ထိုင်းနိုင်ငံမှ သွေးမြေကျ​ အရေးအခင်း အ​တွက် အီးယူ အဖွဲ့အား အ​နီဝတ်များ အကူအညီ တောင်း

alt

ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တော်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေသူ များက လက်ရှိ ဖြစ်ပွားနေသည့် သွေးမြေကျ အရှုပ်အထွေး များအား ကူညီ ဖြေရှင်း ပေးပါရန် ဥရောပ ယူနီယံ (EU)သို့ အကူအညီ တောင်းခံ လိုက်သည်။

အထူးသဖြင့် လက်ရှိ ၀န်ကြီးချုပ် အဘီဆစ် ဗီဂျာဂျီဗာ၏ အင်အားသုံး ဖြိုခွင်းမှုနှင့် ဆန့်ကျင်ဖက် ရှပ်ဝါ အင်အားစု များက အကြမ်းဖက် လာနိုင်ခြင်းတို့အား ကာကွယ် ပေးပါရန် EU အား တောင်းဆိုပါကြောင်း ရှပ်နီ တပ်ဖွဲ့များက ကြေညာခဲ့သည်။ ယခုအခါ အစိုးရ သည် ဆန္ဒပြမှုများကို အကြမ်းနည်းဖြင့် ဖြိုခွဲရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်းလည်း ရှပ်နီများ၏ ခေါင်းဆောင်ဖြစ်သူ ဂျာရန်းဒစ် ဆာတာ ပီချိုင်းက စွပ်စွဲထားသည်။

ဆိုးရွားလာသော အခြေအနေများ အတွက် မိမိတို့အနေနှင့် စိတ်ပူမိကြောင်း၊ လွတ်လပ်စွာ ဆန္ဒပြမှုကို အင်အားသုံး တားဆီး လာပါက EU အနေနှင့် ၀င်ရောက် ထိန်းသိမ်းပေးရန် မျှော်လင့်ပါကြောင်း ရေးသားထားသည့် စာတစောင်ကို ရှပ်နီများက ဘန်ကောက်မြို့ရှိ EU သံအမတ်ကြီး ဒေးဗစ်လစ်မန်း အား ပေးပို့ခဲ့သည်။ ထို့အပြင် မိမိတို့အနေနှင့် EU ၏ စောင့်ရှောက်မှုကို အရေးတကြီး လိုအပ်နေပြီး အစိုးရ၏ အာဏာရှင်ဆန်ဆန် အင်အားသုံး ဖြိုခွဲမှုကို ကာကွယ်ပေးစေလို ပါကြောင်းလည်း စာအတွင်း ရေးသား ပါရှိသည်။

မတ်လလယ်မှ စတင်သော ဘန်ကောက်မြို့ ဆန္ဒပြမှုများသည် ထိုင်းနိုင်ငံ၏ ဆယ်စုနှစ် နှစ်ခုစာမျှ ကာလအတွင်း အဆိုးရွားဆုံး အခြေအနေသို့ ဦးတည်လာပြီး ပဋိပက္ခများအတွင်း အနည်းဆုံး လူ(၂၇)ဦး သေဆုံးကာ (၁၀၀၀)ကျော် ဒဏ်ရာများ ရရှိ ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here