AIDS ရောဂါ ရှာဖွေရေး အကြီးမားဆုံး စီမံကိန်း တောင်-အာဖရိကတွင် စတင်

alt

တောင်အာဖရိက နိုင်ငံတွင် AIDS ရောဂါ စစ်ဆေးရှာဖွေမှု ကမ္ဘာ့ အကြီးမားဆုံး လှုပ်ရှားမှု စီမံကိန်း တခုအား စတင်ဆောင်ရွက် နေပြီ ဖြစ်သည်။

တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား ကိုယ်တိုင် ပြီးခဲ့သည့် သီတင်းပါတ်ကုန်က ဆေးစစ်မှု ခံယူကာ ၎င်းသည် HIV ပိုး မရှိကြောင်း ထုတ်ဖော် ကြေညာခဲ့သည်။ အစိုးရသည် (၂၀၁၁) ခုနှစ်၊ ဇွန်လ မတိုင်မီ နိုင်ငံလူဦးရေ၏ (၃)ပုံ (၁)ပုံအား AIDS ရောဂါ ဖြစ်စေသည့် HIV ပိုး စစ်ဆေးမှုကို ပြုလုပ်ပြီးစီးရန် ရည်ရွယ်ထားသည်။

ထို့အပြင် နိုင်ငံအတွင်း ဝင်ရောက်လာသည့် ပြည်ပ ဧည့်သည်များ ကိုလည်း ဆေးခန်းတွင် ဆေးစစ် စေရန် ဆောင်ရွက်လျှက် ရှိသည်။ ဧပြီလ (၂၅)ရက်နေ့က သမ္မတ ဇူးမား ကိုယ်တိုင် ဆေးစစ် ရလဒ် ကို ကြေညာပြီး နိုင်ငံ၏ အကြီးမားဆုံး AIDS ရောဂါဆိုင်ရာ တိုက်ဖျက်ရေး လှုပ်ရှားမှုကို တရားဝင် စတင်ခဲ့သည်။ ဇူးမားသည် ၎င်း ငယ်စဉ်က သူငယ်ချင်း အမျိုးသမီး တဦးအား အကာအကွယ် မပါဘဲ လိင် ဆက်ဆံခဲ့ဖူးကြောင်း ဝန်ခံခဲ့သည်။

ထိုစဉ်က ဇူးမားအား မုဒိမ်းမှုဖြင့် တရားစွဲဆို ခဲ့သော်လည်း တရားရုံးက တရားသေ လွှတ်ပေးခဲ့သည်။ (၂၀၀၆) ခုနှစ်က တရားရုံး ကိစ္စများအတွင်း ဇူးမားတွင် AIDS ရောဂါ ရှိနေနိုင်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ် ခဲ့သော်လည်း သမ္မတကြီးက ဆေးစစ်ခံရန် ငြင်းဆိုနေခဲ့ပြီး ယခု အခါမှသာ ၎င်း၏ တရားဝင် ဆေးစစ် ရလဒ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

ဇူးမားသည် မကြာသေးမီ ကလည်း လက်မထပ် ရသေးသည့် ၎င်း၏ ချစ်သူတဦး ကလေး မွေးဖွားမှုကြောင့် ဝေဖန်မှုများ ခံခဲ့ရ သေးသည်။ တောင်အာဖရိက အစိုးရသည် နိုင်ငံ လူဦးရေ (၄၇)သန်း အနက် (၁၅)သန်းအား (၂၀၁၁) ခုနှစ် အလယ်ပိုင်းတွင် အပြီးသတ် ဆေးစစ် ပေးနိုင်ရန် ရည်ရွယ် ထားကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here