မြစ်ဆုံ ရေကာတာ စီမံကိန်း ရုံးအား ဗုံးခွဲ တိုက်ခိုက်ခံရ

alt

ကချင်ပြည်နယ် ဧရာဝတီ မြစ်ဖျား မြစ်ဆုံဒေသ တွင် တရုတ်နိုင်ငံမှ စီပီအိုင်(CPI) ကုမ္ပဏီ နှင့် အေရှား ဝေါလ် (Asia World) ကုမ္ပဏီတို့

ရေကာတာ တည်ဆောက်ရေး လုပ်ငန်းခွင် စီမံကိန်း ကုမ္ပဏီရုံးအား ဧပြီလ(၁၈)ရက်နေ့ အစောပိုင်း မြန်မာ စံတော်ချိန် နံနက် ၄နာရီ ၄၅မိနစ်တွင် ဗုံးထောင် တိုက်ခိုက်ရာ ဗုံး ၄လုံး အနည်းဆုံး ဆက်တိုက် ပေါက်ကွဲခဲ့ပြီး ရုံးအဆောက်အဦးနှင့် ကုမ္ပဏီပိုင် မော်တော်ယာဉ် အချို့ ပျက်စီးကာ ဒေသခံများ သေဆုံး ထိခိုက်သူများ ရှိသည်ဟု သိရှိ ရသည်။

ထိုသို့ဗုံးများ ဆက်တိုက် ပေါက်ကွဲရာ ယခု တပတ်အတွင်း မြန်မာပြည်၌ ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ် သည်ဟု သိရှိရ သည်။ ဧရာဝတီမြစ် ဆုံရာ မေခနှင့် မလိခ ဒေသတွင် ဒေသခံများ ကန့်ကွက်နေသည့် ကြား မှ စစ်အစိုးရ အကူအညီဖြင့် ကျိန်ခရမ် ကျေးရွာအနီး စီမံကိန်းရှိရာ လုံဂါဇွပ်ဆိုသော အရပ်၌ အခြေ စိုက်ပြီး China Power Investment Corporation (CPI) တရုတ် ကုမ္ပဏီနှင့် ပူးပေါင်းကာ ထိုရေအား လျှပ်စစ် စီမံကိန်းအား မြန်မာဖက်မှ တာဝန်ယူ ဆောက်လုပ်နေသော အေရှားဝေါလ် ကုမ္ပဏီ ရုံး အဆောက်အဦး၌ ဖြစ်ပွားခြင်းဟု သိရှိရသည်။

ထိုနေရာမှာ မြစ်ဆုံ ရေကာတာ တည်ဆောက်မည့် တန်ဖရဲ ကျေးရွာ အောက်ဖက် ၆ မိုင်အကွာတွင် လုံဂါဇွပ် အရပ် ဖြစ်သည် ဟု သိရှိရသည်။ ပေါက်ကွဲရာ နေရာမှာ အေရှားဝေါလ် ကုမ္ပဏီ ၂ထပ်ရုံး မျက်နှာစာတွင် ဖြစ်သည်။ အခင်း ဖြစ်ပွားမှုတွင် ထိခိုက်ဒဏ်ရာ ၁၂ ဦးရရှိကာ ၄ ဦး သေဆုံးခဲ့ရသည်။ မတူကွဲပြားသော နေရာ ၄ခုတွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွား ခဲ့ပြီး အေရှားဝေါလ် ကုမ္ပဏီ ပိုင် ထရပ်ကား၊ မြေထိုး ဘူဒိုဇာကားတို့ပါ တိုက်ခိုက်ခံရခြင်း ဖြစ်သည်၊ ယခုအခါ တရုတ်ပိုင် စီပီအိုင် ကုမ္ပဏီ ဝန်ထမ်း ၃၀၀ ကျော်အား ထိုနေရာမှ ဘတ်(စ်)ကား ၄စင်းဖြင့် ရွှေ့ပြောင်းလျှက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ ထို့အပြင် ရေကာ တည်ဆောက်ရေး လုပ်ငန်းခွင်တွင် လာရောက် အလုပ် လုပ်ကိုင်နေသော တရုတ် နိုင်ငံသား အများအပြား ကိုလည်း မြစ်ကြီးနား မြို့ဘက်သို့ ပြောင်းရွှေ့နေကြောင်း သိရှိရသည်။

မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းကို Asia World ကုမ္ပဏီနှင့် တရုတ်နိုင်ငံက China Power Investment Corporation (CPI) တို့က အကျိုးတူ ပူးပေါင်း တည်ဆောက် နေပြီး ရရှိသော လှျှပ်စစ်ဓါတ်အား တရုတ်နိုင်ငံအား တင်ပို့ ရောင်းချမည် ဖြစ်သည်။ ယင်း စီမံကိန်းနှင့် ပတ်သက်ပြီး စောင့်ကြည့် လေ့လာနေသော အဖွဲ့စည်းများက ထို ရေ ကာတာ စီမံကိန်းကြောင့် ကျေးရွာတွေ၊ လယ်ယာနဲ့ ဥယျာဉ်ခြံမြေတွေ ရေလွှမ်းမိုးမည် ဖြစ်သလို ရိုးရာ ယဉ်ကျေးမှု အမွေ အနှစ်များ ပျက်ဆီးကာ အနည်းဆုံး ကျေးရွာ ၆၀ ကျော် နှင့် လူ ၃ သောင်းလောက် အဓ္ဓမ ပြောင်းရွှေ့ ရနိုင်မှုကြောင့် ကန့်ကွက်မှုများ ရှိနေကြောင်း သိရှိရသည်။

ထို စီမံကိန်းအား အပြင်းအထန် ကန့်ကွက်နေသော ကချင်ကျောင်းသား မြေအောက် လှုပ်ရှားမှု အဖွဲ့ All Kachin Students’ Union (AKSU) ခေါင်းဆောင် နော်အွန့်မှ ကချင် သတင်းဋ္ဌာနသို့ ပြောဆိုရာတွင် သူတို့အဖွဲ့၏ လှုပ်ရှားမှု များတွင် အကြမ်းဖက် လှုပ်ရှားမှု လုပ်ရပ် လုံးဝ အစီစဉ် မရှိပါဟု ငြင်းဆို သွားခဲ့သည်။ စစ်အစိုးရနှင့် ဒေသခံ ငြိမ်း အဖွဲ့ ကေအိုင်အိုတို့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်ရေး မဝင်ရေး ကိစ္စရပ်များ ပဋိပက္ခများ ရှုပ်ထွေးနေချိန်တွင် ယခုကဲ့သို့ ဗုံး ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခြင်းကြောင့် ဒေသခံ တိုင်းရင်းသားတို့မှာ ပိုမို ရတက်မအေး ဖြစ်ကြရသည်ဟု မြစ်ကြီးနား မြို့မရပ်မှ ကုန်သည်တဦးက လူထုအသံသို့ ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here