ဘိုးဘိုးအောင် ကိုယ်မဖြစ်လို့ စိတ်ညစ်ရတယ်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ဆေးရုံက ပြန်ဆင်းလာစ ရက်တရက်မှာ မန္တလေးက စာဖတ်ပရိသတ် လူငယ်တဦး ဖုန်းဆက်လာပါတယ်။ သူ့ဘဝနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တခု ချဖို့ရာ၊ ဝေခွဲမရ ဖြစ်နေတာကြောင့် အကြံတောင်း ပါရစေလို့ မေတ္တာရပ်ခံ စကားဆိုပါတယ််။

သူဟာ ကျောင်းပြီးစ ဆရာဝန်ငယ်လေး တဦးဖြစ်ပြီး ပို့စတင် (Posting) လျှောက်ထားတာ စောင့်နေရင်း ဆေးကုမ္ပဏီ တခုမှာ လုပ်နေတယ်လို့ ရှင်းပြပါတယ်။ မကြာခင် ရက်ပိုင်း အတွင်း လောက်မှာ ဆေးကုမ္ပဏီ ရုံးခွဲတခုရှိရာ အာစီယံနိုင်ငံ တခုကို သွားပြီး ၂ လကြာ သင်တန်းတခု တက်ဖို့ ရွေးချယ် ခံထားရပါတယ်တဲ့။

ဆရာဝန် လုပ်မှာလား​​​?

သူ ဆုံးဖြတ်ရ ခက်နေတာက သင်တန်း သွားတက်မယ် ဆိုရင် ကုမ္ပဏီက သုံးနှစ်အတွင်း အလုပ် မထွက်ဘူးဆိုတဲ့ အာမခံချက် လက်မှတ် ရေးထိုးရမယ် ဆိုတဲ့ ကိစ္စဖြစ်တယ်။ ဒါအပြင် ပို့စတင် လျှောက်ထားတာ ကလည်း မကြာမီမှာ ကျဖို့ရှိကြောင်း ကြားရလို့ ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေပါတယ်။ ဒါကြောင့် အကြံဉာဏ်တောင်းရ တာပါလို့လည်း ဆက်ပြောပါတယ်။ သူ့စကား ဆုံးဆုံးချင်း အရင်ဆုံး မေးလိုက်တဲ့ မေးခွန်း ကတော့

ဆရာဝန်လုပ်ဖို့ စိတ်ကူးရှိသလား

ဆိုတာပဲ ဖြစ်တယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဆရာဝန် အလုပ်ကို လုံးလုံး ဝါသနာ မပါဘဲ၊ ခေတ်ရေစီးကြောင်းက ဆေး ကျောင်းတက်မှ ဂုဏ်ရှိတာလို့ ဖြစ်နေတာကြောင့် ဆေးကျောင်းတက်ခဲ့ပြီး၊ ကျောင်းပြီး သွားတော့ ဆရာဝန် မလုပ်ပဲ တခြား စီးပွားရေး လုပ်ငန်းတွေထဲ ရောက်သွားကြသူမျိုး တွေ အများကြီး တွေ့ခဲ့ဖူးလို့ဖြစ်တယ်။ ဒီလူငယ်လေးကတော့ “ဆရာဝန် လုပ်ချင် ပါတယ်” လို့ ဖြေပါတယ်။ ဒီတော့ ထွေထွေထူးထူး စဉ်းစားနေစရာ မလိုတော့ဘဲ၊ စာချုပ်ကို လက်မှတ်မထိုးဘဲ၊ ပို့စတင် ဝင်ဖို့သာ စောင့်ပါလို့ အကြံပြု လိုက်ရတယ်။

ဘိုးဘိုးအောင် မဟုတ်ဘူး

“ဆေးကုမ္ပဏီမှာ လုပ်တယ် ဆိုတာက ဈေးရောင်းတဲ့ အလုပ်ပဲကွဲ့။ ဆရာဝန် တွေရဲ့ အလုပ် မဟုတ်ဘူး။ နှုတ်စလျှာစ ကောင်းသူမှန်သမျှ ဘယ်သူမဆို လုပ်လို့ ရတယ်။ လူတွေကို ဆေးကုတဲ့ အလုပ်က လူတိုင်း လုပ်လို့ရတာ မဟုတ်ဘူး။ ဒါကြောင့် ဆရာဝန် အလုပ်ပဲ လုပ်သင့်တယ်။ နိုင်ငံခြားသွားတယ် ဆိုတာက ဆရာဝန် လုပ်ရင်းက နေပြီး ပညာသင်တွေ ဘာတွေ သွားလို့ အချိန်မရွေး ဖြစ်တာပဲ။ လတ်တလော ရတဲ့ မဖြစ်စလောက် ဒေါ်လာ မျက်နှာတခုတည်း မကြည့်ဘဲ၊ ရေရှည်ကို ကြည့်ပါ” လို့လည်း ရှင်းပြလိုက် ရတယ်။ လူငယ်တွေရဲ့ အားမာန်ကို ဖေါ်ကျူးတဲ့ စာတွေကို ဂျာနယ်တွေမှာ ရေးနေတာကြောင့်၊ လူငယ်တွေဆီက အခုလိုပဲ အကြံတောင်းတဲ့၊ ရင်ဖွင့်တဲ့ စာတွေ၊ ဖုန်းတွေ အမြဲလိုလို ရနေတာကြောင့် မဆိုင်းမတွ ပြန်ဖြေလိုက်နိုင်တာ ဖြစ်တယ်။ တခါတလေမှာ မိဘတွေဆီက အကြံတောင်းတာ၊ ရင်ဖွင့်တာတွေ လည်း ရှိတတ်လေတော့ ဒီခေတ်ကြီး အကြောင်းနဲ့ လူငယ်တွေအကြောင်း ကောင်းကောင်း သိနေရတော့တယ်။ တကယ်တော့ မိဘတွေရော လူငယ်တွေပါ သနားစရာပါ။ ဂျာနယ်တွေမှာ စာရေးဆရာ တယောက် ကိုပဲ အားကိုးတကြီး မှတ်ယူပြီး အကြံတောင်းတာ၊ ရင်ဖွင့်တာတွေ လုပ်နေကြရရှာတာ။ တကယ်တော့ စာရေးဆရာ ဆိုတာ ဘာလုပ်ပေးနိုင်တာ မှတ်လို့။ အကြံ ပေးတယ် ဆိုတာလည်း အမြဲတစေ အကြံကောင်း ဉာဏ်ကောင်းတွေ ဘယ်ပေးနိုင်မှာလဲ။ စာရေးဆရာဆိုတာ ဘာသာရပ်ဆိုင်ရာ ပညာရှင် မဟုတ်သလို

ဘိုးဘိုးအောင်

လည်း မဟုတ်ဘူးလေ။

စိတ်မကောင်းစရာ

ဒါပေမယ့် လူတွေခမြာ ဂျာနယ်သမား စာရေးဆရာတွေပဲ ဘိုးဘိုးအောင် သဖွယ် အားကိုးနေကြရှာတာ၊ သနားစရာ ကောင်းလိုက်တာ။ ကျောက်စိမ်းတွင်း ဒေသမှာ အလုပ်လုပ်နေတဲ့ လူငယ်တယောက် ကဆို နိုင်ငံ့ ရတနာတွေကို အချောင်လာနှိုက် နေကြတာတွေ ရင်နာလွန်းလို့၊ တိုင်းပြည်အတွက်ဆို ဘာပဲ လုပ်ရလုပ်ရ ခိုင်းစမ်းပါ၊ လမ်းညွှန်စမ်းပါ ခင်ဗျာ။ ကိုယ်ကျိုးစွန့်ပြီး လုပ်ချင် လှပါတယ်လို့တောင် စာရေးရှာတယ်။ ဒီလိုစကားမျိုးတွေ ကြားရ ဖတ်ရတဲ့ အခါတိုင်း ကြီးစွာ စိတ်မကောင်း ဖြစ်မိတယ်။ ဘာမှ လုပ်မပေးနိုင်ဘူးဆိုတာ သိလျက်နဲ့တောင်၊ ဂျာနယ်သမား တယောက်ကို

ဘိုးဘိုးအောင်

လို့ အားကိုးအားထား ပြုနေကြရှာတာ။ နိုင်ငံရပ်ခြား တိုင်းပြည်အသီးသီး ရောက်နေ ကြတဲ့ လူငယ်တွေဆီကလည်း စာတွေဖုန်းတွေ အမြဲရောက်နေတာပဲ။ သူတို့တတွေ လည်း ဘိုးဘိုးအောင် ရှာနေကြတာပဲလေ။ စိတ်မကောင်းလိုက်တာ။

ရှင်ပြုတုန်းက ရွှေထီးဆောင်းတာ မဟုတ်

လူမျိုးက ခပ်ထုံထုံ ထိုင်းထိုင်း၊ ခပ်နုံနုံ ခပ်အအမို့ ခုလို ဘိုးဘိုးအောင် ရှာနေ တာဆိုရင်တော့ ဝမ်းနည်းစရာ မရှိပါဘူး။ မြန်မာဆိုတာက သူ့ကျွန်ဘဝ မှာတောင် နေမဝင် အင်ပါယာထဲမှာ အချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့ပြီး၊ ကမ္ဘာမှာ စာတတ်မြောက်မှု ရာနှုန်း အမြင့်ဆုံး နိုင်ငံလေ။ အင်ပါယာရှင် ဗြိတိန် နိုင်ငံကြီးမှာတောင် အမျိုးသမီးတွေ ကျောင်းနေ ပညာ သင်ယူခွင့် မရှိကြသေးချိန်မှာ၊ မြန်မာ အမျိုးသမီးငယ် တွေက ဘုန်းတော်ကြီး ကျောင်းတွေမှာ ပရိတ်ကြီး ၁၁ သုတ်လောက်တော့

တဂျောင်း ဂျောင်းနဲ့

ရွတ်ဆို နေနိုင်ကြပြီလေ။ ဥရောပတိုက်သား မျက်နှာဖြူတွေ ပင်လယ်ဓါးပြ လုပ်စား နေကြချိန်တွေမှာ မြန်မာတွေက

လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း

လို့ စာချိုး ရှိတဲ့အထိတောင် ယဉ်ကျေးမှုအဆင့် မြင့်မားနေပြီပဲ။ “ရှင်ပြုတုန်းက ရွှေထီး ဆောင်းတာ” ကိုသာ ပြောနေတာ မဟုတ်ဘူး။ ဒီခေတ်မှာလည်း အာရှ တခွင်လုံးမှာ အိန္ဒိယက လွဲရင် နိုင်ငံခြားသားများ အတွက် အဆင်ပြေဆုံး (tourist friendly) နိုင်ငံဟာ မြန်မာနိုင်ငံပဲ မဟုတ်လား။ နိုင်ငံခြားသား တယောက် ဂျပန် ရောက်ရောက်၊ ကိုရီးယား ရောက်ရောက်၊ ယိုးဒယား ရောက်ရောက်၊ သူတို့ဘာသာစကား မတတ်ရင်၊ သွားရေးလာရေး၊ စာရေးသောက်ရေးတောင် တော်တော်အဆင်မပြေ ဖြစ်ကြရတာ။ မြန်မာနိုင်ငံ မှာကတော့ ဘယ်ဆိုက်ကား မြင်းလှည်းတက်စီးစီး၊ ဘယ်ထမင်းဆိုင် ဝင်စားစား၊ အဆင်ပြေအောင်တော့ အင်္ဂလိပ်စကားနဲ့ ပြောလို့ ဖြစ်နေတာပဲ။

စင်းဂလစ် မဟုတ်ဘူး

မြန်မာတွေပြောတဲ့ အင်္ဂလိပ်စကားက “ပစ်ဂျင်း အင်္ဂလိပ်” (Pigeon English) မဟုတ်ဘူး၊ “စင်းဂလစ်” (Singlish) မဟုတ်ဘူး။ “ယိုင်နိုး ယဲဗရီးသင်း” မဟုတ်ဘူး။ သိုင်းကျူးနဲ့ ဆာတီး မဟုတ်ဘူး။ သဒ္ဒါ မှားချင်မှားမယ်၊ လေယူလေသိမ်း ကွာချင်ကွာမယ်၊ အသံထွက်နဲ့ စကားလုံး အသုံးအနှုန်းကတော့ တကယ့် စံတော်ဝင် ဗြိတိသျှ အင်္ဂလိပ်၊ မြန်မာပြည်က ဆိုက်ကားသမားတောင် နိုင်ငံခြားသားတွေနဲ့ အလုပ် ဖြစ်ရုံလောက်တော့ အင်္ဂလိပ်စကား ပြောနိုင်တယ်။ “ဝါးလုံးခေါင်းထဲ လသာ နေတာ” မဟုတ်ဘူး။ တကယ့်ကို ဉာဏ်ရည်ဉာဏ်သွေး၊ သတ္တိသွေး၊ ဗျတ္တိသွေး မခေတဲ့လူမျိုးပါ။ ဒီလိုလူမျိုးက ဘာဖြစ်လို့များ ဘိုးဘိုးအောင် ရှာနေကြရတာလဲ။ ပြီးတော့ ဘာမှ လုပ်ပေး နိုင်စွမ်း မရှိတဲ့ ဂျာနယ်သမား စာရေးဆရာကိုမှ ဘာ့ကြောင့် အားကိုးအားထား ပြုနေကြ ရတာလဲ။ စေ့စေ့တွေးတော့ စိတ်မကောင်းဖြစ်ရုံမျှမက၊ ကြောက်လည်း ကြောက်လာ တယ်။ သတင်းစာသမား၊ ဂျာနယ်သမားကို အားကိုးအားထား ပြုကြတာက “ယုံကြည်မှု” ရှိကြရှာလို့ကိုး။ သူတို့ရဲ့ နားအဖြစ် ဆောင်ရွက်ပေးလိမ့်မယ်၊ သူတို့ရဲ့ ပါးစပ်ပေါက်အဖြစ် လုပ်ဆောင် ပေးလိမ့်မယ်၊ သူတို့ရဲ့ ပုခုံး၊ သူတို့ရဲ့ လက်ရုံးအဖြစ် တာဝန် ယူလိမ့်မယ်လို့ ယုံကြည်ကြရှာတယ်။

ကြောက်မိတယ်

စာဖတ်သူတွေက အဲဒီလို “ယုံကြည်မှု” ကြီးမားလေလေ ကြောက်လာ လေလေပဲ။ သူတို့ယုံကြည်သလို

ကိုယ့်ဘက်က တာဝန်ကျေအောင် မဆောင်ရွက်နိုင် မှာကို တွေးပြီး ကြောက်မိတာ ဖြစ်တယ်။

ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြို မယ်ကြံ၊ ခါးကမသန်

ဆိုတဲ့စကား အရှိသား မဟုတ်လား။ ဒါပေမယ့် တဖက်က စဉ်းစားတော့လည်း စာဖတ် ပရိသတ် ပြည်သူလူအများက ယုံကြည်အားထားတဲ့ သတင်းစာ ဂျာနယ်တစောင် ဖြစ်လာဖို့၊ သတင်းစာသမား ဂျာနယ်သမား တယောက် ဖြစ်လာဖို့ဆိုတာ လွယ်တာ မဟုတ်ပေဘူး။ ပြည်သူ လူထုက တော်တော်ကြီးကို မေတ္တာထားလို့သာ ဖြစ်ကြရတာ။ ကိုယ်က ကိုယ်လုပ်သင့် လုပ်ထိုက်တာကို မလုပ်ဘူး ဆိုခြင်းဟာ တာဝန် ပျက်ကွက်ရုံမျှသာ မဟုတ်ဘူး။ စာဖတ်ပရိသတ် ပြည်သူလူထုရဲ့ မေတ္တာ စေတနာကို အသိအမှတ် မပြုရာ ရောက်တယ်။ ကျေးဇူး တရားကို အသိအမှတ် မပြုတာဟာ မေတ္တာ စေတနာထားသူများကို စော်ကားရာတောင် ကျတယ်။ အဲဒါ ကြောင့် ခါးမသန်ပေမယ့်လည်း အားမာန်ကို အသားကုန်တင်းပြီး ရေဆန်ခရီးကို တက်စုံ ရွက်ကုန် လွှင့်လှော်ကြဦးစို့ …. ဗျာ။

လူထုစိန်ဝင်း

၇ ကြိမ်မြောက် မြန်မာ သတင်းသမဂ္ဂ ညီလာခံတွင် ထုတ်ဝေ ဖြန့်ချီ ခဲ့သည့် လူထုရနံ စာစုများ စာအုပ်မှ ကောက်နုတ် တင်ပြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here