HIV ပိုး ရှိသူများအား နိုင်ငံတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားမှု တရုတ် အစိုးရ​ ရုတ်သိမ်း

alt

HIV ရောဂါပိုး ရှိနေသူများအား နိုင်ငံအတွင်း ၀င်ရောက်ခွင့် ပိတ်ပင် ထားခြင်းကို တရုတ် နိုင်ငံက တရားဝင် ရုတ်သိမ်းလိုက်ပြီ ဖြစ်သည်။ ရှန်ဟိုင်း Expo ပွဲတော်သို့ တ ကမ္ဘာလုံးမှ ဧည့်ပရိသတ်များ လာရောက်ကြမည် ဖြစ်ပြီး

ထိုပွဲတော်တွင် HIVပိုး ရှိနေသူ များကိုပါ တက်ရောက်ခွင့် ပေးသွားမည်ဟု တရုတ် နိုင်ငံက အတည်ပြုခဲ့သည်။

တရုတ် အစိုးရက ကြေညာခဲ့သည့် ယင်းကိစ္စကို HIV ပိုး ရှိနေသူများအား ပြည်ဝင်ခွင့် ပိတ်ပင်မှုကို ပယ်ဖျက် ပေးထားပြီး ဖြစ်သော အမေရိကန်နှင့် တောင်ကိုရီးယား နိုင်ငံများ ကလည်း ကြိုဆို ခဲ့ကြသည်။ အမျိုးသား HIV နှင့် AIDS ဆိုင်ရာ ကူညီကုသရေး စင်တာမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာဝူဇွန်ယူက တရုတ် နိုင်ငံသည် HIV ရောဂါပိုး ရှိနေသူနှင့် AIDS ရောဂါသည်များအား ကူညီ ပေးသွားရန် စီမံကိန်းများ ရေးဆွဲ ထားကြောင်းလည်း ပြောကြားခဲ့သည်။

တရုတ်သမ္မတ ဟူကျင်တောင်နှင့် ၀န်ကြီးချုပ် ဝမ်ကျားပေါင်တို့က ယခု ကြေညာချက်သည် တိုင်းပြည်၏ လူတန်းစား ခွဲခြားမှု တိုက်ဖျက်ရေး ရည်ရွယ်ချက်ကို တစိတ်တဒေသမှ အထောက်အကူ ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။ ကမ္ဘာ့နိုင်ငံ အတော်များများတွင် ဆေးစစ်မှု ရလဒ်အရ HIV ပိုးနှင့် AIDS ရောဂါ တွေ့ရှိသူ အတော်များများကို တားမြစ်ပိတ်ပင်မှု ပြုလုပ်နေဆဲ ဖြစ်သည်။ ရှန်ဟိုင်း Expo သည် မေလ (၁)ရက်နေ့မှ စတင်ကျင်းပမည် ဖြစ်ပြီး (၆)လကြာမြင့်မည် ဖြစ်သည်။

တရုတ် အစိုးရအဖွဲ့သည် ရှန်ဟိုင်း Expo အတွက် ရည်ရွယ်သော ယခု ပြည်ဝင်ခွင့် စည်းမျဉ်းလျှော့ချမှု မူဝါဒသစ်ကို ဧပြီ (၁၉)ရက် နေ့က စတင် တင်သွင်းခဲ့ပြီး တရားဝင် ခွင့်ပြုပြဌာန်း ပေးခဲ့သည်။ တရုတ်နိုင်ငံတွင် ယခုနှစ်အတွင်း HIV ပိုးနှင့် AIDS ရောဂါ ရှိနေသူ အရေအတွက် (၃၁၉၈၇၇) ဦး ရှိနေကြောင်း အစိုးရ စစ်တမ်းများ အရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here