ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အရပ်သား ၃ဦးအား လက်နက်ကိုင် များက ပစ်သတ်

alt

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ခွဲထွက်ရေး မွတ်ဆလင် စစ်သွေးကြွဟု ယူဆ ရသည့် လက်နက်ကိုင် တပ်ဖွဲ့ များက မွတ်ဆလင် အရပ်သား (၃)ဦးအား

ပစ်သတ်ခဲ့ကြောင်း ထိုင်းအစိုးရက အတည်ပြု ပြောကြားခဲ့သည်။

နာရာသီဝပ် ခရိုင်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ် ပွားပြီး နောက်တနေ့ နံနက် အစောပိုင်း ဧပြီလ (၂၂) ရက်တွင် ယခုလို အပြစ်မဲ့ ပြည်သူများ အသတ်ခံရခြင်းဟု ဒေသခံ ရဲတပ်ဖွဲ့ ကဆိုသည်။ အသက် (၂၁) နှစ်ရှိ မွတ်ဆလင် အမျိုးသား တဦးသည် ကာရာအိုကေ အခန်းအတွင်း အသတ်ခံရပြီး အသက် (၂၀) အရွယ် အမျိုးသား တဦးမှာ နေအိမ်တွင်ပင် အပစ်ခံရပြီး သေဆုံးခဲ့သည်။

ထို့အပြင် အသက် (၅၆)နှစ်ရှိ ကျေးရွာဒုတိယ အကြီးအကဲ တဦးသည်လည်း ပက်တာနီရှိ နေအိမ်မှ ကျောင်း တကျောင်းရှိ လုံခြံုရေး တာဝန်ကျရာသို့ အသွားတွင် ပစ်သတ် ခံခဲ့ရသည်။ ထိုနေ့ မတိုင်မီ ဧပြီလ (၂၁)ရက်နေ့က ပက်တာနီတွင် လက်ပစ် ဗုံး တလုံးဖြင့် တိုက်ခိုက်မှုနှင့် ကားဗုံး ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ ရဲတဦး သေဆုံးပြီး ရဲနှင့်ပြည်သူ ဒါဇင်နှင့်ချီ ဒဏ်ရာများ ရရှိ ခဲ့သည်။

နိုင်ငံ တောင်ပိုင်းရှိ ခွဲထွက်ရေး မွတ်ဆလင် ပြောက်ကျား များကြောင့် (၆)နှစ် အတွင်း သေဆုံးသူ အရေအတွက်သည် (၄၁၀၀) မျှ ရှိနေပြီဟု သိရသည်။ မလေးရှားနှင့် နယ်စပ် အနီး ခိုအောင်းနေသည့် စစ်သွေးကြွများသည် ဒေသခံ ဗုဒ္ဓ ဘာသာဝင်များ အပြင် မွတ်ဆလင် ဘာသာဝင်များ ကိုပါ တိုက်ခိုက် သတ်ဖြတ်လေ့ ရှိသည်။ မလေး အနွယ်ဝင် စစ်သွေးကြွ များသည် ဗုဒ္ဓဘာသာ အဓိက ကိုးကွယ်သည့် ထိုင်းနိုင်ငံမှ ခွဲထွက်ရန် (၂၀၀၄)ခုနှစ် နောက်ပိုင်းမှ စတင်ကာ အပြင်းအထန် ကြိုးပမ်းလာပြီး စစ်တပ်နှင့် ရင်ဆိုင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here