ဖြစ်ပုံစုံလင် သည်လတွင် ( ဧပြီ )

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

နှစ်သစ် ကာလမှာ နိုင်ငံရေး၊ စစ်ရေးအရ အရေးပါတဲ့ ပစ်မှတ်တွေလည်း မဟုတ်တဲ့ အများ ပြည်သူကို ဒီလို တမင် ရည်ရွယ် တိုက်ခိုက်ခြင်းမျိုး ကို ဘယ်နိုင်ငံ၊ ဘယ်ပြည်သူ ကမှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး ဆိုတာ ရှင်းနေပါတယ်။

ဒါကိုတောင် ဒီမိုကရေစီရေး၊ လူ့အခွင့် အရေး ဘန်းပြပြီး နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးစားတာတွေ အတွက် အလွန်ပဲအံဩစရာ၊ စိတ်ပျက်စရာ ကောင်းလှပါတယ်။ ဆိုတဲ့ စာပုဒ်ကို စစ်တပ် အာဘော်တခုမှာ ဖတ်လိုက်ရ၏။ တပြိုင်နက် အတွေးတချက် ဝင်လာသည် ကတော့ စစ်တပ်အစိုးရက တိုင်းပြည်ကို ဝိပသာနာ အားထုတ် စိတ်ပုတီးကိုင်ပြီး အာဏာကို ရယူထားတယ်လား ပေါ့။ စိတ်ထဲမှာတောင် ထိခြင်း ငါးပါးနဲ့ ရိုသေစွာ ဂါရဝပြုစိတ် တဖွားဖွား ပေါ်လာတယ်။ ပါးစပ်ရှိလို့ ပြောခွင့်ရတယ်လို့့ပဲ မှတ်ယူ လိုက်ပါ့မယ်။ ပြိုင်ဖက်မရှိ မီဒီယာ၊ တင်းကြပ်တဲ့ စာပေစီစစ်မှု ဝါဒအတွင်း ငါ့စကား နွားရ ပြောနေရတာကိုး။ စဉ်းစားတာကြည့်ပေါ့။

စစ်တပ်ရဲ့ လုံခြုံရေးစည်းဟာ သုံးခု ရှိတယ်။ အဖြူရောင်၊ အညိုရောင်၊ အမဲရောင် ဒေသဆိုပြီး ခွဲခြားထားတယ်။ အဖြုရောင်ဒေသ ဆိုတာက စစ်တပ် အမာခံ ထိန်းချုပ်​ ဒေသ၊ အညိုရောင်က စစ်တပ် ထိန်းချုပ်ထားသော်လည်း ဆန့်ကျင်တိုက်ခိုက်မှု အချိန်မရွေး ဖြစ်ပွားနိုင်တဲ့ ဒေသ၊ အမဲရောင် ကတော့ တိုင်းရင်းသား လက်နက်​ ကိုင်များ ထိမ်းချုပ်ဒေသတို့ ဖြစ်တယ်။ ထိုသုံးခု အနက် အမဲရောင်ဒေသ ဆိုတဲ့ တောနယ်ဒေသများ၊ နယ်စပ်တလျှောက် သူပုန်တွေ ထိန်းချုပ်ထားသော ဒေသများအတွင်း ပေါ်တာဆွဲ၊ တရွာလုံးကျွတ် ပြောင်းရွေ့ခိုင်း မီးရှို့၊ သူပုန် အားပေးသူဆိုပြီး သတ်ဖြတ်ညှင်းဆဲ၊ လက်နက်ကြီး စမ်းတယ်ဆိုပြီး ၈၁ မမ စိန်ပြောင်းတွေနဲ့ ရွာထဲ ပစ်ထည့် သေသူသေ ကြေသူ ကြေ ၊ ရက်ကြီး နေ့အခါ မရောင် ရန်သူအလစ် အငိုက် တိုက်ခိုက်တယ်ဆိုပြီး သူပုန်တွေ ရှိတဲ့ ကျေးရွာအတွင်း ဝင်ရောက်ပြီး တိုက်ပွဲတွေ ဖေါ်လို့ ပြေးကြလွားကြ သေကြေကြသော လူသားပေါင်း၊ စသော စသော အဖြစ်မျိုးတွေက ပုံပြင် မဟုတ်ခဲ့ပါဘူး။ ဤကဲ့သို့ ခံခဲ့ဖူးသော သူများဟာ ၁၅ရက်နေ့ ရန်ကုန် ဗုံးကွဲမှုကို ဒါလေးများ ဆိုပြီး စိတ်မကောင်း ဖြစ်နေမှာပါ။ လေညာက နေသာသပ ဆိုပြီး ငါတို့ ဘာမှ မဖြစ်ဘူး နင့်တို့ အပြစ်နဲ့ နင်တို့ခံဆိုသော အတွေးရှိတဲ့ မြို့နေလူတန်းစားတွေ အတွက် ခေတ်ရေစီးကြောင်း အရ မြို့ပြဟာ စစ်မြေပြင် ဖြစ်လာနေပါပြီ၊ အထူးသဖြင့် မြို့တော်အတွက် နေပြည်တော်ကို ပြောင်းရွှေ့ပြီး သကာလ ရန်ကုန်က စစ်အုပ်စုရဲ့ လုံခြုံရေး စည်းအပြင် အညိုရောင်အဆင့် အဖြစ် ရောက်ရှိလာ၏။ ၁၅ရက် ဗုံးခွဲ တိုက်ခိုက်မှုဟာ န.အ.ဖ တို့ လက်ချက် မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ စစ်တပ်သည် ၎င်းတို့ အာဏာတည်မြဲဖို့ အတွက် အဖြူရောင် ဒေသက လွဲပြီး မည်သည့်နေရာမဆို အကြမ်းဖက် လုပ်ငန်းများ အကွက်ကျကျ လုပ်ဆောင်တတ်သည် မဟုတ်ပါလား။

စစ်တပ်၏ မတရားမှုအပေါ် တုံပြန်နိုင်ဖို့အတွက် ၈၈ နောက်ပိုင်း လူငယ်အများစုဟာ လက်နက်ကိုင်ပြီး ဆန့်ကျင် တော်လှန်မယ် ဆိုတဲ့ အတွေးများနှင့် နယ်စပ်ဒေသ သူပုန်တွေ ထိန်းချုပ်ရာ လွတ်မြောက်ဒေသများသို့ ထွက်ခွာလာပြီး ၁၅နှစ်လောက် လက်နက်ကိုင် တိုက်ပွဲပုံစံဖြင့် ဆန့်ကျင် တိုက်ခိုက်လာခဲ့ကြတယ်။ ဒါပေမဲ့ ကျဆုံးခဲ့တယ်။ ဘာကြောင့်လဲ အဓိကက လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ သံသယရှိမှု မယုံကြည်မှု နှင့်အတူ စည်းလုံးမှု မရှိခြင်း၊ လူငယ်ကျောင်းသား ခေါင်းဆောင်များ ရင့်ကျင့်မှု မရှိခြင်းများကြောင့် ရည်မှန်းချက် ပျောက်ခဲ့ရတယ်။ အထူးသဖြင့် ပြည်မဒေသ မြို့ကြီးမြို့ငယ်များမှ ထွက်ခွာလာသော လူငယ်ကျောင်းသား များဟာ တိုင်းရင်းသား လက်နက်ကိုင်တို့၏ သံသယနှင့် ဆက်ဆံမှုအပေါ် စိတ်ပျက်လာပြီး တချို့က ခေါင်းဆောင်များ၏ အာဏာလုမှု အပေါ် စိတ်ကုန်လာသဖြင့် ပြည်တွင်း ပြန်ဝင် ၊တချို့က ပြည်ပသို့ အခြေချနေထိုင်ရန် အသီးသီး ထွက်ခွာခဲ့ရသည်။

စစ်အစိုးရအား တော်လှန်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်တို့၏ အကူအညီကို ရယူဖို့ မဖြစ်နိုင်မှန်း သိလိုက်ရသည့် အချိန်က စပြီး ယနေ့ ဆန့်ကျင် တိုက်ခိုက်​ နေသော၊ ဆန့်ကျင် တိုက်ခိုက်လို စိတ်ရှိသော မျိုးဆက်သစ် မြိုပြလူတန်းစား များသည် တိုက်ပွဲ ပုံစံအသစ် တခုကို ဗျူဟာကျကျ စမ်းသပ်တိုက်ခိုက် လာခဲ့သည်။ တိုက်ပွဲ ပုံစံ​ အသစ်အတွင်း အကြမ်းမဖက်တဲ့ နည်းဖြင့် ဆန့်ကျင်နေသော သူများ ထိုလုပ်ရပ်ကို လုပ်နိုင်လိမ့်မည် မဟုတ်၊ တချို့ မမြင်နိုင်သော အင်အားစုများမှ တိုက်ခိုက် လာနိုင်​ သည်။ ကိုယ့်အရပ်ဒေသမှာ တိုက်ခိုက် ထိခိုက်မှုရှိလို့ အကြမ်းဖက် တိုက်ခိုက်မှုကို ရှုံချတယ် ကန့်ကွက်တယ် ဘာညာ အော်နေနေ၊ ထို တိုက်ကွက်ဟာ ယနေ့ မြန်မာ့နိုင်ငံရေး ပြဿနာများ အတွင်း အစပြု အရေးပါလာပြီ ဆိုရပါမယ်။

တဆက်တည်း မှာပင် န.အ.ဖ သည် အပစ်ရပ်အဖွဲ့ များအား နယ်ခြားစောင့် တပ်အဖြစ် အတင်းအကြပ် သွတ်သွင်းခြင်း၊ ပြည်သူ့စစ် တပ်ဖွဲ့များ ဖွဲ့စည်းခိုင်းခြင်းများ လုပ်ေဆောင်နေတယ်။ သွတ်သွင်းခြင်းကို ရက် သတ်မှတ်ပေးကာ လက်မခံပါက မတရား အသင်းအဖြစ် ကျေညာသွားမည်ဟု အမိန့်တွေ ထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့ ပြည်ထောင်စု ထဲက မခွဲထွက်ပဲ သင့်တင့် လျှောက်ပတ်သော အခွင့်အရေး မရပါက လက်ခံမည် မဟုတ်ဟု အတိအလင်း ဆန့်ကျင်နေသည်။ တကယ်လို့များ န.အ.ဖ က သူ့ အဆိုကို လက်မခံပါက စစ်ရေးအရ ခြိမ်းခြောက် လာမည်ဖြစ်သည်။ အပစ်ရပ်အဖွဲ့ အနေဖြင့်လည်း အင်အား မမျှစေကာမူ ပါးကိုက်ရင် နားကိုက်မည် ဆိုတဲ့ အတွေးက ရှိပြီးသား ဖြစ်မှာပါ။ ဒါကြောင့် သူတို့အတွက် ဖြစ်တဲ့နည်းဖြင့် တိုက်ခိုက်လာမှာ သေချာတယ်။ အထူးသဖြင့် ပြည်မရှိ မြို့ကြီးများကို အဓိက ပစ်မှတ်အဖြစ် ဗုံးခွဲတိုက်ခိုက် လာလိမ့်မည်ဟု မြင်မိပါ၏။ အဘယ်ကြောင့် ဆိုသော် စစ်အစိုးရ၏ ခေါင်းဆောင်ဟောင်း တယောက်ဖြစ်သော ဗိုလ်ခင်ညွန့် လက်ထက်က တိုင်းရင်းသား လက်နက်ကိုင်ဖွဲ့ တချို့ကို ငြိမ်းချမ်းရေး အပစ်ရပ် စာချုပ် ချုပ်ဆိုခဲ့ပြီး မြို့အတွင်းသို့ အရောက် ခေါ်ဆောင် လာခဲ့သည်။ ထိုကာလများ၏ အစောပိုင်း ကာလက လက်နက်ကိုင် သူပုန်( ၎င်းတို့​ အခေါ် သောင်းကျန်းသူ) များသည် မြန်မာပြည် အတွင်း မြို့အနေအထားများကို ဂဃနဏ မသိသေးချေ၊ ယခုမူ အပစ်ရပ် ကာလအတွင်း မြန်မာပြည် အနှံအပြား ပြဲပြဲစင်အောင် သွားလာပြီး အခြေအနေ အရပ်ရပ်ကို သိရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့ ထိန်းချုပ်ထားသည့် နေရပ်များကို စစ်ရေးဖြင့် ကျူးကျော် တိုက်ခိုက်​ လာပါက တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် ဗုံးခွဲတိုက်ခိုက် နည်းမှတပါး တခြားမရှိတော့ချေ။

ပမာ အနေနှင့် ယူနိုက်တက် ကင်းဒမ်းဆိုပြီး ခေါင်းစဉ်အတွင်း သွတ်သွင်းခြင်း ခံရသော အိုင်ယာလန် ပြည်သားများဟာ သူတို့အတွက် အမာခံဒေသ လွတ်မြောက်နယ်မြေ မရှိခဲ့လို့ မြို့ပြဟာ ငါတို့၏ အမာခံနယ်မြေဆိုပြီး မြို့တွင်း ပျောက်ကျား စံနစ်ဖြင့် ဗြိတိသျှတို့အား ဆန့်ကျင် တော်လှန်ခဲ့ကြရတယ်။ သူတို့ရဲ့အဓိက ဗျူဟာက မည်သည့်နေရာမဆို ဗုံးခွဲတိုက်ခိုက်ရန် ဖြစ်တယ်။ ထို တိုက်ခိုက်မှု၏ အစဦးပိုင်းတွင် မြို့ပြ ပြည်သူများ အသက် အိုးအိမ် စည်းစိမ်းကို ထိခိုက် ကျဆုံးသဖြင့် ပြည်သူပြည်သား များက ဗုံးခွဲတိုက်ခိုက်ခြင်း အပေါ် အပြင်းအထန် ရှုတ်ချ ခဲ့သော်ငြားလည်း အိုင်ယာလန် မြို့ပြသူပုန်များက သူတို့ရဲ့ ဗျူဟာကို အင်္ဂလိပ်လူမျိုးတို့ စေ့စပ် ဆွေးနွေးလာသည် အထိ ဆက်လက် အကောင်အထည် ဖေါ်ခဲ့ကြတယ်။ ပြည်သူပြည်သား များဟာ ထိုဗုံးခွဲ တိုက်ခိုက်မှုအပေါ် မနှက်မြို့သော်လည်း အုပ်ချုပ် သူတို့အပေါ် တောင်းဆို လာခဲ့​ တယ်။ ဗုံးခွဲ တိုက်ခိုက်မှု၏ အရင်းအမြစ်ဟာ ဘယ်က လာသလဲလို့ အဖြေထုတ် လိုက်တဲ့အချိန်မှာ အင်္ဂလိပ် အစိုးရဟာ မတရား အုပ်ချုပ်နေသောကြောင့် ဖြစ်တယ်လို့ ပြည်သူများ အမြင်ရှိလာပြီး အုပ်ချုပ်သူ အင်္ဂလိပ် အစိုးရအပေါ် ဖိအားပေး တောင်းဆိုလာရမှ တဖက်နှင့်တဖက် စေ့စပ်ဆွေးနွေး ပြီးနောက် အိုင်ယာလန် တော်လှန်ရေး​ ဟာ အောင်မြင်ခဲ့တယ် မဟုတ်လား။

ယနေ့ မြန်မာနိုင်ငံ အတွင်း စစ်မှန်တဲ့ နိုင်ငံရေးအရ ဖြေရှင်းမှုမရှိ ငါ့မြင်း ငါစိုင်း ငါ့လှေ ငါထိုး အတွေးနဲ့ ငါချည်းသာပဲ အမြဲမှန်တယ်ဆိုပြီး တိုင်းပြည်ကို မတရား အုပ်ချုပ် မင်းလုပ်နေမယ်ဆိုလျှင် မတရားမှုအတွက် တော်လှန်နေတဲ့ တိုက်ပွဲ ပုံစံတွေက ခေတ်ရေစီးကြောင်း အရ ပုံစံသစ် အမျိုးမျိုးနှင့် ပေါ်ပေါက်နေမှာ သေချာတယ်။ အိမ်ထောင်စု တခုမှာ ပြဿနာတွေ ဖြစ်လာရင် တာဝန်အရှိဆုံး သူကတော့ အိမ်ထောင် ဦးစီးပါပဲ။ ပြဿနာကို နည်းမှန်လမ်းမှန် သမာသမတ် ကျကျ ဖြေရှင်းနိုင်မည် ဆိုရင် ဆိုးဝါးတဲ့ ဒဏ်ချက်တွေကို အိမ်သားအားလုံး မခံစားရမည် မဟုတ်ပါ။ ယနေ့ ၁၅ရက်နေ့ ဗုံးကွဲမှုဟာ ဘယ်သူ့ လက်ချက်ပဲ ပြောနေဆိုနေ၊ သေချာတခုက နိုင်ငံရေး​ ပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းချင်သော၊ အလုံးစုံ ပျက်သုဉ်းရေး လမ်းစဉ်တခုကို လျှောက်နေသော စစ်အုပ်စုရဲ့ တာဝန်ဟု တထစ်ချ မှတ်ယူရမည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်မှန်တဲ့ ဖြေရှင်းမှု မဟုတ်တဲ့အတွက် မမြင်နိုင်သော အင်အားစု များဟာ ထိုဗုံးကွဲ တိုက်ခိုက်နည်းကို ကျင့်သုံး လာလိမ့်မည်ဆိုတာ မြေကြီး​ လက်ခတ် မလွဲပါ။ သူများ လက်ညိုးထိုး စွပ်စွဲတိုင်း တထစ်ချ မှတ်ယူ ဒေါသဖြင့် မရှုတ်ချပါနဲ့၊ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ၊ ပြဿနာ အစကို ပြန်ကောက်ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ မြန်မာပြည်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု အားလုံးဟာ မတရား အုပ်ချုပ်နေသော စစ်အုပ်စုသာ တာဝန်ရှိတယ် ဆိုတာကို ယေဘူယျ ကျကျ တွေးမြင်ဖို့ လိုအပ်ပါတယ်။

အတိုက်အခံ အုပ်စုများကို သောင်းကျန်းသူ အဖျက်သမားများအား အမြစ်ပြတ် ချေမှုန်းမည်ဆိုတဲ့ ခေါင်းစဉ်တပ် ထားတာကိုက စစ်အုပ်စုဟာ မိမိအား ဆန့်ကျင်သူ မှန်သမျှကို လက်ဆွဲနှုတ်ဆက် စေ့စပ်လို စိတ်မရှိပဲ စစ်ရေး။ အကြမ်းဖက် နိပ်ကွပ်မယ် ဆိုရင် ဆန့်ကျင် တိုက်ခိုက်မှုဟာ အသွင်မျိုးမျိုးနှင့် ပေါ်ပေါက်နေမှာကို ၁၅ရက် ဗုံးကွဲမှုအပေါ် ရှုတ်ချနေသော သူများ တွေးထားသင့်ပါတယ်။ ထိုအမှုကို ဘယ်သူပဲပြုပြု အကြောင်းကြောင့် အကျိုးဖြစ်ဆိုသကဲ့သို့ အရှိတရားက ခေတ်ရေစီးကြောင်း အရ ဖြစ်ပေါ် တိုးတက်နေမှာ ဖြစ်တယ်။ ၆၂ခုနှစ် ကာလများက တိုင်းရင်းသားများ၏ ဖယ်ဒရယ်မူ အပေါ် ခွဲထွက်သည့်ဟု အပြစ်ပုံချပြီး နိုင်ငံရေး အမြတ်ထုတ် တိုက်ခိုက် နိမ်နှင်းခဲ့သည်။ ယနေ့ ကာလများတွင် စစ်အစိုးရနှင့် အပစ်ရပ်အဖွဲ့ တချို့ ညှိနှိုင်း ဆွေးနွေးချက်များ အရ မည်သူက အမှန်၊ ဘယ်ဝါက အမှား လူတိုင်း သိမြင်နေသဖြင့် နောက်တကြိမ် စစ်ပွဲတခု ဖြစ်ပွားလာပါက စစ်အစိုးရ၏ တာဝန်သာ ဖြစ်သည်။

ဘာပဲ ပြောပြောနေ မြန်မာပြည် အတွက် သုံးပွင့်ဆိုင် ငြိမ်းချမ်းစွာ မဖြေရှင်း သရွေ့တော့ ခေတ်သစ်တိုက်ပွဲ ပုံစံအသစ်တခု အစပျိုးလာနေသည်ကို တွေ့မြင်နေရသည်။ ဖြစ်ခြင်းက ရှိလာနေသည် ထိုအရာကို မည်ကဲ့သလို ဖြေရှင်းမည်နည်း။ မြန်မာပြည်သား အနေဖြင့် ခေတ်သစ် အိုင်ယာလန် တော်လှန်ရေး ပုံစံကဲ့သို့ ဖြစ်လာနေသည်။ ထိုအရာကို ရှုတ်ချတယ် လက်မခံဘူး ပြောနေနေ ပြုချင်တဲ့သူက လုပ်နေမှာပဲ။ ၁၅ ရက် ဗုံးခွဲ တိုက်ခိုက်မှုဟာ တဖက်နဲ့တဖက် လက်ညိုးထိုး စွပ်စွဲ၊ အပြန်အလှန် ဖြေရှင်းချက်​ များကို တွေဝေနေလို့ မရပါ၊ ဘယ်သူပဲ ခွဲခွဲ ၊ နောက်ဖြစ် ပေါ်လာလတ္တံသော ဗုံးခွဲ တိုက်ခိုက်မှုအပေါ် ပြည်သူများ တာဝန်သိသိနှင့် ဖြေရှင်းဖို့ လိုအပ် လာသည်ဟု ထင်မြင်​ မိ၏။ ဖြေရှင်းဖို့ ဆိုရာဝယ် သက်ဆိုင်ရာအား သတင်းပေး ဖမ်းဆီးခိုင်းယုံနှင့် ဒီ ပြဿနာက အလုံးစုံ ပြီးမြောက်နိုင်မည် မဟုတ်ပါ။ အထက်က ဖေါ်ပြခဲ့သို့ နိုင်ငံရေး​ ပြဿနာများကို သုံးပွင့်ဆိုင် စေ့စပ် ဆွေးနွေးလာသည် အထိ ပြည်သူများက စစ်အုပ်စုအား သုံးပွင့်ဆိုင် ဆွေးနွေးလာသည် အထိ ဖိအားပေးသော နည်းလမ်းက အမှန်​ ဖြစ်ကြောင်း။

လူလ

ရွှင်လန်း ချမ်းမြေ့ပါစေ

LEAVE A REPLY

Please enter your comment!
Please enter your name here