတွေ ထုတ်နေတဲ့ လားရှိုးသိန်းအောင် ပါတဲ့ အရွှန်းဖေါက်ပြီး ဆိုတယ်။ နည်းပညာ ဖွံ့ဖြိုးမှု မရှိသေးတဲ့ ဒီခေတ်က အခုခေတ်လို Track လိုင်းတွေ အများကြီးနဲ့ အသံထပ်ပြီး အခွေလုပ်ယူတာ မဟုတ်တော့ အသံသွင်းပြီ ဆိုလည်း တခါထဲ ပြိုင်တူတီး ပြိုင်တူ အသံဖမ်းရလို့ ဦးဘသိန်း အသံဖမ်း စတူဒီယိုမှာ ဘတ်(စ်)ကားလိုင်းတွေ ရပ်သွားတဲ့ ည၈နာရီ လောက်မှာ မှန်တံခါးတွေကို စောင်တွေနဲ့ကာ တခါထဲ ညီအောင်တိုက် တခါထဲတီး တပြိုင်ထဲဆို အသံဖမ်း ကြရတာလို့ ပြောပြပါတယ်။ အဲဒီခေတ်က စီးရီးခွေတွေကို တေးသံသွင်း တွေက သူနဲ့ အချိတ်အဆက်ရှိတဲ့ နယ်ဆိုင်တွေနဲ့ စပ်မေးပြီး စီးရီးတန်ဖိုး ဖြတ်ဝယ်လေ့ ရှိတယ်လို့ ဆိုတယ်၊ အခုခေတ်လို တပြည်လုံး အတွက် မူပိုင် ရောင်းတာတော့ မဟုတ်ဖူးပေါ့။ များသောအားဖြင့် သူ့ စီးရီး အခွေတွေကို မန္တလေးက တေးသံသွင်း လုပ်ငန်း လုပ်တဲ့ စော်ဘွားသား တဦးဖြစ်သော ဘော်ဘီအောင် ဆီမှာ ရောင်းချခဲ့တာ များတယ်လို့ ပြန်ပြောင်း ပြောပြ ပါတယ်။

စတီရီယို​ လောကမှာ လျှံလျှံတောက် အောင်မြင်လာတော့ ဂျင်မီဂျက် (ခေါ်) လားရှိုးသိန်းအောင် တယောက် ပျောက် သွားတာ ဘာကြောင့်လည်း မေးတော့ ပုလဲသီ တကွဲစီဖြစ်နေတဲ့ စကားဝိုင်းကို စီစီရီရီ လုပ်ကာ တချိန်ထဲမှာ ဖြစ်ပျက်နေတဲ့ သူ့ဘဝ အရွှေ့အပြောင်းတွေကို ပြန်ချပြပါတယ်။ လားရှိုးနဲ့ ရန်ကုန် ဦးဒဟို သွားလာနေချိန်မှာပဲ တဖက်က လားရှိုးမှာ ဂျင်မီဂျက် တယောက် ကာကွယ်ရေး တပ်ဖွဲ့တွေထဲ ဝင်ထားသတဲ့။ ဒါဆို ဘယ်လိုနိုင်ငံရေးကို စပြီး စိတ်ဝင်စားလာတာလဲ မေးတော့ သူ ဟိုက်စကူး ကျောင်းသားဘဝမှာ လာရှိုး ရပ်ကွက် (၂)က အ.ထ.က (၂) တက်နေတုန်း တခါသားမှာ ကျောင်းမှာ ကြေညာသတဲ့၊ ဒီခေတ်က နိုင်ငံတော်ကို အာဏာသိမ်းထားတဲ့ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့် အစိုးရက ဦးနုရဲ့ ပါလီမန် ဒီမိုကရေစီ စံနစ်ကို မယုံကြည်တော့ဖူးလို့ ဆိုတယ်၊ ဆိုရှယ်လစ်စံနစ်နဲ့ ချီတက်မယ် ဆိုကာ ကျောင်းသားတွေကို အခုခေတ် လိုပဲ ခုတုံးလုပ် အားဖြည့်ခေါ်ကာ လူထု ရှုတ်ချပွဲ လုပ်သတဲ့၊ ဒီတင် ဂျင်မီဂျက် က စဉ်းစားမိပြီး ဒီမိုကရေစီသာ ဆိတ်သုဉ်းယင် ဆိုတဲ့ အတွေးနဲ့ မထောက်ခံဖူး ဆိုကာ၊ သူတယောက်ထဲ အတွေးများစွာနဲ့ တကျောင်းလုံးမှာ ခေါင်းငိုက်စိုက် ချပြီး အိမ်ပြန်လာခဲ့တာ သူပဲရှိသတဲ့။ ဒီအချိန် လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီ ကာလက ရှမ်းပြည်မှာ လောဝ်စစ်ဟန် ကာကွယ်ရေး၊ ခွန်ဆာ ဦးဆောင်တဲ့ ကာကွယ်ရေး အဖွဲ့တွေရှိနေပြီး၊ ဂျင်မီဂျက် ကတော့ ဝင်းမြင့်၊ ထွန်မြင့် တို့ရဲ့ လွိုင်ကျေးစန့် ကာကွယ်ရေး အဖွဲ့မှာ ပါခဲ့တယ်။ ၁၉၆၂ မတ်လမှာ အိမ်စောင့် အစိုးရလုပ်နေတဲ့ ဗိုလ်နေဝင်းက အာဏာ အပြီးအပြတ်သိမ်းပြီး ၁၉၇၂ခုနှစ် ရောက်တော့ ခြေကုတ်ရလာတဲ့ စစ်အစိုးရက ကာကွယ်ရေးတွေ လက်နက်ချခိုင်း ချိန်မှာ စစ်အစိုးရ လက်အောက် ထက်စာယင် ဒီမိုကရေစီ ဒို့တိုင်းပြည်မှာ ထူထောင်နိုင်ဖို့ ဂျင်မီဂျက် တယောက် လက်နက် မချပဲ တောင်ပေါ် တက်သွားခဲ့တယ်လို့ ဆိုပါတယ်။

လကို နှစ်စားကာ သျှမ်းပြည် နယ်ခြားမျဉ်း တလျှောက် ကူးလူးနေခဲ့ပြီး နောင် ယိုးဒယားဖက် ခြေကုတ်ယူတော့ ကေအိုင်အေ က ဥက္ကဋ္ဌ ဘရန်ဆိုင်းတို့ ခေတ်ပြိုင် သတင်းစာ ထူထောင်သူ တင်မောင်ဝင်း၊ ရဲကျော်သူ (ပြည်ချစ်)၊ ညောင်ရွှေ စော်ဘွား စပ်ရွှေသိုက်သား ဒေါက်တာ ယူဂျင်းသိုက်(သျှမ်း) တို့နဲ့ အတူ ဒီမိုကရေစီ အရေး လှုပ်ရှားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုချိန် မှာတော့ သူ့နဲ့ နိုင်ငံရေးဖက်မှာ ခေတ်ပြိုင် ဒီမိုကရေစီ ဘက်တော်သား ခေါင်းဆောင်အချို့တို့ဟာ လူ့လောကမှာ မရှိကြတော့ပါဖူး။ ဒါပေမဲ့ သူ ကတော့ ခိုင်ကျည် တဲ့ စိတ်ဓါတ်နဲ့ ရွက်ကုန်ဖွင့် ခရီးနှင်ကာ တေးသီနေဆဲပါ။ ရိုးသားတယ်၊ ယဉ်ကျေး သိမ်မွေ့တယ်၊ ကြီးငယ် မဟူ အပြောအဆို ချိုသာတယ်၊ မာန်မာန အလျဉ်းကင်းမဲ့တယ် ဆိုတာ တွေကတော့ သူနဲ့ ဆက်ဆံဖူးကြသူတိုင်း သိကြပါတဲ့ သူ့ရဲ့ ဂုဏ်ဒြပ်တွေပါ။ ပဆစ်ကွက် တွေလို အရောင်စုံလှတဲ့ တေးသီငှက်ကြီးဟာ ၁၉၇၂ ခုနှစ် အမိမြန်မာပြည်က ထွက်လာတော့ ဂီတလောကမှာ သူနာမည် မရသေးပါဖူး တောထဲတောင်ထဲ ရောက်တော့ သူ့ သီချင်းတွေ နားထောင်နေတယ် ဆိုတာ ဟိုဟိုဒီဒီများမှာ တွေ့ရတာတော့ သူဒီလောက်ပဲ သိရတယ်လို့ ကျန်ခဲ့တဲ့ သူ့ဂီတလောက အကြောင်း ဆိုပါတယ်။ တခါသား ယိုးဒယားနိုင်ငံ ရောက်တော့ ပြည်တွင်းလာတဲ့က မိတ်ဆွေတဦးနဲ့ တွေ့တော့ သူ မြန်မာပြည်မှာ အောင်မြင်နေတာကို ပြောပြတော့ မချင့်မရဲ​ ယုံကြည်​ နေမိကြောင်း၊ မျက်ဝါးထင်ထင် လက်ခံရတာကတော့ ၁၉၇၄ခုနှစ် ဗဟိုအစိုးရရဲ့ လက်ခံမှုနဲ့ အမေရိကန် ပြည်ထောင်စု ရောက်တဲ့အချိန်မှာ လော့(စ်) အိန်ဂျလိ(စ်) မှာ ရှိတဲ့ မြန်မာပြည်ဖွား ဆရာဝန်များက စီစဉ်လို့ လုပ်ပေးတဲ့ သူ့ရဲ့ တကိုယ်တော် ရှိုးပွဲဟာ အမေရိကား တလွှားက မြန်မာတွေ သောသောညံအောင် အားပေးခဲ့လို့ ဂျင်မီဂျက် (ခေါ်) လာရှိုးသိန်းအောင် မြန်မာ့ စတီရီယို ခေတ်ဦး ကိုယ်ပိုင်သံစဉ် တေးဂီတမှာ သူအောင်မြင်ပြီး တကယ်မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တယ် ဆိုတာ မချင့်မရဲ ဖြစ်နေတဲ့စိတ်ကို ဒုံးဒုံးချပြီ ယုံကြည်နိုင်ခဲ့တယ်လို့ အဝေးကို ဝေသီလို့ တခုတ်တရ ကြည့်နေတဲ့ မျက်လုံးတွေနဲ့ သူက ဆိုပါတယ်။

အမေရိကား ရောက်တာ ၃၅နှစ်ကျော် ကြာပြီ ဖြစ်တဲ့ လာရှိုးကြီးရဲ့ ကိုယ်ပိုင်ဘဝက ဘယ်လို ထုဆစ်ထားလဲ မေးတော့ သူ အမေရိကားက မီချီဂန်သူနဲ့ အကြောင်းပါပြီး သား ၂ယောက် သမီးတယောက်ရှိကြောင်း သမီးက အကြီးဖြစ်ပြီး အသက် ၂၅နှစ် အရွယ်ရှိပြီ ဖြစ်ကာ အမေရိကား တက္ကသိုလ်များမှာ ဘွဲ့၂ခု ရထားကြောင်း၊ အဖေ့သွေးပါလို့ စန္ဒယား၊ ဂစ်တာ တို့ကို ကျွမ်းကျင်စွာ တီးခတ်နိုင်ပါတယ်လို့ သိရပါတယ်။ ကောလိပ်သွားဖို့ ချိန်နေတဲ့ ဒုတိယ သားအလတ် ကတော့ ကိုယ်ပိုင် ရော့ခ်တေးဂီတ တီးဝိုင်းရှိပြီး ဂစ်တာတီးကာ အဖေဖြစ်သူ အတွက် လော့(စ်)အိန်ဂျလိ(စ်) ပွဲတပွဲ လိုက်တီး ပေးဖူးပြီး နောင်မှာ လားရှိုးကြီးရဲ့ ဂီတခရီးစဉ် တလွှားမှာ အဖေနဲ့အတူ ပါဝင် တီးခတ်တော့မယ်လို့ သိရှိရပါတယ်။ အငယ်ဆုံးဖြစ်တဲ့ သားကတော့ တေးဂီတ ဝါသနာ မပါဖူးလို့ ဆိုပြန်တယ်။ ဂျင်မီဂျက်ဟာ အမေရိကား အခြေချပြီ ဆိုကတည်းက တက္ကဆတ် ပြည်နယ် ဟူစတန် ဒီတမြို့ထဲမှာပဲ နေ နေတာပဲ နှစ်ပေါင်း မနည်းတော့ဖူးလို့ မိသားစု ဘဝတွေကို ပြောပြပါတယ်။ ကန်းထရီး သီချင်းတွေ အဆိုကောင်းတဲ့ လားရှိုးက သီချင်းငှက်ကြီးကို ဘားတွေ နိုက်ကလပ်တွေမှာ မဆိုဖူးလား ဆိုတော့ လူလွတ် ဘဝ ကတော့ ဆိုကြောင်း အိမ်ထောင်ကျတော့ ဘားတွေ နိုက်ကလပ်တွေမှာ ဆိုယင် ရောင်းသူနဲ့ ဝယ်သူ ဆက်ဆံရေး​ အရ အိမ်ထောင်ရေး အဖုအထစ် ဖြစ်မှာ စိုးလို့ မဆိုဖို့ ဆုံးဖြတ်ခဲ့တယ် လို့ ပြောပြပါတယ်။

သူ​ ဘယ်လောက် သီချင်း အဆိုကောင်းလဲ ဆိုယင် အမေရိကား မလာခင် ယိုးဒယားက ချင်းမိုင် နိုက်ကလပ် တခုမှာ အင်္ဂလိပ် သီချင်းတွေ ဆိုတော့ ထိုင်းနိုင်ငံရဲ့ ရာမ(၉) ဘုရင် ဘူမိဘော အဒူယာဒက် ရဲ့ မိဖုရား သိရိခေတ် ကိုယ်တိုင် အငယ်ဆုံး သမီးတော် နဲ့ ချိန်းဂျင်းဟော်တယ် နိုက်ကလပ်မှာ လာရောက်အားပေးလို့ သမီးတော်က တောင်းဆိုတာနဲ့ လေယာဉ်ပျက်ကျ လို့ သေဆုံးသွားတဲ့ အဆိုတော် ဂျွန်ဒင်းဗါးရဲ့ နာမည်ကျော် Country Road သီချင်းကို ဆိုပြခဲ့ဖူးပါတယ်။ ဒီလောက်ပဲလား ဘယ်ဟုတ်မလဲ အစမှာ ဆိုထားသလို သူ့ ဘဝ​ ကောက်ကြောင်း​ တွေက နားထောင်နေသူ စာရေးသူ အတွက်တော့ ထူးဆန်းတာတွေ ရောပြွမ်းနေတာ​ အပြည့်​ပါပဲ၊ အယင် အမေရိကန် သမ္မတ ဂျော့ရှ်ဒဘလျူ ဘုရှ် ရဲ့ အဖေ ( George Herbert Walker Bush သမ္မတ ဘုရှ် အကြီး ) ရဲ့ Surprise ပါတီတခု ဖျော်ဖြေမှုမှာ သူဆိုအပြီး နောင် သမ္မတ ဖြစ်လာမဲ့ အမတ်မင်း ဘုရှ် အကြီးက ခေါ်မေး အပြီး “အတော်ထူးတဲ့ ကောင်” လို့ မှတ်ချက်ပြုခဲ့ သတဲ့။ အဲဒီနေ့က ဩဂက်(စ်) လ ၁၆ရက်နေ့ ၁၉၇၇ ခုနှစ်ပေါ့၊ သူနေတဲ့ တက္ကဆတ်ပြည်နယ်နဲ့ သိပ်မဝေးလှတဲ့ တင်နဆီ ပြည်နယ် မင်းဖိ(စ်) မြို့မှာ ရော့ခ်အင်ရိုး ဘုရင်ကြီး အဲဗစ်ပရက်စလေ ဂရေ့(စ်)လန်း စံအိမ်ကြီးရဲ့ ရေချိုးကန်ထဲမှာ သေနေခဲ့တယ်လေ။

အသော့ ပြောတဲ့နေရာမှာလဲ စံပါပဲ။ ကိုဂျင်မီ က တရုတ် သီချင်းတွေလဲ ဆိုတယ် ဆိုတော့ ဒီလောက်ပဲ ပြောရသေးတယ် သူက “ကျနော်က တရုတ်လို မပီကလာ ပီကလာနဲ့ ဆိုတာဗျ” … “လူပျို ဘဝက လားရှိုးမှာ လောဝ်စစ်ဟန် တူမကို လိုက်ခဲ့ တုန်းက အမွေတွေပေါ့” တဲ့။

အမေရိကား ရောက်တော့လည်း ဘုန်းတော်ကြီးကျောင်းတို့ ကွန်မြူနတီတို့ ရံပုံငွေ ပွဲတွေ အခုထိ လိုက်ဆိုနေဆဲပဲ ဒီရောက် ပြီးတော့ အခွေကို အိမ်မှာပဲ စီစဉ် ပြန်သွင်းတာ ၂ခွေ၊ ၃ခွေလောက် ထုတ်ဖြစ်ပါတယ်။ အင်္ဂလိပ်လို ပဲ ကန်းထရီးတွေ ဆိုထားတာလဲ ရှိပါတယ်။ အရှိန်အဝါ ကြီးမားလှတဲ့ သူ့ရဲ့ “အမေတခု. သားတခု” သီချင်းကို ဘယ်လိုစပ်ဆိုခဲ့လဲ ပြောတော့ ဘာသာတရား ကိုင်းရှိုင်းတဲ့ သီချင်းငှက်ကြီးက ယုံချင်ယုံ မယုံချင် နေဆိုပြီး သူ့ ကို မယ်တော် က စောင့်ရှောက်ကြောင်း ငယ်စဉ်က သူ့ဒယ်ဒီ ပြောလို့ သိခဲ့ရတယ်လို့ ဆိုပါတယ်။ တစုံတခု ကျရောက် တော့မယ်ဆို နံ့သာဖြူ အနံ့ ရကြောင်း ဒီလိုနဲ့ ဘဝမှာ အန္တရာယ်တွေက ရှောင်ကွင်းလာခဲ့ ရကြောင်း ပြောပါတယ်။ ဒါကြောင့် ဒီသီချင်းကို မယ်တော်ကြီး အတွက် ရည်စူးပြီး စပ်ခဲ့လို့ ဒီသီချင်းဟာ ခေတ်အဆက်ဆက် အရှိန်အဝါ ရှိခဲဲ့တာလို့ ဆိုပါတယ်။ သူ့သီချင်းတွေ အားလုံးကို စီပြီး ကြည့်လိုက်ယင် သူ့ဘဝ ဇါတ်လမ်း တခုကို ပြောပြနေသလို ခံစားရပါတယ်။ သီချင်းကိုတော့ ခံစားချက် ရှိယင်ရှိသလို ရေးခဲ့ပြီး သေခြာ ထိုင်ပြီးရေးကာ လုပ်ယူတာမျိုး မရှိဖူးလို့ ဆိုပါတယ်။ သူ့ သီချင်းတွေ သူများတွေ ဆိုနေတာ ဘာ အကျိုးခံစားမှု ရှိလဲ? မေးတော့ သူ့မှာ သီချင်းတွေကို ဘောင် မခတ်ထားကြောင်း အခုခေတ် လူငယ်တွေ ပြန်ဆိုကြတာ ပြန်တီးကြတာတွေ ကောင်းကြောင်းသာ မှတ်ချက်ပြုပါတယ်။ အတန်ငယ် နှုတ်ဆိတ်သွားပြီး ကျယ်ကျယ်ပြန့်ပြန့် ရှိတော့ ပိုကောင်းတာပေါ့ ဗျာလို့ သဘောထား ကြီးစွာဆိုပါတယ်။

ကိုယ့်နာမည် သီချင်းမှာ ပြန်ထည့်ဆိုတာမျိုး လုပ်ခဲ့တာ မြန်မာပြည်မှာ သူ အစောဆုံးလောက် ဖြစ်နိုင်ပါတယ်၊ “လားရှိုး က ….သီချင်းဆိုတဲ့ ….သိန်းအောင်ပါ” ဆိုတာ မျိုးပေါ့။ ပြည်တွင်းမှာ အောင်မြင်ခဲ့တဲ့ သီချင်းတွေဟာ များလို့ အကြိုက်ချင်း မတူလို့ ကွဲလွဲနိုင်ပါတယ်၊ ဒီတော့ မပြောတော့ဖူး၊ အမိမြေကို စွန့်ခွာလာချိန်မှာ ကာကွယ်ရေးထဲ ရောက်တော့ တန့်ယန်း နဲ့ မိုင်၂၀ လောက်ဝေးတဲ့ စခန်းအကြောင်းကို ဖွဲ့ဆိုတဲ့ သူ့သီချင်း “အမှတ် (၁၂) ထင်းရူးတောင်” သီချင်းဟာ အောင်မြင်သလို၊ အမေရိကား ရောက်ပြီး ရေးတဲ့ သီချင်းများ ထဲမှာ “အိမ်” ၊ “ဒို့ပြေ, ဒို့မြေ” ၊ “စိမ်းကားတဲ့ အချစ်”၊ “ယိုဒယား စကား မတတ်ဖူး” တို့ အောင်မြင်ပါတယ်။ တေးဂီတ လောက က လူငယ်တွေကို ဘာပြောချင်လည်း ? မေးတော့ ရေစီးကြောင်း အရ ပြောင်းလဲမှုကို နားလည်ပါတယ်။ ရက်(ပ်) ဆိုလည်း ရက်(ပ်)၊ ပေါ့(ပ်) ဆိုလည်း ပေါ့(ပ်) ဟီရိဩတ္တပ တရားလက်ကိုင် ထားပြီး မောင်နှမ သားချင်းများ ဝိုင်းစုလို့ နားထောင်ရနိုင်မဲ့ သီချင်းများ ရေးကြဆိုကြဖို့ ပြောပါတယ်။ တိုင်းပြည်ကိုတော့ ဒီမိုကရေစီ စံနစ်နဲ့သာ လျော်ညီကြောင်း၊ တိုင်းပြည်ကို ချစ်လို့ အမေရိကန် နိုင်ငံသား အဖြစ် ခံယူခွင့် တောင် မလျှောက်ပဲနေ နေကြောင်း ပြောပါတယ်။

သူ့ ရင်ထဲ အခု လတ်တလော ဘာတွေရှိမလဲ ညစ်ထုတ်ကြည့်တဲ့ အခါ ” မြန်မာပြည်က ရွာတွေမှာ ရွာဦးထိပ်က သဲခု ထားတဲ့ သောက်ရေအိုးစင် က ရေ အေးအေးလေးသာ သောက်ချင် နေမိကြောင်း” ” တိုင်းပြည်ကသာ ထွက်လာခဲ့ပေမဲ့ တိုင်းပြည်ကို မမေ့ကြောင်း ” သူ ပြောကြား လိုက်ချိန်ဟာ သူရော စာရေးသူရော ဘာမှ စကား မဆက်နိုင်ကြတော့ပဲ အိမ်ပြန်ချင်တဲ့ အတွေး  ကိုယ်စီနဲ့ပေါ့။

ဒီအချိန် တက္ကဆတ် ကောင်းကင်ယံမှာတော့ မိုးစွေငှက် တချို့ဟာ အမြင့်ကိုသာ ဆန်လို့ ပျံနေကြဆဲလေ။

ဒူကဘာ – မေး၍ ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here