ရင်လွဲအိမ်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ယခု အိမ်ပြန်လာနေပြီ ဆိုတဲ့ အသိက တရံမလပ် အတွေးထဲ ဝင်နေသည်။ တဒိတ်ဒိတ်ဖြင့် ခုန်နေသော ရင်သည် ကြည်နူး ချမ်းမြေ့မှု​ ကြောင့်သာ ဖြစ်သည်။ ၅ နှစ်တာ ဝေးကွာခဲ့သော

မိသားစုကို မကြာခင် ပြန်တွေ့ ရတော့မည်။ အကြောင်းမကြားဘဲ ပြန်ရောက်လာသော ကျနော့ကို မြင်လိုက်သောအခါ သူတို့ တဒင်္ဂတော့ အံ့ဩတိတ်ဆိတ် သွားနိင်သည် ။ ထို့နောက် ဆူညံသော အော်ဟစ်သံများဖြင့် ကျနော့ကို အပြေးအလွှား ပွေ့ဖက်လာကြမည်။

သား၊ သမီးတွေဖြင့် နွေးနွေးထွေးထွေး နေလေ့ရှိသော ဖေဖေက ကျနော့ကို အရင်ဆုံး ပွေ့ဖက်လာမလား။ ကျနော့ကို သိပ်ချစ်သော မေမေ ကတော့ ဝမ်းသာခြင်း များစွာနဲ့ မျက်ရည်တွေ စီးကျလာမည်။ ထို့နောက် တရှုံ့ရှုံ့ဖြင့် ငိုကြွေးမည်။ မေမေငိုလျင် မမ တို့လည်း ဝမ်းနည်းဝမ်းသာ လိုက်ငိုကြမည်။ ပြီးလျင် ကျနော့ကို ပွေ့ဖက်ကြမည်။ ကျနော် ကရော သူတို့တွေ ငိုလျင် မျက်ရည်မကျဘဲ နေနိင်ပါ့မလား။ နေနိင်မည် မထင်ပေ။ ထို့နောက်တွင်တော့ စိတ်ချမ်းမြေ့ ပျော်ရွှင်မှုတို့ဖြင့် ကျနော်တို့ အိမ်လေး ဆူညံ နေပေတော့မည်။ တူတွေ တူမတွေကတော့ ကျနော့ကို ဝိုင်းဝိုင်းလည် ပါတ်ခါ အုံနေကြမည်။ အို…. အတွေးနှင့်ပင် ကျနော် ကြည်နူးလွန်းလှပြီ။

မိသားစုရှိနေသော အိမ်ကလေးကို နီးလာလေ ကျနော် ရင်ပိုခုန်ရလေ ဖြစ်သည်။ တကယ်ဆို ဒီအိမ်လေးသည် ကျနော် တခါမှ မရောက်ဖူးသေးသော အိမ်သစ် ဖြစ်သည်။ မိသားစုထံမှ ပို့ပေးထားသော အိမ်တက် မင်္ဂလာမှတ်တမ်း ဗီဒီယိုအခွေနှင့် ဓါတ်ပုံတွေအရ ကျနော် ရင်းနှီးနေပြီးသား အိမ်လေးဖြစ်သည်။ ကျနော် ရှိစဉ်ကနေခဲ့သော အိမ်နှင့် ယခုအိမ်သစ်သည် သိပ်မဝေးကွာသဖြင့် ကျနော် တန်းတန်းမတ်မတ် လာနိင်ခြင်းဖြစ်သည်။

ပေ ၄၀ x ၆၀ မြေကွက်နှင့် တထပ်တိုက်လေးသည် ဖေဖေနှင့် မေမေရဲ့ ချမ်းမြေ့ရိပ်မြံုလေး ဖြစ်သလို ကျနော့ရဲ့ ချွေးစက်များဖြင့် တည်ဆောက်ထားသော အိမ်လေးလည်း ဖြစ်သည်။ ကျနော့ ဘဝတွင် စိတ်ချမ်းမြေ့ဆုံး အဖြစ်အပျက်တခုကို ပြပါဆိုလျင် မိဘ နှစ်ပါးကို အိမ်ပိုင်လေး ဝယ်ပေးနိင်ခဲ့ခြင်းသာ ဖြစ်သည်။ ငယ်စဉ်ဘဝထဲက အိမ်ငှားဘဝဖြင့် ဟိုပြောင်းဒီရွေ့ လုပ်ခဲ့သော ဘဝက ကျွတ်လွတ်ခဲ့ပြီ။ တနှစ်စာ စာချုပ် ပြည့်ခါနီးတိုင်း ပူပန်သောက ရောက်ခဲ့ရသော မိဘနှစ်ပါးလည်း ယခုဆိုလျင် မနက်ခင်းတိုင်းကို ယုံကြည်မှု အပြည့်ဖြင့် စိတ်ချမ်းမြေ့စွာ နိုးထ နိင်ခဲ့ပြီ။

အိမ်သစ်လေးနှင့် ပါတ်သတ်လျှင် အဖြစ်အပျက်တိုင်းသည် စိတ်လှုပ်ရှား တက်ကြွဖွယ်ရာသာ ဖြစ်သည်။ မေမေတို့ကို အိမ်ဝယ်ပေးမယ်လို့ စပြီး ဆုံးဖြတ်လိုက်ထဲက ကျနော့် ခွန်အားတွေ ပြည့်လာခဲ့သည်။ ဖုန်းဆက်ပြီး မေမေတို့ကို သင့်တော်မယ့် အိမ်သစ်တလုံး ရှာဖို့ပြောတဲ့နေ့ကိုလည်း ကျနော် မမေ့နိင်သေးပေ။ ကျနော့ အသံကို စပီကာ ဖွင့်ထားသဖြင့် တမိသားစုလုံး ကြားရချိန် မိသားစုအားလုံးရဲ့ တက်ကြွ ပျော်ရွှင်သွားသံသည် ကျနော့ကို ပိုပြီး ခွန်အားတွေ ပြည့်လာစေသည်။ မိသားစုရဲ့ ကံကြမ္မာလို့ပင် ပြောရမည် ။ အနီးအနားတွင် ဆောက်ပြီးကာစ လူမနေသေးသော သဘောင်္သား တဦးပိုင်တဲ့ တထပ်တိုက်လေးကို တွေ့ကြောင်း ဈေးနှုန်း အနေအထားလည်း သင့်တော်ကြောင်း အကြောင်းပြန်လာပြီးတဲ့ နောက်တွင်တော့ ကျနော်တို့ မိသားစု ပိုပြီး တက်ကြွ ကုန်ကြသည်။

ရေတွင်းလေးလည်းပါတယ် ကြည်နေတာပဲ သားရေ ကောင်းလိုက်တာ

အိမ်အနောက်ဘက်ကိုတော့ မြေလေးနည်းနည်း ဖို့ရမယ်

ဘေးဘက် ခြံစည်းရိုးကိုတော့ နောက်မှပဲ အုတ်တံတိုင်းလေး ခတ်မယ်သားရေ အခု လောလောဆယ် ငွေပို မကုန်တာ ကောင်းတယ်လေ

အဝီစိ တွင်း တတွင်းတော့ တူးမှဖြစ်မယ် ဒီမိသားစုနဲ့က ရေတွင်းရေဆို လောက်မယ် မထင်ဘူး

သားဖေဖေ သူငယ်ချင်းက အုတ်တွေ ပြန်ရောင်းဖို့ ရှိတယ်တဲ့ ဈေးသက်သာတယ် ဝယ်ထားနိင်ရင် ကောင်းမယ် နောက်ဆိုလည်း လိုလာမှာပဲလေ

မောင်လေးရေ ငါတို့ အိမ်အတွင်းနဲ့ အပြင်ကို ဆေး ဘာအရောင် သုတ်ရမလဲ မောင်လေး ကြိုက်တဲ့ အရောင်သုတ်ပေးမယ်

ပိုင်ပိုင်ရေ အခုခြံထဲမှာ မချစ်စု သရက်ပင်လည်း ပါတယ်ဟ နင်ပြန်လာရင် ငါတို့တွေ ငံပြာရည်နဲ့ သရက်သီး တို့စား ကြမယ်လေ

ထိုရက်ပိုင်းတွင် ပြောဖြစ်သော စကားတိုင်းသည် အိမ်သစ်လေး အကြောင်းသာဖြစ်နေသည်။ အိမ် အရောင်းအဝယ် စာချုပ်မှာ သားနာမည်နဲ့ ချုပ်ပေးမယ်နော် ဆိုပြီး မေမေပြောတော့ ကျနော် ငြင်းခဲ့သည်။

မေမေတို့ နာမည်နဲ့ပဲ ချုပ်ပါ၊ ဒါက သား … မေမေတို့ကို ဝယ်ပေးတာလေ သား …မမက်ပါဘူး မေမေရ မိသားစုတွေ စုစုစည်းစည်း ရှိနေရင် သား … ကျေနပ်ပါပြီ

အမှန်တကယ်လည်း ကျနော့တွင် မက်မောစိတ် တစိုးတစေ့မျှ မရှိပြီ။ မိဘတွေ မသေခင် အိမ်ပိုင်လေးနဲ့ နေသွားရတယ် ဆိုသော ခံစားချက် ၊ ပီတိကိုသာ ကျနော် ပေးချင်နေခဲ့သည်။ ငွေအပြီးချေပြီး အရောင်းအဝယ် စာချုပ် ချုပ်သောနေ့ က မေမေ အိမ်ပြန်ရောက်တော့ ငိုသည်တဲ့။ စာချုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော မေမေ့လက်တို့ တုန်နေသည်တဲ့လေ။ အိုးပိုင်အိမ်ပိုင် ဆိုသော စကားလုံးသည် အင်မတန် ရေရွတ်လို့ကောင်းသော စကားလုံး ဖြစ်မှန်း ကျနော်ပါ ခံစားလို့ ရနေခဲ့သည်။ ထို့နောက် အိမ်သစ်ကို ပြင်ဆင်ကြသည်။ ဆောက်ပြီးထဲက လူမနေသော အိမ်ဖြစ်သဖြင့် တအိမ်လုံးကို ရေဆေးကြသည် ။ တရော် ကင်မွန်းရည် တို့ဖြင့် ပက်ဖြန်းကြသည်။ တအိမ်သားလုံး မနားမနေ လုပ်ကြသည်။ ပင်ပမ်းမှုကား အလျဉ်း မရှိကြတဲ့။ အလုပ်ထဲတွင် ရောက်နေသော ကျနော်သည်လည်း တထောင့် တနေရာက ဝိုင်းကူ လုပ်ပေးချင်သော အတွေးတို့ အချိန်ပြည့် ဖြစ်ပေါ်နေသည်။ ဒါဟာ ကျနော်တို့ ပိုင်တဲ့ အိမ် မဟုတ်ပါလား။ အင်မတန် တက်ကြွဖို့ ကောင်းမှာပဲ။

ဖေဖေက အဝီစိရေတွင်း တူးသော အဖွဲ့ကို သွားခေါ်သည် ဆေးသုတ်တဲ့သူ လိုက်ရှာသည် တဲ့ ။ မေမေနှင့် အမတွေက တအိမ်လုံးကို ရှင်းလင်းကြ သည်တဲ့ ၊ ညီအငယ်ကောင်နှင့် ယောက်ဖဖြစ်သူက အိမ်ခေါင်မိုးပေါ် တက်ပြီး သစ်ရွက်တွေကို ရှင်းကြသည်တဲ့ ။ ကလေးတွေ ဖြစ်ကြသော တူတွေ၊ တူမတွေပင် နိင်သလောက် လုပ်နေကြသည်။ အိမ်သာကို ရေးဆေးကြသည် ။ မီးဖိုခန်းက ကျောက်ပြားတွေကို တိုက်ချွတ် ဆေးကြော ကြသည်။ မည်သူမျှ မောပမ်းမည် မဟုတ်မှန်း တွေးကြည့်ရုံဖြင့်ပင် သိသာနိင်သည်။

ရေချိုးခန်း အိမ်သာကလည်း အကျယ်ကြီးပဲ ကလေးတွေက ရေချိုး ဇလုံကြီးကို သဘောတွေ ကျနေကြတယ်

ထိုကဲ့သို့ သဘောကျသော စကားလုံးများ ကြားရလေ ကျွန်တော် မမောနိင် မပမ်းနိင် ဖြစ်ကြရသည်။ ထိုရက်ပိုင်းတွင် ညတိုင်းနီးနီး ကျနော် ဖုန်းဆက်ဖြစ်သည်။ အိမ်သစ်လေးကို သဘောကျသံ ၊ သိပ်ကောင်းတာပဲ ဆိုတဲ့ ချီးကျူးသံကို ကြားချင်စိတ်ကြောင့် ဖြစ်သည်။ ထိုအသံများသည် ကျနော့အတွက် နောက်တနေ့စာ အားအင်တွေပဲ ဖြစ်သည်။ ကျနော့တွင် အခက်အခဲ ရှိတိုင်း ၊ ဒီလအတွက် အိမ်ကို ငွေမပို့နိင်တိုင်း ဖုန်းဆက်ချင် စိတ်ကို မြိုသိပ်ခဲ့ရသည်။ ဖုန်းမဆက်ဘဲ နေနိင်လိုက်တာ သားရယ်ဆိုသော မေမေ့ရဲ့ ရေရွတ်သံကို ကျွန်တော် ဥပေက္ခာ ပြုထားခဲ့ရသည်။ ဖုန်းမဆက်ဘဲ နေနိင်အောင် နေရတဲ့ သားရဲ့ အခက်အခဲကို မေမေတို့ သိမှာမှ မဟုတ်တာ လို့ပဲ စိတ်ထဲမှာ တိုးတိုးလေး ပြန်ဖြေခဲ့ဖူးသည်။ မိသားစုကို ကျနော်ပေးချင်သည်မှာ အောင်မြင်သော အကြောင်းအရာနှင့် ပျော်ရွှင်ဖွယ်ရာ အဖြစ်အပျက် တို့သာ ရှိသည်။

အခုလို တက်ကြွဖွယ် နေ့ရက်များတွင်တော့ ကျွန်တော် ညတိုင်း ဖုန်းဆက်ဖြစ်သည်။ ရရှိနေသော ပျော်ရွှင် တက်ကြွခြင်းတို့ကို အချိန်တွေ ကြာနိင်သမျှ ကြာအောင် ဆွဲဆန့် ပေးထားချင်သည်။ မိသားစုအနေနဲ့ လတ်ဆတ်တဲ့ လေတွေရှူပြီး တက်ကြွတဲ့အတွေး တွေတွေးနိင်ဖို့ ဖုန်မှုန့်တွေပါတဲ့ လေကို ကျနော့ နေ့တိုင်းရှူခဲ့ရတာ၊ အောက်ကျ ဆက်ဆံခံ ခဲ့ရတာကိုတော့ ကျွန်တော် ဘယ်တော့မှ ပြောပြဖြစ်မည် မဟုတ်ပေ။ မသန့်ရှင်းသော လေကြောင့် ကျနော့ရဲ့ နှလုံးနှင့် အဆုပ် တို့ အရင်လို လတ်လတ်ဆတ်ဆတ် မရှိတော့တာ ကျွန်တော် သိနေခဲ့ပြီ။ အလွယ်တကူ မောပန်းနေတတ်ခဲ့ပြီ။ လဲခဲ့ရသော အရာတွေကို ထိုက်တန်သည် ဟုပင် ကျနော်ကတော့ သတ်မှတ်ထားခဲ့သည်။ မိသားစုအားလုံး ပျော်ရွှင်နိင်အောင် စွမ်းဆောင်နိင်ခဲ့သည်။ ထိုအကြောင်းသည် ဘဝရဲ့ နောက်ဆုံးအချိန်ထိ တွေးလျှင်တောင် ပျော်ရွှင်ကြည်နူးဖွယ်ရာ ဖြစ်မှာ သေချာနေခဲ့ပြီ။

ကျနော် ခြံရှေ့ရောက်လာတော့ သေချာအောင် နောက်တခေါက် ကြည့်လိုက်သည်။ ဒီအနီးအနား ဝန်းကျင်တွင် တထပ် တိုက်ပုလေးသည် ဒီအိမ် တလုံးပဲ ရှိနေခဲ့သည်။ ဗီဒီယိုထဲက ပုံနှင့်လည်း တပုံစံထဲ ဖြစ်သည်။ သေချာပါတယ်။ ဒါဟာ ကျနော်တို့ မိသားစုရဲ့ အိမ်ပါပဲ။ ခြံဝင်း သံဘန်းတံခါးကို တွန်းဖွင့်ရင်း ဒီသံဘန်းတံခါးက နောက်ဆုံးမှ တပ်ဖြစ်တဲ့ အစိတ်အပိုင်း ဖြစ်ကြောင်း သတိရ သွားသည်။ နေပါအုံး အဲဒီတုန်းက ဘာတွေ ထပ်ဝယ်တာပါလိမ့် ၊ အော် သတိရပြီ ၊ အဲဒီလက ၂၉ လက်မ တီဗွီရယ် ၊ ဆိုဖာတွေရယ် ဒီသံဘန်းတံခါးရယ် အတွက် ငွေပို့ပေးလိုက်တာပဲ။ ဟားးးးး ….ဆိုဖာပေါ်ထိုင်ပြီး ဖေဖေနဲ့ အတူ ဘော်လုံးပွဲ ကြည့်ရတော့မည်။ အရင်ကလို ဘော်လုံးပွဲကြည့်ရင်း အငြင်းအခုန်လေးတွေ ပြန်လုပ်ရတော့မည်။

ခြံတံခါးကို တွန်းဖွင့်ဝင်လာရင်း အိမ်ရှေ့ ခြံဝင်းထဲကို ကြည့်မိသည်။ ပန်းအိုးတွေကတော့ ဗွီဒီယိုထဲကထက် ပိုများနေသည်။ အင်းလေ မေမေက ပန်းပင်စိုက် ဝါသနာပါတာပဲ ပန်းအိုတွေ များလာတာ မဆန်းပါဘူးလေ။ လရောင်အောက်တွင် ဂမုန်းပင်ရဲ့ အရွက်တို့ လက်ဖြာနေသည်။ ဘယ်ဘက်တွင် အုတ်ဖြင့် အခိုင်အမာ ဆောက်ထားသော ရေစင် ကို မြင်ရသည်။ ဒီရေစင် ထပ်ဆောက်ချင်တယ် ဆိုလို့ အုတ်တွေ ထပ်ဝယ်ရတာ မှတ်မိနေသည်။ အင်းလေ တခါလောက် အကုန်ခံ လိုက်တော့ တသက်လုံး စိတ်အေးရပြီပေါ့။

တအိမ်လုံးလည်း တိတ်ဆိတ်နေသည်။ တကယ်ဆို ကျနော် ရောက်လာတာ တော်တော် နောက်ကျနေပြီပဲ၊ အားလုံး အိပ်ပျော် နေလောက်ပြီပေါ့။ အခုချိန်မှာ အိမ်ကိုသာ ရောက်လာခဲ့သည် ၊ တလမ်းလုံး အခက်အခဲတွေ တပုံတပင် ဖြတ်ကျော် လာခဲ့ရသည်။ ထို့ကြောင့် ထင်ထားသည်ထက် ပိုပြီးနောက်ကျမှ ရောက်လာခဲ့သည်။ အင်း… ဒါလည်း ကောင်းတာပဲ ဧည့်ခန်းက ဆိုဖာပေါ်မှာပဲ အိပ်လိုက်တော့မည် ။ မနက် မိုးလင်းလင်းချင်း ဧည့်ခန်းတွင် မိန့်မိန့်ကြီး ထိုင်နေသော ကျွန်တော့်ကိုမြင်လျှင် တမိသားစုလုံး ပိုပြီးအံ့ဩ ပျော်ရွှင်ကြမည်။ သူတို့ အိပ်မက် မက်နေသလား ကိုယ့်ကိုကိုယ် ပြန်စစ်ကြမည်။ ထိုမြင်ကွင်းများကို ကြည့်ပြီး ကျနော် အားရပါးရ ရယ်မောရမည်။ ကျနော် စိတ်လွတ်လက်လွတ် မရယ်မောဖြစ်တာ ကြာပြီ။

ညအိပ် မီးထွန်းထားသော ဧည့်ခန်းသည် တိတ်ဆိတ် အေးစက်နေသည်။ ခေါင်းရင်း မှန်ပြတင်းမှ တဆင့် ဝင်လာသော လရောင်ကြောင့် မဟော်ဂနီရောင် လျှာထိုး ခင်းထားသော ဧည့်ခန်းသည် ပြောင်လက်နေသည်။ ထို့နောက် ဂ ငယ် ပုံစံဝိုင်းထားသော ဆိုဖာခုံများကို တွေ့ရသည် ။ ၂၉ လက်မ တီဗီကို ဇာပုဝါဖြင့် အုပ်ထားသည်။ တီဗွီ နံဘေးက ကြမ်းပြင်တွင် ကျနော် ပို့ထားပေးသော ဖုန်စုပ်စက် ကို မီးအား သွင်းထားသည်။ ပစ္စည်းပို့ခက ဖုန်စုပ်စက် နီးနီးဖြစ်နေတာ ပြန် သတိရမိသည်။ ပို့ခ ဘယ်လောက်ကုန်လည်း ဆိုတာတော့ အိမ်ကိုပြန် မပြောပြ ဖြစ်ခဲ့ပေ။

ဧည့်ခန်းရဲ့ ဘေးကပ်လျှက် အခန်းသည် မိဘ နှစ်ပါးရဲ့ အခန်းဖြစ်ကြောင်း စာထဲတွင် ဖတ်လိုက်ရသည်။ ဒါဆို ကျနော ်ချစ်သော ဖေဖေနှင့် မေမေ အိပ်နေပြီပေါ့။ အခု ဝင်နိုးလိုက်ရင် ကောင်းမလား တွေးလိုက်မိသည်။ မိသားစုကို တွေ့ချင်လှပြီ။ ခဏ စောင့်လိုက်တာပဲ ကောင်းပါတယ်လေ ။ မေမေတို့ အံဩထိတ်လန့် သွားအုံးမယ်။ ၅ နှစ်တောင် မတွေ့ဘဲ နေခဲ့ပြီးပြီပဲ။ နောက် ၄ ၊ ၅ နာရီဆို တွေ့ရပြီပဲလေ။ အောက်ဖေးခန်းနဲ့ မီးဖိုချောင်ကို တော့ မနက်မှပဲ သေသေချာချာ ကြည့်တော့မယ်။ ကျနော်လည်း ပင်ပမ်းလှပြီ ။ ခဏလောက်တော့ အိပ်စက် အနားယူလိုက်မည်။ မနက်ရောက်လျှင်တော့ ကျနော်တို့ မိသားစုရဲ့ အပျော်ရွှင်ဆုံးနေ့ ဖြစ်လာတော့မည်။ အခုတော့ အားလုံးရဲ့ ပျော်ရွှင်ခြင်းတွေကို ဖန်တီးပေးဖို့ ကျနော် စိတ်မရှည်စွာ စောင့်နေရတော့မည်။

ထို့နောက် ဧည့်ခန်း ဆိုဖာတွင် သွားအိပ်ဖို့ ခြေလှမ်းပြင်လိုက်ချိန်တွင် မေမေတို့ အခန်းရဲ့ တံခါး တဖြည်းဖြည်း ပွင့်လာသည်။ ပုန်းလိုက်ရင် ကောင်းမလား တွေးနေချိန်မှာပဲ အခန်းထဲမှ မေမေ ထွက်လာသည်။ ညမီးရောင် အောက်တွင်ရပ်နေသော ကျနော့ကို မေမေ မြင်တွေ့သွားခဲ့သည်။ မေမေ့ကို တွေ့ရတာ သား ကြည်နူးလိုက်တာ။ တော်သေးတယ် မေမေအများကြီး မပြောင်းလဲသေးဘူးနော်။ မေမေ ကတော့ ကျနော့ကို အံဩစွာ စူးစိုက် ကြည့်နေသည်။

မေမေ သားလေ မမှတ်မိဘူးလား အရင်ထက်တော့ ပိန်သွားတယ် မေမေရ သားသုံးနေကြ ရေမွှေးနံ့ကို မေမေ မှတ်မိလို့ ထွက်လာတာလား

ကျနော် ပြောလိုက်ပေမယ့် မေမေ ဘာမှ ပြန်မပြောဘဲ ကျွန်တော့်ကို စူးစိုက်ကြည့်ကာ နှုတ်ခမ်းတို့ တဆတ်ဆတ် ခါလာသည်။ ထို့နောက် မျက်ရည်တွေ စီးကျလာခဲ့သည်။ ကျနော် မျှော်လင့်ထားသလိုပင် ကျနော့ကို မြင်သဖြင့် မေမေ အံ့ဩ ဝမ်းသာ စိတ်ဖြင့် ငိုလေပြီ။

ကဲပါ မေမေရယ် မငိုနဲ့တော့နော် ကျနော် ပြန်ရောက်ပြီလေ၊ မနက်ဖြန် ထမင်းကြော်ရင် တယောက်စာ ပိုကြော်ပေးနော် ကျနော် မေမေကြော်တဲ့ ထမင်းကြော်ကို စားချင်လှပြီ

အဲ … မေမေ တခုခုပြောလေ သားကို မမှတ်မိလို့လား မေမေ့ အချစ်ဆုံး သားဆို

မျက်ရည်တွေ စီးကျနေသော မေ့မေ့ရဲ့ နှုတ်ခမ်းတို့ တဖြေးဖြေး ပွင့်ဟလာသည်။ ထို့နောက် ကျနော့ကို တခုခု ပြောဖို့ အားယူလိုက်သည်။ ထိုအချိန်မှာ ကျနော့ရဲ့ စိတ်ထဲတွင် မေမေ ဘာပြောတော့မည်ကို သိလိုက်သလို ဖြစ်သွားသည်။ ထိုအသိဖြင့် ကျနော့ကိုယ် ကျနော် ငုံ့ကြည့်ဖြစ်သည်။

အိုးးးးးးး

ကျနော် သဘောပေါက် သွားခဲ့ပြီ ။ ဆို့နစ်သော ခံစားချက်ဖြင့် ဧည့်ခန်းကြမ်းပြင်တွင် ဒူးထောက် ကျသွားသည်။

မပြောပါနဲ့ မေမေရယ် ကျနော် ခဏလောက် နေပါရစေအုံး

မျက်ရည်များ စီးကျနေသော မေမေသည် ဆို့နစ် ကွဲရှသော အသံဖြင့် ကျနော့အတွက် စကားသံ ထွက်လာသည်။

သားလေးရေ… အမျှ… အမျှ…… အမျှ

မေမေရဲ့ အမျှဝေသံ အဆုံးတွင် ကျနော့ ဝိညာဉ် ကမ္ဘာအပြင်ဘက် အထိ ဝေးလွင့် သွားရတော့သည်။ ဒီ မိသားစုဖြင့်တော့ ဘယ်သောအခါမှ ပြန်ဆုံနိင်မည် မဟုတ်တော့ချေ။

…………………………………………………………………………………………………………………….။

………………………………………………………… ။ ………………………………………………………..

မြစ်ကျိုးအင်း ( www.myitkyoeinn.com )

LEAVE A REPLY

Please enter your comment!
Please enter your name here